Healthy Life Ad
Child

ကျောင်းပျက်တဲ့ ကျောင်းသားလူငယ် (၁)

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

ကျောင်းပျက်တယ်ဆိုတာ ကျောင်းသားလူငယ်တွေ ကျောင်းတက်ရမယ့်နေ့မှာ ကျောင်းကိုရောက်ရှိမလာတာ ဖြစ်ပါတယ်။ စာသင်ခန်းထဲမှာမရှိဘဲ သင်ခန်းစာပျက်ကွက်တာ ဖြစ်ပါတယ်။ ကျောင်းသားလူငယ် ကျောင်းပျက်ကွက်တာကို သုံးမျိုးခွဲခြား နားလည်နိုင်ပါတယ်။

ပထမအမျိုးအစားကတော့ ကျောင်းကြောက်ဝေဒနာ (School Phobia)ရှိတဲ့ ကျောင်းသားလူငယ် ဖြစ်ပါတယ်။ အဲဒီဝေဒနာကို “ကျောင်းတက်ရန် ငြင်းဆန်ခြင်း” (School Refusal) လို့လည်း ခေါ်ပါတယ်။ ကျောင်းကြောက်ဝေဒနာကြောင့် ကျောင်းမတက်တဲ့ ကျောင်းသားဟာ အိမ်မှာပဲရှိနေတယ်၊ မိဘက တိုက်တွန်းအားပေးပေမယ့် ကျောင်းတက်ဖို့ ငြင်းဆန်ပါတယ်။

ဒုတိယအမျိုးအစား ကျောင်းပျက်တာကို “ကျောင်းပြေးခြင်း”(ကျောင်းလန့်ခြင်း) (Trauncy)လို့ ခေါ်ပါတယ်။ ကျောင်းပြေးတဲ့ ကျောင်းသားကတော့ အိမ်ကနေ ဟန်ဆောင်ပြီး ကျောင်းတက်ဖို့ ထွက်ခွာသွားတယ်၊ ဒါပေမဲ့ စာသင်ခန်းထဲကို မရောက်ရှိဘူး။ တစ်နေရာရာမှာ လေလွင့်နေတတ်ပါတယ်။ မိဘတွေကတော့ သူတို့သားသမီး ကျောင်းတက်နေတယ်လို့ ယူနေမယ်။

တတိယအမျိုးအစား ကျောင်းပျက်တာကတော့ ကျောင်းသားလူငယ်ရဲ့ ချို့ယွင်းချက်ကြောင့် မဟုတ်ပါဘူး။ သားသမီးက ကျောင်းတက်လိုတဲ့ ဆန္ဒရှိပေမယ့် မိဘက ခွင့်မပြုတာဖြစ်ပါတယ်။ သားသမီးကို အိမ်အလုပ်ပဲဖြစ်ဖြစ် စီးပွားရေးလုပ်ငန်းတစ်ခုမှာဖြစ်ဖြစ် ပါဝင်လုပ်ကိုင်စေပါတယ်။ လူမှုရေး၊ စီးပွားရေး အခက်အခဲကြောင့် ကလေးလူငယ်ရဲ့လုပ်အားကို အသုံးချတာဖြစ်ပါတယ်။ မသင်မနေရ ပညာရေးစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ မိဘက အဲဒီလိုပြုလုပ်ဖို့ ခွင့်မပြုပါဘူး။ ဥပမာ သြစတြေးလျနိုင်ငံမှာ အသက် ၁၆ နှစ်အောက် ကလေးလူငယ်ကို ကျောင်းမထားရင် မိဘတွေမှာ အပြစ်ရှိပါတယ်။ သက်ဆိုင်ရာဌာနက ဥပဒေအရလိုအပ်သလို အရေးယူနိုင်ပါတယ်။

