Healthy Life Ad
Life Style

ဆီးချိုရောဂါရှိသူနှင့် ခရီးရှည်သွားခြင်း

ပါမောက္ခဒေါက်တာဦးကိုကို (ဆီးချိုနှင့် အထွေထွေရောဂါအထူးကု)နှင့် တွေ့ဆုံဆွေးနွေးခြင်း

မေး. ဆီးချိုရောဂါရှိသူတွေအနေနဲ့ ခရီးရှည်သွားလို့ ရပါသလား ဆရာ။

ဖြေ. ဆီးချိုရောဂါရှိနေသူတွေအနေနဲ့ ခရီးရှည်သွားလို့ရပါတယ်။ ဆီးချိုရောဂါရှိသူတွေက ခရီးသွားတော့မယ်ဆိုရင် ကိုယ်ရဲ့ ဆီးချိုထိန်းချုပ်မှု (Control) ကောင်း၊ မကောင်း သတိထားဖို့လိုပါတယ်။ ဆီးချိုထိန်းချုပ်မှု မကောင်းတဲ့အချိန်မှာတော့ သွားလို့မကောင်းပါဘူး။ ဆီးချိုထိန်းနိုင်စွမ်း ကောင်းတဲ့အချိန်မှာတော့ သွားလို့ရပါတယ်။

မေး. ဆီးချိုရောဂါရှိသူတွေ ခရီးသွားတဲ့အခါ ဆေးဝါးတွေကို ဘယ်လို ဆောင်ယူသွားသင့်ပါသလဲ ဆရာ။

ဖြေ. ဆီးချိုသမားတွေ ခရီးသွားတဲ့အခါမှာ ကိုယ်လိုအပ်တဲ့ဆေးတွေကို အလုံအလောက်ယူသွားဖို့လည်း အရေးကြီးပါတယ်။ ဆေးဝါးတွေကို အတိအကျ ယူသွားတာမျိုးမလုပ်သင့်ပါဘူး။ ခရီးရှည် သုံးလလောက် သွားဖို့ရှိတယ်ဆိုရင် ဆေးတွေကို ငါးလစာလောက် ယူသွားဖို့လိုအပ်ပါတယ်။ တစ်ခါတလေမှာ ဆီးချိုအတက်အကျတွေကြောင့် ပိုသောက်ရတာမျိုးတွေ လုပ်ရပါတယ်။ အဲဒီအခါတွေမှာ လုံလောက်ဖို့အတွက် ပိုပြီးယူသွားဖို့လိုပါတယ်။ အထူးသဖြင့် အင်ဆူလင်ထိုးတဲ့သူတွေဆိုရင် သတိထားရပါမယ်။ အင်ဆူလင်ကို ရေခဲပုံးနဲ့ယူသွားရပါမယ်။ အလုံအလောက်လည်း ယူသွားဖို့လိုအပ်ပါတယ်။ နောက်ပိုင်းထိုးကြတဲ့ ဆေးတွေမှာတော့ ပမ်တွေရှိပါတယ်။ အဲဒါတွေကတော့ ရေခဲပုံးနဲ့ ယူစရာမလိုပါဘူး။

မေး. ဆီးချိုရောဂါရှိသူတွေ ခရီးသွားလာတဲ့အခါ အစားအသောက်ကြောင့် ဘယ်လို ပြဿနာတွေ ကြုံတွေ့ရတတ်ပါသလဲ ဆရာ။

ဖြေ. ဆီးချိုရှိသူတစ်ဦး ခရီးသွားနေပြီဆိုရင် ကိုယ့်အိမ်မဟုတ်တဲ့အတွက် အစားအသောက် မမှန်တာတွေဖြစ်တတ်ပါတယ်။ စားသောက်ရာမှာ ဆီးချိုတက်စေနိုင်တဲ့ အစားအသောက်တွေကို ရှောင်ဖို့လိုပါတယ်။ ဒါပေမဲ့ လုံးဝ မစားဘဲနဲ့လည်း နေလို့မဖြစ်ပါဘူး။ သွေးတွင်း သကြားဓာတ်ကျဆင်းမှု (Hypoglycaemia) ရတတ်ပါတယ်။

