Healthy Life Ad
Child

ကျောင်းပျက်တဲ့ ကျောင်းသားလူငယ် (၂) ကျောင်းပြေးခြင်း

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

ကျောင်းပြေးတဲ့ အပြုအမူ (Trauncy)လို့ ခေါ်ဆိုနိုင်ဖို့အတွက် အောက်ပါအင်္ဂါရပ်တွေ ပါဝင်ပါတယ်။ ကျောင်းသားလူငယ်ဟာ စာသင်ခန်းမှဖြစ်စေ၊ ကျောင်းပရဝုဒ်အတွင်းမှဖြစ်စေ ခွင့်ပြုမှုမရရှိဘဲ မိမိ သဘောအလျောက် ထွက်ခွာသွားခြင်း၊ ကျောင်းမတက်ခြင်း။ အဲဒီလိုပြုလုပ်ဖို့အတွက် ကျောင်းဆရာ၊ ဆရာမရဲ့ ခွင့်ပြုချက်မရရှိခြင်းတို့ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ အသက် ၁၅နှစ်အထက် ကျောင်းသား လူငယ်တွေထဲမှာ ၁၀ ရာခိုင်နှုန်းကျော်ဟာ အနည်းဆုံး တစ်ပတ်မှာ တစ်ကြိမ် ကျောင်းပြေးတဲ့ အပြုအမူရှိပါတယ်။ မြန်မာနိုင်ငံမှာ ကျောင်းသားလူငယ် ၂၁ ဒသမ ၈ ရာခိုင်နှုန်းဟာ တစ်လအတွင်း တစ်ကြိမ် ဒါမှမဟုတ် တစ်ကြိမ်ထက်ပိုပြီး ခွင့်ပြုမှုမရရှိဘဲ ကျောင်းပြေးခြင်းရှိကြောင်း သိရပါတယ် . . .

အမေရိကန်နိုင်ငံမှာ အသက် ၁၅နှစ်အထက် ကျောင်းသားလူငယ်တွေထဲမှာ ၁၀ ရာခိုင်နှုန်းကျော်ဟာ အနည်းဆုံး တစ်ပတ်မှာတစ်ကြိမ် ကျောင်းပြေးတဲ့ အပြုအမူရှိပါတယ်။ အာဖရိကတိုက်နိုင်ငံတွေမှာ အထက်တန်းကျောင်းသား ၂၁ ရာခိုင်နှုန်းကျော်ဟာ တစ်လအတွင်း အနည်းဆုံး တစ်ကြိမ် ကျောင်းပြေးတတ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျောင်းသားလူငယ် ၂၁ ဒသမ ၈ ရာခိုင်နှုန်းဟာ တစ်လအတွင်း တစ်ကြိမ် ဒါမှမဟုတ် တစ်ကြိမ်ထက်ပိုပြီး ခွင့်ပြုမှုမရရှိဘဲ ကျောင်းပြေးခြင်းရှိကြောင်း သိရပါတယ်။ (ဒေါက်တာထွန်းအောင်၊ WHO၊ Myanmar Global School-based Student Health Survey, 2008)

ကျောင်းသားလူငယ် ဘာကြောင့် ကျောင်းပြေးသလဲ

ကျောင်းပြေးတဲ့ အပြုအမူ ဖြစ်ပွားစေနိုင်တဲ့ အကြောင်းရင်းကို အုပ်စုသုံးမျိုး ခွဲခြားနိုင်ပါတယ်။ မိသားစုအခြေအနေ၊ စာသင်ကျောင်း အခြေအနေ၊ ကျောင်းသားလူငယ်ရဲ့ အခြေအနေတွေ ဖြစ်ပါတယ်။

(က) မိသားစုအခြေအနေ
မိသားစုအတွင်းမှာ အောက်ဖော်ပြပါ အခြေအနေတွေရှိရင် ကျောင်းသားလူငယ် ကျောင်းပြေးနှုန်း ပိုမိုများပြားလာပါတယ်။ အဲဒါတွေကတော့ မိဘပညာအရည်အချင်းနိမ့်ကျခြင်း၊ ကျောင်းတက် ကျောင်းဆင်းချိန်တွင် မိသားစုအတွင်း၌ ကျောင်းသားလူငယ်ကို ကွပ်ကဲထိန်းချုပ်မှုမရှိခြင်း၊ မိခင် ဒါမှမဟုတ် ဖခင်တစ်ဦးတည်းနဲ့သာ နေထိုင်ရခြင်း၊ မိဘအုပ်ထိန်းသူက သားသမီးပညာရေးတွင် စိတ်ပါဝင်စားမှုနည်းခြင်း၊ မိသားစုအတွင်း မကြာခဏ ခိုက်ရန်ဖြစ်ပွားခြင်း၊ မိသားစုအတွင်း ညှင်းပန်းနှိပ်စက်မှုရှိခြင်း၊ မိဘအုပ်ထိန်းသူထဲတွင် အရက်စွဲ၊ မူးယစ်ဆေးစွဲဝေဒနာရှိခြင်းတို့ ဖြစ်ပါတယ်။ မိသားစုစီးပွားရေး အခက်အခဲရှိရင် ကျောင်းသားလူငယ်တွေဟာ တစ်ဖက်တစ်လမ်းက ဝင်ငွေရရှိအောင် မိဘကို ကူညီနေကြရပါတယ်။ ဒါကြောင့် ကျောင်းပျက်တဲ့ရက်တွေ များပြားလာနိုင်ပါတယ်။