ကျောင်းကြောက်ဝေဒနာ
ကျောင်းကြောက်ဝေဒနာကို အသက် ၅ နှစ်မှ ၁၁ နှစ်အရွယ်ကလေးလူငယ်တွေမှာ ပိုမို တွေ့ရှိရပါတယ်။ ကျောင်းသားလူငယ်တွေထဲမှာ ၅ ရာခိုင်နှုန်းခန့် ကျောင်းကြောက်ဝေဒနာ ဖြစ်ပွားမှုရှိပါတယ်။

ကျောင်းကြောက်ဝေဒနာလက္ခဏာများ
ကျောင်းကြောက်ဝေဒနာဟာ တဖြည်းဖြည်း ပေါ်ပေါက်လာတတ်ပါတယ်။ ကျောင်းပိတ်ရက်အပြီး ကျောင်းတက်ရမယ့်နေ့မှာ စတင်ဖြစ်ပေါ်လာပါတယ်။ ကျောင်းတက်ရမယ့်ရက်တွေ နီးကပ်လာလေလေ၊ ကျောင်းသားလူငယ်မှာ စိုးရိမ်ကြောင့်ကြစိတ်တွေ ပိုမိုလာလေလေ တွေ့ရှိရမယ်။

ကျောင်းတက်ရမယ့်နေ့မှာ စိတ်ပိုင်းဆိုင်ရာနဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ပေါ်ပေါက်လာတယ်။ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကတော့- အလွန်အမင်း ထိတ်လန့်နေခြင်း၊ အကြောင်းမဲ့ ငိုယိုခြင်း၊ အကြောင်းမဲ့ စိတ်တိုနေခြင်းတို့ ဖြစ်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေကတော့ မူးဝေတာ၊ ချွေးစေးပြန်တာ၊ ပျို့အန်တာ၊ ခေါင်းကိုက်တာ၊ ဗိုက်နာတာ၊ ဝမ်းပျက်တာ၊ ရင်ဘတ်နာတာ၊ ခြေလက်ကိုက်ခဲတာ၊ တုန်တုန်ယင်ယင်ဖြစ်တာ စတာတွေ ဖြစ်ပါတယ်။

မိဘက ကျောင်းသားလူငယ်ကို ကျောင်းမတက်ဖို့ ခွင့်ပြုလိုက်ရင် အဲဒီရောဂါလက္ခဏာတွေ သက်သာပျောက်ကင်းသွားပါတယ်။ နောက်တစ်နေ့ နံနက်ပိုင်း ကျောင်းတက်ချိန်မှာ ရောဂါလက္ခဏာတွေ ပြန်လည်ဖြစ်ပေါ်လာပါတယ်။ ကျောင်းသားလူငယ်က ကျောင်းမသွားချင်လို့ လိမ်ညာပြောနေတာ မဟုတ်ပါဘူး။ မူယာမာယာများနေတာ မဟုတ်ပါဘူး။ ထိန်းလို့မရတဲ့ ကြောက်စိတ်ကြောင့် ပေါ်ပေါက်လာတဲ့ လက္ခဏာတွေ ဖြစ်ပါတယ်။

ကျောင်းကြောက်ဝေဒနာ၏ အကြောင်းရင်းများ
ကျောင်းသားလူငယ်တွေမှာ ကျောင်းကြောက်ဝေဒနာ ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေကို အုပ်စုသုံးမျိုး ခွဲခြားနိုင်ပါတယ်။

(က) မိသားစု ပတ်ဝန်းကျင်
ကျောင်းသားလူငယ်ဟာ မိခင် ဒါမှမဟုတ် ဖခင်ကို အလွန်အမင်း မှီခိုတွယ်တာတဲ့ စိတ်ရှိရင် မိဘနဲ့ခွဲခွာရမှာကို စိုးရိမ်ကြောက်ရွံ့ပါတယ်။ “ခွဲခွာရမှာကို အကြောက်လွန်စိတ်” (Separation Anxiety) ရှိတယ်လို့ ခေါ်ပါတယ်။ အဲဒီစိတ်ကြောင့် အိမ်ကခွဲခွာပြီး ကျောင်းတက်ရမှာကို ကြောက်နေတာ ဖြစ်ပါတယ်။