မေး. ဆီးချိုရောဂါရှိသူတွေအနေနဲ့ ခရီးသွားတဲ့အခါ အစားအသောက်ကြောင့် ပြဿနာမဖြစ်အောင် ဘယ်လိုအချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာ။

ဖြေ. ဆီးချိုသမားတစ်ယောက်က ခရီးသွားရင်း ဒေသစာတစ်ခုခု၊ မစားဖူးတာ တစ်ခုခုကို စားကြည့်ဖို့ လုပ်တဲ့အခါမှာ အရေးကြီးတာတွေကတော့ ဆီးချိုသမားက ကိုယ့်ဂဏန်း ကိုယ်သိနေဖို့တော့ လိုပါတယ်။ ကိုယ့်အတွက် ဆီးချိုတက်စေနိုင်လောက်တဲ့ အချိုတွေဆိုရင် ရှောင်ဖို့လိုပါတယ်။ အရမ်းမချိုဘူး ဆိုရင်တော့ စားလို့ရပါတယ်။ စားပြီးသွားပြီဆိုရင် ဆီးချိုတိုင်းတဲ့စက်နဲ့ စစ်ပေးဖို့လိုပါလိမ့်မယ်။ ဆီးချိုတက်နေတယ်ဆိုရင် ဆေးကိုနည်းနည်း ပိုသောက်ပေးရပါမယ်။ လုံးဝမစားရဘူးလို့တော့ မရှိပါဘူး။ ဒါတွေကတော့ အစားအသောက်အနေနဲ့ သတိထားရမှာတွေပါ။

ဆီးချိုသမားတွေက ခရီးသွားရင် အအေးမိတာ၊ နှာစေးတာ၊ ချောင်းဆိုးတာတွေ ဖြစ်တတ်ပါတယ်။ ဆီးချိုသမားတွေက များသောအားဖြင့် နေမကောင်းဖြစ်ပြီဆိုရင် မစားနိုင်တော့ပါဘူး။ အစာမအစားတဲ့ အတွက် လူနာက သူ့ဘာသာသူ ဆီးချိုဆေးကို ရပ်လိုက်ပါတယ်။ အဲဒါ တကယ်တန်းတော့ မှားပါတယ်။ ဘာလို့လဲဆိုရင် . . .

မေး. ဆီးချိုရောဂါရှိသူတွေ ခရီးသွားတဲ့အခါ ဘယ်လို ကျန်းမာရေးပြဿနာတွေကို ထပ်ပြီး သတိထားသင့်ပါသေးသလဲ ဆရာ။

ဖြေ. နောက်တစ်ချက်ကတော့ ဆီးချိုသမားတွေက ခရီးသွားရင် အအေးမိတာ၊ နှာစေးတာ၊ ချောင်းဆိုးတာတွေ ဖြစ်တတ်ပါတယ်။ ဆီးချိုသမားတွေက များသောအားဖြင့် နေမကောင်းဖြစ်ပြီဆိုရင် မစားနိုင်တော့ပါဘူး။ အစာမစားတဲ့အတွက် လူနာက သူ့ဘာသာသူ ဆီးချိုဆေးကို ရပ်လိုက်ပါတယ်။ အဲဒါ တကယ်တန်းတော့မှားပါတယ်။ ဘာလို့လဲဆိုရင် ဆီးချိုသမားတစ်ယောက်အနေနဲ့ ရောဂါပိုးတစ်ခုခု (Infection) ဝင်သွားပြီဆိုရင် Stress တွေဖြစ်လာတာကို တွေ့ရပါတယ်။ အဲဒီစိတ်ဖိစီးမှုတွေက ဆီးချိုကို ပိုတက်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုသမားတွေ ဖျားတိုင်းမှာ ဆီးချိုဆေးကို ဖြတ်လိုက်တယ်ဆိုတာတွေ မလုပ်သင့်ပါဘူး။ ဆီးချိုသမား ဖျားလို့ရှိရင် ဆီးချိုဆေးကို လုံးဝမဖြတ်ပစ်လိုက်ပါနဲ့။ ဆီးချိုကို ခဏခဏစစ်ပေးပါ။ လိုရင်လိုသလို ဆေးကိုတိုးတာ၊ လျှော့တာတွေလုပ်ပြီး သောက်ရပါမယ်။ ဆေးကို လုံးဝဖြတ်လိုက်ဖို့တော့ ဆရာတို့က အားမပေးပါဘူး။