(ခ) စာသင်ကျောင်းအခြေအနေ
စာသင်ကျောင်းပတ်ဝန်းကျင်မှာ အောက်ပါအခြေအနေတွေရှိရင် ကျောင်းသားလူငယ်ကျောင်းပြေး ဖို့အလားအလာ ပိုမိုများပြားလာနိုင်ပါတယ်။ အတန်းထဲမှာ ကျောင်းသားဦးရေ များပြားလွန်းရင် ကျောင်းဆရာ၊ ဆရာမတွေက ထိထိရောက်ရောက် ကြီးကြပ်နိုင်မှာမဟုတ်ပါဘူး။ ကျောင်းသားတစ်ဦးစီကို ကျောင်းဆရာ၊ ဆရာမက နေ့စဉ်နဲ့အမျှ ဂရုစိုက်ကြည့်ရှုနိုင်မှာ မဟုတ်ပါဘူး။ ကျောင်းသားလူငယ်ရဲ့စိတ်ထဲမှာ မိမိကို တန်ဖိုးမထားဘူး၊ မိမိကို မလိုလားဘူးလို့ ထင်မြင်ယူဆနိုင်ပါတယ်။ ကျောင်းသားလူငယ်နဲ့ ကျောင်းဆရာ၊ ဆရာမ ဆက်ဆံရေး မပြေလည်တာ၊ စည်းကမ်းကြီးလွန်းတဲ့ ကျောင်းဆရာ၊ ဆရာမရဲ့ ဒဏ်ကိုမခံချင်တဲ့ ကျောင်းသားလူငယ်ဟာ စာသင်ခန်းထဲကို ဝင်ရမှာကြောက်ပြီး ကျောင်းပြေးတဲ့အကျင့် ပေါ်ပေါက်လာနိုင်ပါတယ်။

ကျောင်းသားအချင်းချင်း အနိုင်ကျင့်တာကိုခံရတဲ့ ကျောင်းသားဟာ ကျောင်းတက်ရမှာကို ကြောက်လာတတ်ပါတယ်။ မိဘအုပ်ထိန်းသူကိုလည်း မပြောရဲတော့ အိမ်ကကျောင်းတက်ဖို့ ထွက်လာပေမယ့် ကျောင်းကို အရောက်မသွားဘူး၊ တစ်နေရာမှာ ခိုအောင်းပြီး အချိန်ဖြုန်းနေတတ်ပါတယ်။ ကျောင်းပျက်တဲ့ ကျောင်းသားကို အရေးယူတဲ့ မူဝါဒကျောင်းမှာမရှိရင် ကျောင်းသားလူငယ်ကျောင်းပြေးတာကို ကာကွယ်နိုင်မှာ မဟုတ်ဘူး။ ကျောင်းသားလူငယ် ကျောင်းပျက်တာနဲ့ မိဘအုပ်ထိန်းသူကို အသိပေး မေးမြန်းတဲ့စနစ်၊ ကျောင်းသားကို တွေ့ဆုံစစ်ဆေး အကြံပေးတဲ့စနစ်ရှိရင် ကျောင်းသားလူငယ် ကျောင်းပြေးနှုန်းကို လျော့နည်းစေပါတယ်။

(ဂ) ကျောင်းသားလူငယ်၏ အခြေအနေ
ကျောင်းသားလူငယ် ခံစားနေရတဲ့ စိတ်ဝေဒနာကြောင့် ကျောင်းပြေးတဲ့အကျင့် ပေါ်ပေါက်လာနိုင်ပါတယ်။ ကျောင်းသားလူငယ်တွေထဲမှာ ၇ ရာခိုင်နှုန်းခန့် စိတ်ဝေဒနာခံစားရပါတယ်။ ကျောင်းပြေးတဲ့ ကျောင်းသားတွေထဲမှာ ၂၅ရာခိုင်နှုန်းခန့်က စိတ်ဝေဒနာရှိကြောင်း တွေ့ရပါတယ်။ စိတ်ကျဝေဒနာ၊ စိတ်ဖိစီးမှုဝေဒနာ၊ ဆိုးသွမ်းတဲ့ အပြုအမူဝေဒနာ (Conduct Disorder) နဲ့ အရက်၊ မူးယစ်ဆေးသုံးစွဲတဲ့ အလေ့အထတွေ ဖြစ်ပါတယ်။ ကျောင်းပြေးတဲ့ ကျောင်းသားတွေထဲမှာ ၃၁ ရာခိုင်နှုန်းက အရက်သောက်တတ်ပါတယ်။ ၃၃ ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်တတ်ပါတယ်။ ၃၇ ရာခိုင်နှုန်းဟာ ဆေးခြောက်ရှူတဲ့အကျင့်ရှိတယ်လို့ ဆိုပါတယ်။