မိသားစုအတွင်းမှာ တစ်ဦးက တစ်ဦးကို ညှင်းပန်းနှိပ်စက်ခြင်းရှိရင် ကျောင်းသားလူငယ်ဟာ အိမ်က မခွဲခွာချင် ဖြစ်နေတတ်ပါတယ်။ မိမိအိမ်မှာမရှိခိုက် အဖေက အမေ့ကိုများ ရိုက်နှက်နေမလား စတဲ့ အတွေးမျိုးကြောင့် ကျောင်းသွားရမှာကိုကြောက်နေမယ်၊ မိခင်နဲ့ဖခင် ခိုက်ရန်ဖြစ်ပွားပြီး ဆက်ဆံရေးအဆင်မပြေတာတွေ့နေရင် သားသမီးက ကျောင်းသွားရမှာကိုဝန်လေးနေတတ်ပါတယ်။ ‘ငါ မရှိခိုက် အဖေ ဒါမှမဟုတ် အမေ အိမ်က ဆင်းသွားမှာလား’လို့ စဉ်းစားပြီး ကျောင်းမတက်ချင်တော့ဘူး။ တချို့ကျောင်းသားလူငယ်တွေ ကျောင်းကြောက်တာကတော့ အိမ်မှာ ပျော်ရွှင်ဖွယ်ရာကိစ္စတွေကို မစွန့်လွှတ်ချင်လို့ ဖြစ်ပါတယ်။ ဥပမာ- အိမ်မှာ ဗီဒီယိုဂိမ်း ကစားလိုခြင်း။

(ခ) ကျောင်းပတ်ဝန်းကျင်
ကျောင်းသားလူငယ် ကျောင်းမတက်ချင်တာဟာ ကျောင်းပတ်ဝန်းကျင်မှာ ကြုံတွေ့ရမယ့် ကိစ္စတွေကို ရင်ဆိုင်ရမှာ ကြောက်နေလို့ ဖြစ်နိုင်ပါတယ်။ ဥပမာ-ကျောင်းဆရာဆရာမက ဆူပူကြိမ်းမောင်းခြင်း၊ ပြစ်တင်ဝေဖန်မှုခံရမှာကို ကြောက်ခြင်း၊ ကျောင်းစာမလိုက်နိုင်တာကြောင့် အတန်းထဲ စာမေးခံရမှာ၊ အရှက်ရမှာကြောက်ခြင်း၊ ကျောင်းတွင်း စုပေါင်းလုပ်ကိုင်ရတဲ့ ကိစ္စတွေမှာ ပါဝင်ရမှာကို ရှက်ကြောက်ခြင်း၊ မိမိရဲ့ ကိုယ်ခန္ဓာပုံပန်းသဏ္ဍာန်၊ ရုပ်ရည်၊ အဝတ်အစား စတဲ့ ရုပ်ပိုင်းဆိုင်ရာ အင်္ဂါရပ်တွေမှာ ထူးခြားနေတာကို ရင်မဆိုင်လိုခြင်း၊ ကျောင်းသားအချင်းချင်း အနိုင်ကျင့်တာခံရမှာကို ကြောက်ခြင်း၊ တခြား ကျောင်းသားတစ်ဦးဦးက ခြိမ်းခြောက်တာ ခံနေရခြင်း၊ ကျောင်းမှာရှိတဲ့ အိမ်သာကို အသုံးမပြုလိုခြင်း၊ ကျောင်းတွင်းရှိ ပစ္စည်းတချို့နဲ့ ဓာတ်မတည့်မှု (Allergy) ဖြစ်ခြင်း၊ ဥပမာ စာသင်ခန်းအတွင်းရှိ ပန်ကာ၊ လေအေးစက်၊ လိုက်ကာ စတဲ့ ပစ္စည်းတွေက ထွက်လာတဲ့ အမှုန်တွေကြောင့် နှာစေးခြင်း၊ ပန်းနာရောဂါထခြင်း။