မေး. ဆီးချိုရောဂါရှိသူတွေ ခရီးသွားတဲ့အခါ အဓိက ဆောင်ထားသင့်တဲ့ ဆေးတွေကို သိပါရစေ ဆရာ။

ဖြေ. ဆီးချိုသမား ခရီးရှည်ထွက်ပြီဆိုရင် လိုက်နာသင့်တဲ့ အချက်တွေရှိပါတယ်။

(၁) ဆီးချိုဆေးတွေ အလုံအလောက် ယူသွားဖို့ လိုပါတယ်။

(၂) နောက်ပြီး တခြားသွေးတိုးရောဂါတို့၊ တခြားရောဂါတို့ရှိနေရင် အဲဒီတခြားရောဂါအတွက် ဆေးတွေလည်း ဆောင်ထားဖို့လိုပါတယ်။

(၃) နောက်ပြီး ဆီးချိုသမားတွေက မူးတတ်ပါတယ်။ ဒါကြောင့် အမူးပျောက်ဆေးတွေလည်း ဆောင်သွားသင့်ပါတယ်။

(၄) တချို့အန်တတ်တဲ့ ဆီးချိုသမားတွေ လည်းရှိပါတယ်။ အန်တတ်တယ်ဆိုရင်လည်း အအန်ပျောက်တဲ့ဆေးတွေ ဆောင်သွားရပါမယ်။

(၅) ဆီးချိုသမားအတွက် အရေးအကြီးဆုံး ဆောင်ထားရမှာကတော့ ဆီးချိုတိုင်းကိရိယာလေးပဲဖြစ်ပါတယ်။ ဆီးချိုသမားက သွားရင်းလာရင်း စားရင်းသောက်ရင်းနဲ့ ဆီးချိုတက်လို့တက်နေမှန်း မသိတာ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆီးချိုတိုင်းစက်လေးကို ဆောင်ထားပြီး မကြာခဏ တိုင်းပေးသင့်ပါတယ်။

မေး. ဆီးချိုရောဂါရှိသူတွေ ခရီးသွားတဲ့အခါ ခြေထောက်သွေးကြောပိတ်တာမျိုး မဖြစ်အောင် ဘယ်လိုကာကွယ်သင့်ပါသလဲ ဆရာ။

ဖြေ. ခရီးသွားတဲ့ အချိန်ကြာတယ်ဆိုရင် ထိုင်နေရတာ ခြေထောက်ကို အောက်ချထားရတဲ့အတွက် ဆီးချိုသမားတွေမှာ သွေးပြန်ကြောပိတ်တာမျိုး ဖြစ်တတ်ပါတယ်။ ခြေထောက်သွေးပြန်ကြော ပိတ်တတ်ပါတယ်။ ခြေထောက်ကို အကြာကြီးချထားရတယ်ဆိုရင် လေ့ကျင့်ခန်းလေး လှုပ်လှုပ်ရှားရှားလေး လုပ်ပေးဖို့လိုအပ်ပါတယ်။ နိုင်ငံခြားသွားတယ်ဆိုရင် လေယာဉ်ပေါ်မှာ လေ့ကျင့်ခန်းလေးတွေ လုပ်ခိုင်းတာရှိပါတယ်။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာလည်း တခြားတော့ မဟုတ်ပါဘူး။ ထိုင်နေရင်းနဲ့ပဲ ခြေဖဝါးကို လှန်လိုက်၊ ကော့လိုက် လုပ်လုပ်ပေးခိုင်းတာပါ။

မေး. ဆီးချိုရောဂါရှိသူတွေ ခရီးသွားတဲ့အခါ ကျန်းမာရေးကောင်းမွန်နေအောင် ဘယ်လိုအချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာ။

