Healthy Life Ad
Q & A

၀ိတ်လျှော့ရင်း ရာသီမလာတော့လို့ . . .

မေး ။ ။ ကျွန်မ ဝိတ်လျှော့နေတာပါ။ ဝိတ်လျှော့ရင်းနဲ့သတိထားမိတာက ရာသီမလာတော့လို့ပါ။ ဆက်စပ်မှုရှိပါသလား ဆရာ။
ယဉ်မျိုး(FB)

ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ ။ ။ အခုခေတ်မှာ မိန်းကလေးအတော်များများက ပိန်မှ လှတယ်ထင်ပြီး အစာငတ်ခံတယ်၊ အစာစားပြီး လက်ထိုးအန်တယ်၊ လေ့ကျင့််ခန်းတွေအပြင်းအထန်လုပ်ပြီး ပိန်အောင်လုပ်တယ်။ အဲဒီလိုလုပ်ရင်း အရိုးပေါ်အရေတင် ပြားချပ်ချပ်လေးတွေ ဖြစ်သွားတဲ့အခါဘာအဆီမှ မရှိတဲ့အတွက် ဟော်မုန်းတွေ မထွက် တော့ဘူး။ အဲဒီတော့ ရာသီလည်း မလာတော့ပါဘူး။

အစာငတ်ခံတဲ့ ရောဂါက ကမ္ဘာပေါ်မှာရှိတဲ့ မိန်းကလေး အတော်များများကို ခြိမ်းခြောက်နေပါတယ်။ သိပ်ပိန်လွန်းတာကြောင့် တစ်နှစ်လုံးနေမှ ရာသီတစ်ခါ-နှစ်ခါပဲ လာတာမျိုး ရှိပါတယ်။ရှိရင်းစွဲ ပေါင်ချိန်ထက် ရုတ်တရက် ခုနှစ်ပေါင်ကျော်သွားတာ၊ ခုနှစ်ပေါင်အောက် ရောက်သွားတာတို့ကြောင့်လည်း ရာသီမလာတော့တာမျိုးဖြစ်တတ်ပါတယ်။

တချို့ကျတော့လည်း စိတ်ဖိစီးမှုများတာ၊လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်တာ၊ ဆီးချိုသွေးချိုရောဂါနဲ့ သိုင်းရွိုက်ရောဂါတို့လို ရောဂါတွေရှိတာနဲ့ တခါတလေ ဆေးတွေ သောက်နေတာ(ဥပမာ-စိတ်ကျရောဂါကုဆေး၊ Depo-povera ထိုးဆေးနဲ့ ဟော်မုန်းတစ်မျိုးပါ သောက်ဆေး)ကြောင့် ရာသီမလာတာ ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ပေမယ့် စားတဲ့ အစာကကျန်းမာရေးနဲ့ညီညွတ်မျှတပြီး အာဟာရ အစုံအလင်ပါရပါမယ်။

အမျှင်ဓာတ်များများပါပြီး နည်းနည်းနဲ့မကြာခဏ စားပေးရပါမယ်။ ဖြည်းဖြည်းနဲ့ ကြေညက်အောင် ဝါးစားပေးရပါမယ်။ ဗိုက်ပြည့်တဲ့ ခံစားချက်ရဦးနှောက်ထဲက စင်တာက မိနစ် ၂၀ အချိန်ယူပါတယ်။ ၁၀မိနစ်တည်းနဲ့ အစာကို အတင်းစားလိုက်ရင် ဗိုက်ကမပြည့်သေးဘဲ ဖြစ်နေတတ်ပါတယ်။

ဒါကြောင့် ပိန်ချင်ရင် အစားအသောက်ကိုနည်းနည်းနဲ့ မကြာခဏ စားပေးရပါမယ်။ ပလုတ်ပလောင်း မစားသင့်ပါဘူး။ အလွယ်တကူရတဲ့ အဆင်သင့်အစာ (Junk Food)တွေကို မစားသင့်ပါဘူး။မနက်စာကို ဘုရင်တစ်ပါးလို စားပြီး နေ့လယ်စာကိုမင်းသားလေးလို စားကာ ညစာကို သူဆင်းရဲလို စားပေးရပါမယ်။

အစာစားတဲ့အခါ မဆာရင် မစားပါနဲ့။အလွန်အကျွံပြည့်အင့်အောင် မစားပါနဲ့။ မတည့်တဲ့အစာ မစားပါနဲ့။ အားနာလို့ မစားပါနဲ့။ နှမြောလို့မစားပါနဲ့။ အလကားရလို့ မစားပါနဲ့။ အစာကိုလိုအပ်သလောက်ပဲ သတိနဲ့ စားသင့်ပါတယ်။ ဒီလိုစားပြီး လေ့ကျင့်ခန်းလုပ်ရင်းနဲ့သာ ကိုယ်အလေးချိန်ကို တဖြည်းဖြည်း လျှော့သင့်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top