(ဂ) ကျောင်းသားလူငယ်၏ စိတ်ကျန်းမာရေး ချို့ယွင်းမှု
ကျောင်းသားလူငယ်မှာ စိတ်ဝေဒနာတစ်ခုခုကို ခံစားနေရရင် မကြာခဏ ကျောင်းပျက်တာမျိုး ရှိနိုင်ပါတယ်။ ဥပမာ- စိတ်ကျဝေဒနာ၊ စိုးရိမ်ကြောင့်ကြလွန်ကဲဝေဒနာ၊ အသန့်ကြိုက်လွန်းတဲ့ဝေဒနာ၊ အာရုံစူးစိုက်မှု ချို့ယွင်းပြီး လှုပ်ရှားမှုလွန်ကဲတဲ့ ဝေဒနာ၊ လေ့လာဆည်းပူးနိုင်စွမ်းရည်နိမ့်ကျဝေဒနာ စတာတွေဖြစ်ပါတယ်။

ကျောင်းကြောက်ဝေဒနာ၏ နောက်ဆက်တွဲဆိုးကျိုး
ကျောင်းကြောက်ဝေဒနာ ခံစားရတဲ့ ကျောင်းသားလူငယ်တွေကို ရေရှည်လေ့လာကြည့်တဲ့အခါ နောက်ဆက်တွဲဆိုးကျိုးတွေကို တွေ့ရှိရပါတယ်။ ကျောင်းကြောက်ဝေဒနာရှိတဲ့ ကျောင်းသားလူငယ် ၁၈ ရာခိုင်နှုန်းဟာ အလယ်တန်းပညာ မပြီးဆုံးနိုင်ကြဘူး။ ၄၅ ရာခိုင်နှုန်းကတော့ အထက်တန်းပညာ မပြီးဆုံးခင် ကျောင်းထွက်သွားတယ်၊ အရွယ်ရောက်လာတဲ့အခါ ၆ ရာခိုင်နှုန်းဟာ စိတ်ရောဂါကုသဆောင်မှာ တက်ရောက်ကုသမှု ခံရတယ်။ တခြား ၆ ရာခိုင်နှုန်းကတော့ ရာဇဝတ်မှု ကျူးလွန်တဲ့ ရာဇဝင်ရှိလာပါတယ်။

ကျောင်းကြောက်သော ကျောင်းသားလူငယ်ကို ကူညီခြင်း

(၁) ကျောင်းကြောက်တဲ့ ကျောင်းသားလူငယ် ကျောင်းပျက်ကွက်တာကို အားမပေးသင့်ပါဘူး။ ဒီနေရာမှာ “ရက်စက်မှကြေကွဲ”ဆိုတဲ့ ဆောင်ပုဒ်ကို အသုံးပြုရမယ်၊ ကျောင်းသားလူငယ်ကို ညှာတာစိတ်နဲ့ သူ့အလိုမလိုက်ရဘူး၊ ကျောင်းကြောက်ဝေဒနာ လက္ခဏာတွေ ပေါ်ပေါက်လာပေမယ့် ကျောင်းကိုရောက်အောင် ပို့ပေးဖို့ စီစဉ်ရမယ်၊ ရိုက်နှက်အကြမ်း ဖက်တာမျိုးတော့ မလုပ်သင့်ပါဘူး။

(၂) ကျောင်းသားလူငယ်ကျောင်းကြောက်ရတဲ့ အကြောင်းရင်းတွေကိုတော့ ရှာဖွေစူးစမ်းရမယ်၊ မိသားစု ပတ်ဝန်းကျင်၊ ကျောင်းပတ်ဝန်းကျင်မှာတွေ့ရှိရတဲ့ အကြောင်းရင်းတွေကို လျော့နည်းအောင် ဆောင်ရွက်ပေးရပါတယ်။ ကျောင်းသားလူငယ်မှာ စိတ်ကျန်းမာရေး ချို့ယွင်းမှုရှိရင် သက်ဆိုင်ရာ ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးကုသပေးရပါမယ်။

(၃) ကျောင်းကြောက်တဲ့ ကျောင်းသားလူငယ် ကျောင်းသွားချင်စိတ်ပေါ်လာအောင် ဆောင်ရွက်တဲ့နည်းအမျိုးမျိုး ရှိပါတယ်။

(က) ကျောင်းမှာပြုလုပ်ခွင့် မရှိတဲ့ အခွင့်အရေးတွေကိုကျောင်းမတက်ဘဲ အိမ်မှာနေရင် ပြုလုပ်ခွင့် မပေးရဘူး။ အိပ်စက်နေခြင်း၊ ရုပ်သံလွှင့် အစီအစဉ်ကြည့်ခြင်း၊ ကာတွန်းဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ဝါသနာ အလုပ်တစ်ခုကို ပြုလုပ်ခြင်း၊ အိမ်သားတွေနဲ့ ကစားခြင်း၊ ပျော်ပျော်ရွှင်ရွှင် နေရခြင်း၊ အဆာပြေ အစာစားခြင်း စတဲ့ အပြုအမူတွေကို ပိတ်ပင်ရပါမယ်။ အိမ်မှာ ကပ်နေတဲ့အတွက် ရရှိတဲ့ အကျိုးကျေးဇူး “ဆုလာဘ်”ကို ဖယ်ရှားပစ်ရမယ်၊ ဒဏ်ပေးတာ ဖြစ်ပါတယ်။

(ခ) ကျောင်းတက်ချင်စိတ် ပေါ်လာအောင် ဆောင်ရွက်ပေးနိုင်ပါတယ်။ အိမ်နီးနားချင်း ကျောင်းသားလူငယ်တွေနဲ့ အဖော်စပ်ပေးရပါမယ်။ တခြားကလေးတွေ ကျောင်းသွားတာကို အားကျအောင် နမူနာ ပြပေးရပါမယ်။ သူငယ်ချင်းကျောင်းသားက အိမ်ကိုလာပြီး တွဲခေါ်နိုင်ရင် ကောင်းတယ်၊ အစပိုင်းမှာ မိဘတစ်ဦးဦးက ကလေးကို ကျောင်းအထိ လိုက်ပို့ပေးသင့်တယ်။ အဲဒီနည်းအားဖြင့် အိမ်က ခွဲရမယ့် ကြောက်စိတ်ကို လျော့နည်းစေပါတယ်။

(ဂ) ကျောင်းရောက်တဲ့အခါ အတန်းပိုင် ဆရာ၊ ဆရာမက ကျောင်းသားလူငယ်ကို ဂရုစိုက် ကြိုဆိုခြင်း၊ တစ်ဦးချင်း ပြောဆိုအားပေးခြင်း ပြုသင့်ပါတယ်။ ေကျာင်းသားကြောက်တဲ့ ကျောင်းတွင်း အတွေ့အကြုံတွေကို မေးမြန်းပြီး ကူညီပံ့ပိုးပေးရပါမယ်။ ကျောင်းကြောက်တဲ့ ကျောင်းသား ခင်မင်တဲ့ သူငယ်ချင်းနဲ့ အတူတွဲထိုင်ဖို့ စီစဉ်ပေးနိုင်ပါတယ်။ ကျောင်းသားအချင်းချင်း အနိုင်ကျင့်မခံရအောင် ကာကွယ်ပေးရမယ်။ အဲဒီနည်းအားဖြင့် ကျောင်းပတ်ဝန်းကျင်ကို ကြောက်တဲ့စိတ် လျော့နည်းစေနိုင်ပါတယ်။