ဖြေ. ဆီးချိုသမားက ဆီးချိုထိန်းချုပ်မှု (Control) ကောင်းနေရင် သာမန်လူလိုမျိုး သွားလာနေထိုင်နိုင်ပါတယ်။ လူတန်းစေ့နေနိုင်ပြီး လူဖြစ်ရှုံးတယ်ဆိုတာ မျိုးလုံးဝမရှိပါဘူး။ ဆီးချိုသမားတွေ ခရီးဝေးသွားတဲ့အခါမှာ ပျို့တယ်၊ အန်တယ်၊ အစားမစားနိုင်ဘူး ဆိုတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဆီးချိုကျဆေးကိုလည်း မှန်မှန် သောက်လိုက်တယ်ဆိုရင် ဆီးချိုက ကျသွားတာလည်း ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ဆီးချိုကို မကြာခဏစစ်ပေးနေဖို့ လိုပါတယ်။ တစ်ခုခု နေလို့ထိုင်လို့ မကောင်းတော့ဘူး၊ ပုံမှန်မဟုတ်ဘူးဆိုရင် ပိုပြီးတော့ သတိထားပြီး ခဏခဏ စစ်ပေးဖို့ လိုအပ်ပါတယ်။

အဲဒါမှ ဆီးချိုဆေးကိုလျှော့ပြီး သောက်ရမလား၊ တိုးသောက်ရမလားဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။ အစာကိုလည်း နည်းနည်းနဲ့ အချိန် များများစားပေးရပါမယ်။ တစ်ခါတလေမှာ ဆီးချိုသမားက အိမ်မှာ ဆီးချိုကိုထိန်းဖို့ အချိန်လေးတွေ ခြားထားပြီး အစာစားချိန်တွေကို သတ်မှတ်ထားပါတယ်။ ဆေးသောက်ချိန်နဲ့ အစာစားချိန်တွေကိုညှိပြီး အချိန်ကိုက်ထားတာရှိပါတယ်။ ခရီးသွားတဲ့ အခါမှာ ကိုယ့်ဆေးသောက်ချိန်မှာတော့ ဆေးက သောက်ထားလိုက်ပြီ။ အစားစားချိန် ရောက်ပေမယ့် ကားက ထမင်းစားရမယ့်နေရာကို မရောက်သေးဘူးဆိုရင် ဆီးချိုထိန်းထားတာတွေက မညီမျှတော့ဘဲ ဆီးချိုကျသွားတာတွေ ဖြစ်တတ်ပါတယ်။ အဲဒါကြောင့် ဆီးချိုသမားက အလွယ်စားနိုင်မယ့် သရေစာလေးတွေ ဆောင်ထားသင့်ပါတယ်။

မေး. ဆီးချိုရောဂါရှိသူတွေ ခရီးသွားတာနဲ့ပတ်သက်ပြီး အများပြည်သူကို ပညာပေးလိုတာရှိရင် သိပါရစေ ဆရာ။

ဖြေ. ပုံမှန်တိုင်းဆိုရင် ဆီးချိုသမားတွေက သာမန်လူတွေတိုင်း သွားလာနေနိုင်ပြီး ဘာပြဿနာမှမရှိပါဘူး။ ဒါပေမဲ့ လေယာဉ်နဲ့ အကြာကြီး ခရီးသွားရတဲ့ အခါမျိုးတွေမှာတော့ ခြေထောက်သွေးပြန်ကြော မပိတ်အောင် သတိထားပြီး လေ့ကျင့်ခန်းတွေ လုပ်ပေးဖို့လိုအပ်ပါတယ်။ နောက်ဆေးဝါးကို အလုံအလောက်ယူသွားပါ။ ဆီးချိုတိုင်းတဲ့ ကိရိယာကိုလည်း အမြဲယူသွားပါ။ လိုအပ်ရင် မကြာခဏ ဆီးချိုတိုင်းပေးပါ။ ဖျားနာတာတွေအတွက်လည်း လိုအပ်တဲ့ဆေးတွေ ကြိုတင်ယူသွားပေးပါ။ ဆီးချို အရမ်းကျသွားတာတွေ မဖြစ်အောင်လည်း အစာကို သတိထားပြီး စားပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top