ပညာရေးနဲ့ ပတ်သက်ပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုနည်းပါးတဲ့ ကျောင်းသား၊ ဘဝရှေ့ရေးအတွက် ရည်မှန်းချက်မထားတဲ့ ကျောင်းသားနဲ့ ကျောင်းစာညံ့ဖျင်းတဲ့ ကျောင်းသားတွေထဲမှာ ကျောင်းပြေးနှုန်း ပိုမိုများပြားပါတယ်။ ဆိုးသွမ်းတဲ့ အပြုအမူဝေဒနာရှိတဲ့ သူငယ်ချင်း၊ ကျောင်းပြေးလေ့ရှိတဲ့ သူငယ်ချင်းတွေရဲ့ လွှမ်းမိုးမှုကြောင့် ကျောင်းပြေးတတ်တဲ့အကျင့် ရရှိလာနိုင်ပါတယ်။ အတုမြင် အတတ်သင်တာ ဖြစ်ပါတယ်။

ကျောင်းပြေးခြင်း၏ နောက်ဆက်တွဲ ဆိုးကျိုးများ

မကြာခဏ ကျောင်းပြေးတတ်တဲ့ ကျောင်းသားလူငယ်ရဲ့ ဘဝနောင်ရေးဟာ မချောမွေ့ပါဘူး။ ၄င်းတို့ တွေ့ကြုံရတဲ့ ဆိုးကျိုးတွေကတော့ ကျောင်းစာညံ့ဖျင်းပြီး စာမေးပွဲကျခြင်း၊ ကျောင်းထုတ်ခံရခြင်း တို့ဖြစ်ပါတယ်။ ေကျာင်းပြေးလေ့ရှိတဲ့ ကျောင်းသားလူငယ်တွေထဲမှာ အရွယ်မရောက်ခင် ကျောင်းထွက်ရတဲ့နှုန်းက ၂၀ ရာခိုင်နှုန်းမှ ၅၀ရာခိုင်နှုန်းအထိ ရှိပါတယ်။

ဆိုးသွမ်းလူငယ်ဘဝ ရောက်ရှိသွားခြင်း၊ အပေါင်းအသင်းမှားပြီး ရာဇဝတ်မှုအမျိုးမျိုး ကျူးလွန်တဲ့ အကျင့်ဆိုးတွေ ရရှိလာနိုင်ပါတယ်။ ကျောင်းပြေးတဲ့ အကျင့်ရှိတဲ့ ကျောင်းသားလူငယ်တွေ အရွယ်ရောက်လာတဲ့အခါ ၁၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ အကျဉ်းချခံရတဲ့ အတွေ့အကြုံရှိပါတယ်။ ကျောင်းပြေးတဲ့ ကျောင်းသားလူငယ်တွေထဲမှာ အရက်စွဲ၊ မူးယစ်ဆေးစွဲ ဝေဒနာဖြစ်နှုန်း များပြားမှုရှိပါတယ်။ ေကျာင်းပြေးတဲ့ ကျောင်းသူတွေထဲမှာ မရည်ရွယ်ဘဲ ကိုယ်ဝန်ရှိလာနှုန်း ပိုမိုများပြားတာ၊ ကျောင်းပြေးတဲ့ ကျောင်းသားလူငယ်တွေ အရွယ်ရောက်လာရင် အလုပ်လက်မဲ့ဖြစ်နှုန်း၊ စိတ်ရောဂါ ဖြစ်ပွားနှုန်းနဲ့ မိမိကိုယ်ကိုယ် သေကြောင်းကြံတဲ့နှုန်းတွေလည်း ပိုမိုများပြားလာပါတယ်။

