Healthy Life Ad
Life Style

ကျွန်မခင်ပွန်းရဲ့ လက်တွေ . . .

စူး ( ဆေးဝါးတက္ကသိုလ် )
ကျွန်မခင်ပွန်းရဲ့လက်တွေက နူးညံ့ညင်သာတဲ့ လက်တွေမဟုတ်ပါဘူး။ သူ့ဘဝတစ်ခုလုံး ကြမ်းကြမ်းတမ်းတမ်း အလုပ်လုပ်ခဲ့ရတဲ့အတွက် သာမန်လက်တွေထက်တောင် ပိုကြမ်းရှနေပါသေးတယ်။ ဒါပေမဲ့ သူ့လက်တွေက ကျွန်မတို့မိသားစုအတွက် ဂုဏ်ကျက်သရေရှိလှတဲ့ လက်အစုံပါပဲ၊ ကြင်နာမှု အပြည့်ရှိတဲ့ နွေးထွေးတဲ့ လက်တစ်စုံလည်း ဖြစ် ပါတယ်။

ဟိုး . . လွန်ခဲ့တဲ့ ၃၅နှစ်တုန်းက ကျွန်မလက်ချောင်းတွေမှာ လက်ထပ်လက်စွပ်ဆင်မြန်းပေးခဲ့တဲ့ သူ့လက်တွေဟာ အခုတော့ဖြင့် ကျွန်မရဲ့ ကင်ဆာကုသမှုခရီးစဉ်မှာ ကျွန်မလက်တွေကို ဆုပ်ကိုင်ပြီး အားပေးခဲ့တဲ့ လက်အစုံ ဖြစ်လာခဲ့ပါတယ်။ ကျွန်မရဲ့ရင်သားကင်ဆာဆဲလ်တွေက ကျောရိုးမကြီးဆီ ပြန့်လာခဲ့လို့ အခုတော့ဖြင့် သူ့လက်တွေနဲ့ ကျွန်မကျောပြင်ကို ညင်ညင်သာသာ ဆေးကြောသန့်စင်ပေးပြီး တဘက်နဲ့ ခြောက်အောင် သုတ်ပေးနေခဲ့ရပြီ . .

ကျွန်မ နာကျင်တဲ့အခါကျတဲ့ မျက်ရည်တွေကို ညင်ညင်သာသာ စာနာဖေးမတဲ့ လက်တွေနဲ့ သုတ်ပေးခဲ့တဲ့ လက်အစုံဟာ သူ့လက်တွေပါပဲ . .။ အရင်တုန်းကတော့ သူ့လက်တွေက ကျွန်မတို့ ကလေးတွေရဲ့ နူးညံ့တဲ့ အသားအရေတွေကို ထိတွေ့ပွတ်သပ်ပေးခဲ့ပေမယ့် အခုတော့ ကျွန်မရဲ့ ဘီးတပ်ကုလားထိုင်ကို မြဲမြံစွာတွန်းပေးနေတဲ့ လက်တွေဖြစ်လာခဲ့ပါပြီ။

တစ်ခါတစ်ရံ ကျွန်မအတွက် စပျစ်သီး၊ ပန်း သီးတွေကို ဆေးကြောပြီး ကျွန်မကို ခွံ့ကျွေးတဲ့ လက်အစုံဟာလည်း သူ့လက်တွေပါပဲ . .။ ကျွန်မကို အချိန်မှန် ဆေးတိုက်တဲ့ လက်တွေကလည်း သူ့လက်တွေပဲလေ. .။ဟိုးလွန်ခဲ့တဲ့ ဆောင်းဦးကာလမှာ လက်ထပ်စာချုပ်မှာ ကျွန်မနဲ့ ရိုးမြေကျပေါင်းသင်းဖို့ လက်မှတ်ရေးထိုးခဲ့တဲ့ သူ့လက်အစုံဟာ အခုအခါ ကျွန်မကိုနှစ်သိမ့်ဖို့ နဖူးပြင်ကို ဖွဖွလေးပွတ်သပ်ပေးတဲ့ လက်တွေ ဖြစ်လာခဲ့ပါပြီ။

ကျွန်မစားချင်တဲ့ ပူတင်း၊ ကိတ်မုန့်တွေကို ကိုယ်တိုင်ပြုလုပ်ပေးတဲ့ လက်အစုံဟာ သူ့လက်တွေဖြစ်လာပြီး ကျွန်မအိပ်ပျော်နေစဉ် မြေးလေးတွေ ဆူတဲ့အခါ မြေးလေးတွေရဲ့ နှုတ်ခမ်းဖျားကို လိုက်ပိတ်တတ်တဲ့ လက်တွေကလည်း သူ့လက်တွေပါပဲ။တကယ်တော့လေ . . နှစ်ပေါင်းများစွာ ပျော်ရွှင်မှု၊ ပင်ပန်းမှု၊ ခက်ခဲမှု၊ စာနာမှု၊ ဝမ်းနည်းမှုပေါင်းများစွာနဲ့ ရုန်းကန်ဖြတ်သန်းလာခဲ့တဲ့ ဘဝခရီးလမ်းမှာ ကျွန်မခင်ပွန်းရဲ့ လက်တွေဟာ ကျွန်မရဲ့ လက်တွေ . . ကျွန်မအတွက် မှော်လက်အစုံပါပဲ . . ။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top