(ဃ) ကျောင်းက ပြန်လာရင် ကျောင်းသားလူငယ်ကို ချီးကျူးစကား ပြောရမယ်။ သူတန်ဖိုးထားတဲ့အရာကို ဆုလာဘ်အဖြစ် ချီးမြှင့်ပေးနိုင်ပါတယ်။ ဆုပေးတာ ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြခဲ့တဲ့ နည်းပရိယာယ်တွေကို အသုံးပြုပြီး ကျောင်းကြောက်တဲ့ စိတ်လျော့နည်းအောင် ကူညီနိုင်ပါတယ်။ ဒါပေမဲ့ စိုက်လိုက်မတ်တတ် နေ့စဉ် လေ့ကျင့်ပေးဖို့ လိုပါတယ်။

စိတ်ပညာရှင်တွေ အသုံးပြုတဲ့ နည်းတစ်ခုကတော့ ‘အောင်မြင်နည်းကတ်ပြား’ (Coping Card)ကို အိတ်ထဲမှာ ထည့်ထားပြီး လိုအပ်သလို ဖတ်ကြည့်စေတာဖြစ်ပါတယ်။ ကတ်ပြားထဲမှာ ရေးထားတဲ့ နမူနာစာတမ်းတချို့ကတော့ ‘ကြောက်စိတ်က ငါ့ကို အန္တရာယ်မပေးနိုင်ဘူး’၊ ‘ကြောက်စိတ်ရှိတာကြောင့် ငါမလုပ်နိုင်ဘူးဆိုတာ မမှန်ဘူး’

(၄) အတွေးအမြင်ကို ပြုပြင်ပေးခြင်း
ကျောင်းသားလူငယ်ရဲ့ အသက်အရွယ်အလိုက် စိုးရိမ်စိတ်၊ ကြောက်စိတ်အကြောင်းကို ပညာပေးနိုင်ပါတယ်။ ကြောက်စိတ်ကြောင့် ခံစားလာရတဲ့ လက္ခဏာတွေကိုရှင်းပြရမယ်။ ကျောင်းမတက်ရင် ရေရှည်မှာ ရရှိလာနိုင်တဲ့ ဆိုးကျိုးတွေကို ပြောပြရမယ်။ ကျောင်းသားကိုယ်တိုင် ပြန်လည်ပြောပြခိုင်းရမယ်။ ကြောက်စိတ်ကို ဆန့်ကျင်နိုင်တဲ့ အတွေးတွေကို သင်ကြားပေးနိုင်ပါတယ်။ စိတ်ပညာရှင်တွေ အသုံးပြုတဲ့ နည်းတစ်ခုကတော့ “အောင်မြင်နည်းကတ်ပြား (Coping Card) ကို အိတ်ထဲမှာထည့်ထားပြီး လိုအပ်သလိုဖတ်ကြည့်စေတာဖြစ်ပါတယ်။ ကတ်ပြားထဲမှာ ရေးထားတဲ့ နမူနာစာတမ်းတချို့ကတော့ “ကြောက်စိတ်က ငါ့ကို အန္တရာယ်မပေးနိုင်ဘူး”၊ “ကြောက်စိတ်ရှိတာကြောင့် ငါမလုပ်နိုင်ဘူးဆိုတာ မမှန်ဘူး”၊ “ငါ ကြောက်စိတ်ရှိနေလို့ တစ်စုံတစ်ခု မကောင်းဖြစ်တော့မှာပဲဆိုတာ မမှန်ဘူး”၊ “ကြောက်စရာအကောင်းဆုံးက ငါရဲ့ကြောက်စိတ်ပဲ” စတာတွေ ဖြစ်ပါတယ်။

နိဂုံး
အခုဆောင်းပါးမှာ ကျောင်းသားလူငယ် ကျောင်းပျက်တဲ့ အကြောင်းရင်းတစ်ခုဖြစ်တဲ့ ကျောင်းကြောက်ဝေဒနာအကြောင်းကို ရှင်းလင်းတင်ပြခဲ့တယ်။ နောက်လာမယ့် အပတ်မှာတော့ “ကျောင်းပြေးတဲ့ ကျောင်းသားလူငယ်အကြောင်း”ကို ဆက်လက်ဆွေးနွေးပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top