ကျောင်းသားလူငယ် ကျောင်းပြေးအပြုအမူ လျော့နည်းစေရန်

ကျောင်းပြေးတဲ့ကျောင်းသားကို ပြုစုပျိုးထောင်ပေးဖို့အတွက် ကြီးတဲ့အမှုကို သေးငယ်စေ၊ ငယ်တဲ့အမှုကို ပပျောက်စေဆိုတဲ့ မူဝါဒ၊ ဒဏ်ပေးခြင်းထက် ဆုပေးခြင်းကို အားပေးတဲ့ မူဝါဒ၊ ကျောင်းပြေးတဲ့အကြောင်းရင်းတွေကို လေ့လာရှာဖွေပြီး လျော့နည်းအောင် ဆောင်ရွက်ပေးတဲ့ မူဝါဒ၊ ကျောင်းပြေးတဲ့ ကျောင်းသားကို ပံ့ပိုးကူညီတဲ့ မူဝါဒတွေကို ဦးစားပေးဆောင်ရွက်ရင် ပိုမိုထိရောက်ပါတယ်။

သြစတြေးလျနိုင်ငံ စာသင်ကျောင်းတွေမှာ ကျင့်သုံးတဲ့ မူဝါဒတချို့ကို နမူနာအဖြစ် ဖော်ပြလိုက်ပါတယ်။

ကျောင်းတက်တာ၊ ကျောင်းပျက်တာနဲ့ ပတ်သက်ပြီး တိကျတဲ့မူဝါဒ ချမှတ်ကျင့်သုံးခြင်း၊ ကျောင်းသားလူငယ် စာသင်ခန်းထဲမှာ မရှိရင် အတန်းပိုင် ဆရာ၊ ဆရာမက ချက်ချင်းစုံစမ်းအရေးယူတဲ့ မူဝါဒရှိခြင်း၊ ကျောင်းအုပ်ချုပ်ရေး အရာရှိနဲ့ အတန်းပိုင် ဆရာ၊ ဆရာမ ခွင့်ပြုချက်မရှိဘဲ ကျောင်းသားလူငယ် ကျောင်းပျက်ရင် မိဘအုပ်ထိန်းသူကို ချက်ချင်း ဆက်သွယ်တိုင်ကြား အသိပေးခြင်း၊ ကျောင်းတက်၊ ကျောင်းပျက်နှုန်းကို တိတိကျကျ မှတ်တမ်းပြုထားခြင်း၊ ကျောင်းတက်၊ ကျောင်းပျက်နှုန်းကိုတိတိကျကျ မှတ်တမ်း ပြုထားခြင်း၊ မိဘအုပ်ထိန်းသူက ကျောင်းသားလူငယ် ကျောင်းပျက်ခြင်းကို အလေးမထားရင် ၄င်းတို့နဲ့ တွေ့ဆုံဆွေးနွေးခြင်း၊ လိုအပ်တဲ့ အကူအညီရရှိအောင်စီစဉ်ပေးခြင်း၊ ကျောင်းပျက်တဲ့ ကျောင်းသားလူငယ်ကို ပြုပြင်ထိန်းသိမ်းဖို့ “အကြံဉာဏ်ပေး ကူညီသူ” (Mentor)စနစ် ထားရှိခြင်း၊ ကျောင်းပြေးတဲ့ကျောင်းသား ကျောင်းပြန်တက်ရင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုလက်ခံတဲ့ အစီအစဉ်ရှိခြင်း၊ ကျောင်းသားလူငယ်ရဲ့ စိတ်ထဲမှာ ကျောင်းပတ်ဝန်းကျင်က မိမိကို လိုလိုလားလား လက်ခံနေတယ်ဆိုတဲ့ အသိဝင်လာအောင်ကူညီခြင်း၊ ကျောင်းတက်ချိန်မှာ ကျောင်းပရဝုဏ်တစ်ခုလုံး “ဂိတ်”ပိတ်(တံခါးပိတ်)တဲ့ မူဝါဒရှိခြင်း၊ ကျောင်းမှာ ခေတ္တခဏအရောင်ပြပြီး ကျောင်းလစ်တတ်တဲ့ ကျောင်းသားလူငယ်တွေကို တားဆီးဖို့ဖြစ်ပါတယ်။

ကျောင်းသားလူငယ် ကျောင်းပြေးတဲ့အကျင့် လျော့နည်းပပျောက်ဖို့အတွက် စာသင်ကျောင်းတစ်ခုတည်းက ဆောင်ရွက်ရုံနဲ့ မအောင်မြင်နိုင်ပါဘူး။ ကျောင်းအဖွဲ့အစည်းပေါင်းစုံ၊ ဌာနပေါင်းစုံ ပါဝင်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျောင်းဆရာ၊ ဆရာမ၊ ကျောင်းအုပ်ချုပ်ရေး၊ မိဘအုပ်ထိန်းသူ၊ ကျောင်းကျန်းမာရေးဝန်ထမ်း၊ ကလေးသူငယ် စိတ်ကျန်းမာရေးဝန်ထမ်း၊ ရဲအရာရှိ၊ လူမှုဝန်ထမ်းအရာရှိ စတဲ့ ပညာရှင်ပေါင်းစုံ စုပေါင်းဆောင်ရွက်တဲ့ အစီအစဉ်လည်း ရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top