Healthy Life Ad
Men

အိမ်ထောင်ရှင်များ လိင်ကျန်းမာရေးအတွက် မသိမဖြစ် နည်းလမ်း ၇ သွယ်

၊ ငွေကြယ်စင်ယံ ၊

ခန္ဓာကိုယ်သန်စွမ်းကျန်းမာနေသူတွေမှာ စိတ်စွမ်းအားကြောင့် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးလည်း ကောင်းမွန်နေတတ်ပါတယ်။ ဒီလိုဖြစ်စေဖို့ အိမ်ထောင်ရှင်တို့ သိသင့်တဲ့ အရေးပါတဲ့ နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

(၁) ကောင်းမွန်တဲ့ အာဟာရဟာ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ ဟော်မုန်းအဆင့်ကောင်းမွန်မှု၊ တင်ပဆုံတစ်ဝိုက် သွေးစီးဆင်းအား ကောင်းတာနဲ့ နာ့ဗ်ကြောလုပ်ငန်းဆောင်တာတွေ ကောင်းမွန်တာတွေက လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ အချက်တွေပါ။ ဒီစနစ်တွေ ကောင်းကောင်းအလုပ်လုပ်နိုင်ဖို့ သင်စားသင့်တဲ့ အစာတွေက အခွံချွတ်မထားတဲ့ ကောက်နှံစာ၊ ပဲ၊ ကာဗိုဟိုက်ဒရိတ်အစာ၊ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်အမျိုးမျိုး၊ ပရိုတင်းအသင့်အတင့်၊ ဗီတာမင်နဲ့ သတ္တုဓာတ်များများပါတဲ့ အစားအသောက်စတာတွေပဲ ဖြစ်ကြပါတယ်။

(၂) အချဉ်ဓာတ်ပါတဲ့ သစ်သီးတွေဟာ ဗီတာမင်စီရရှိစေပါတယ်။ ဗီတာမင်စီဟာ သွေးကြောနံရံတွေ သန်စွမ်းကျန်းမာရေးအတွက် မရှိမဖြစ်အာဟာရဓာတ်တစ်မျိုပါ။ ကောက်နှံစာ၊ အဆီနည်းနို့နဲ့ နို့ထွက်ပစ္စည်း၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်၊ ကွေကာ စတာတွေက ရိုင်ဘိုဖလေဗင်ဓာတ်ကို ပေးနိုင်တာကြောင့် အမျိုးသမီးတွေရဲ့ မျိုးဆက်ပွားအင်္ဂါတွေကို အားကောင်းစေမယ့် အချွဲမြှေးတွေကို ထောက်ပံ့ပေးနိုင်ပါတယ်။

(၃) လိင်ပိုင်းဆိုင်ရာကျန်းမာရေးကောင်းဖို့အတွက် ပြည့်ဝဆီစားသုံးမှုကို လျှော့ချရပါမယ်။ ပြည့်ဝဆီကိုများများစားတာက သွေးတွင်းကိုလက်စထရောအဆင့်ကို မြင့်တက်စေနိုင်ပြီး နှလုံးကို ဝန်းရံထားတဲ့ သွေးကြောတွေမှာ သွေးခဲဖတ်ဖြစ်နှုန်းကို တိုးစေနိုင်ပါတယ်။ အဲဒီအဆီတွေက အမျိုးသားတွေရဲ့လိင်ကျန်းမာရေးကို အဓိကထိခိုက်စေနိုင်ပါတယ်။

(၄) ဗီတာမင်အီးနဲ့ လိင်ကျန်းမာရေးဆက်စပ်မှုကို တိကျတဲ့ အထောက်အထားမတွေ့ရဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ အခွံမာသီး၊ ထောပတ်၊ ဂျုံ၊ ကောင်းတဲ့အဆီ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်နဲ့ အစေ့အဆန်တွေလို အစားအစာတွေမှ ဗီတာမင်အီး သင့်တော်တဲ့ ပမာဏကိုရရှိတာကြောင့် လိင်ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကို သက်သာစေနိုင်တယ်လို့ လေ့လာသူအများစုက ယုံကြည်ကြပါတယ်။

(၅) သွပ်(ဇင့်)ဓာတ်ဟာ လိင်ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ အထောက်အထားတွေနဲ့ ဖော်ပြထားပါတယ်။ သွပ်ဓာတ်မလုံလောက်မှုဟာ ကလေးတွေမှာ လိင်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို ကြန့်ကြာစေပါတယ်။ သွပ်ဓာတ်ရရှိအောင် တိရစ္ဆာန်အသား၊ ပင်လယ်စာ၊ အသည်း၊ ကြက်၊ ဝက်၊ နို့၊ ဥအမျိုးမျိုး၊ အခွံချွတ်မထားတဲ့ ကောက်နှံစာတစ်ခုလုံး၊ အခွံမာသီး၊ ပဲသီးတွေကို စားပေးသင့်ပါတယ်။

(၆) အယ်လ်ကိုဟောနဲ့ နီကိုတင်းကိုလျှော့ချပါ။ အယ်လ်ကိုဟောကို များများမှီဝဲတာက အပြုအမူပိုင်းဆိုင်ရာ ထိခိုက်မှုကိုဖြစ်စေပြီး စိတ်ဓာတ်ကျစေနိုင်ပါတယ်။ အယ်လ်ကိုဟောရဲ့ အာနိသင်ဟာ အမျိုးသမီးဟော်မုန်း အီစထရိုဂျင်နဲ့ တူပါတယ်။ အလားတူ နီကိုတင်းပါတဲ့ ဆေးလိပ်ဟာ သွေးကြောတွေအတွက် ရန်သူပဲဖြစ်ပါတယ်။

(၇) ကိုယ်အလေးချိန်များတာက လိင်ဟော်မုန်းတွေရဲ့ လုပ်ငန်းဆောင်တာကို လျော့ကျစေပြီး လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါကြောင့် သင့်ကို ဝစေနိုင်တဲ့ အစားအသောက်တွေကို လျှော့စားပါ။ အစားအသောက်တွေကို လျှော့စားတာက ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပါတယ်။ ပုံမှန်ကိုယ်အလေးချိန်ရှိအောင် ဘယ်လိုထိန်းသိမ်းနေထိုင်ရမလဲဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ ဒီလို အစားအသောက်ကို ထိန်းချုပ်ပေးတဲ့အပြင် ပုံမှန် လေ့ကျင့်ခန်းလုပ်တာ၊ အလုံအလောက်အနားယူတာ၊ အကောင်းမြင်စိတ်ထားရှိတာ စတဲ့ အချက်တွေကလည်း လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေတဲ့အချက်တွေ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top