Healthy Life Ad
Health Tips

ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းစားခြင်း ပြတ်စေမည့် လှည့်စားနည်းများ

စူး ( ဆေးဝါးတက္ကသိုလ် )
ဆေးလိပ်နဲ့ကွမ်းယာ စားတာကြောင့် ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေက အများကြီးပါ။ အဲဒါတွေထက် လူမှုရေး၊ စီးပွားရေးတွေကိုပါ ထိခိုက်စေပြီး ပတ်ဝန်းကျင်ကိုပါ ညစ်ညမ်းစေတဲ့အတွက် ဆေးလိပ်နဲ့ ကွမ်းယာ ဖြတ်ဖို့ လေးစားစွာ အကြံပြုလိုပါတယ်။ ဆေးလိပ်နဲ့ ကွမ်းဖြတ်ရာမှာ အောင်မြင်စေဖို့ နည်းလမ်းကောင်းတွေကိုလည်း မျှဝေလိုက်ပါတယ်။

(၁) သွားကြေးချွတ်ပါ
ကွမ်းယာနဲ့ ဆေးလိပ်ဖြတ်မယ်လို့ ဆုံးဖြတ်ပြီးချိန်မှာ အနှစ်နှစ်အလလက စားခဲ့တဲ့ ကွမ်းကြေးတွေနဲ့ ဆေးလိပ်ကြောင့် သွားဝါနေတာတွေ ကင်းစင်သွားစေဖို့ သွားဆရာဝန်ထံသွားပြီး သွားကြေးချွတ်ပေးပါ။

(၂) သွားကို မကြာခဏ တိုက်ပါ
သွားကို မကြာခဏ တိုက်ပြီး ဖြူစင်နေတဲ့ သွားလေးတွေကို မှန်ထဲမကြာမကြာ ကြည့်ပေးပါ။ ခံတွင်းရနံ့သင်းပြီး ဖြူစင်နေတဲ့သွားတွေကို ကြည့်ရင်း ကွမ်းစားချင်စိတ်နဲ့ ဆေးလိပ်သောက်ချင်စိတ်ကို လျော့ပါးသွားစေမှာ ဖြစ်ပါတယ်။

(၃) အလုပ်များများ လုပ်ပါ
အလုပ်များနေရင်၊ ကိုယ်လုပ်တဲ့အလုပ်ကို တန်ဖိုးထားနေရင် ကွမ်းယာနဲ့ ဆေးလိပ်ဆီ အာရုံရောက်ဖို့ မလွယ်ပါဘူး။ အားနေရင် ကွမ်းစားချင်စိတ်၊ ဆေးလိပ်သောက်ချင်စိတ် ပြင်းပြနေတတ်ပါတယ်။

(၄) လေ့ကျင့်ခန်းလုပ်ပါ
အလွယ်ဆုံး ဖြစ်တဲ့ လမ်းလျှောက်တာလို လေ့ကျင့်ခန်း ပြုလုပ်ပေးရင်တောင် စိတ်ခံစားမှု ကောင်းစေတဲ့ ဒိုပါမင်းဓာတ်ကို အထွက်တိုးစေပါတယ်။ အဲဒီဓာတ်က မကောင်းတဲ့ အကျင့်ပြုလုပ်ချင်စိတ်ကို လျော့နည်းစေပါတယ်။

(၅) ဆေးလိပ်၊ ကွမ်းယာရှောင်သော အပေါင်းအသင်းများနှင့် ပေါင်းဖော်ပါ
ဆေးလိပ်နဲ့ ကွမ်းဖြတ်ထားချိန်မှာ ဆေးလိပ်၊ ကွမ်းယာတွေကို စားသုံးလေ့ရှိတဲ့ သူငယ်ချင်းတွေနဲ့ မပေါင်းတော့ဘဲ ဆေးလိပ်နဲ့ကွမ်းရှောင်တဲ့ အပေါင်းအသင်းတွေနဲ့ ပေါင်းဖော်သင့်ပါတယ်။ ဆေးလိပ်နဲ့ ကွမ်းတကယ်ပြတ်ပြီးမှသာ အပေါင်းအသင်းအစုံအလင်နဲ့ ပေါင်းဖော်ပါ။

(၆) တစ်ခုခု ဝါးပါ
ကွမ်းဝါးနေကျဖြစ်လို့ ဝါးချင်စိတ်ဖြစ်ပေါ်နေရင် ပါးစပ်ထဲ မြေပဲ ထည့်ဝါးတာ၊ ပီကေဝါးတာနဲ့ နေကြာစေ့ စားတာတို့ လုပ်ဆောင်သင့်ပါတယ်။

(၇) စိတ်ကို ကြည်လင်စွာ ထားပါ
စိတ်ဆိုးဒေါသထွက်တာ၊ စိတ်တိုတာ၊ အလိုမကျဖြစ်တာတို့ ဖြစ်ပေါ်လာရင် ကွမ်းယာနဲ့ ဆေးလိပ်ကို အလိုလို လက်လှမ်းမိတတ်ပါတယ်။ ဒါကြောင့် စိတ်ကို တတ်နိုင်သမျှ ကြည်ကြည်လင်လင် ထားပါ။ တရားထိုင်တာ၊ ယောဂကျင့်တာနဲ့ အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်တာတို့ကို လိုက်နာပေးပါ။

(၈) အိပ်ချိန်မှန်အောင် ဂရုစိုက်ပါ
ညဉ့်နက်တဲ့အထိ အိပ်မပျော်ရင် ဆေးလိပ်ဖွာချင်စိတ် ဖြစ်ပေါ်လာတတ်ပါတယ်။ ဒါကြောင့် အိပ်ချိန်မှန်အောင် အလေးထားပါ။

(၉) ပြက္ခဒိန်ထဲ ရေးမှတ်ထားပါ
ဆေးလိပ်နဲ့ ကွမ်းဖြတ်နိုင်ပြီဆိုရင် အဲဒီနေ့ရက်တွေကို ပြက္ခဒိန်ထဲမှာ အောင်မြင်မှု အမှတ်အသား တစ်ခုပြပြီး မှတ်ထားပါ။ ဒီအမှတ်အသားတွေကို တွေ့တိုင်း ဆေးလိပ်နဲ့ ကွမ်းပြန်သုံးချင်စိတ် လျော့ကျသွားမှာ ဖြစ်ပါတယ်။

(၁၀) မိမိဆုံးဖြတ်ချက်ကို လေးစားပါ
ဆေးလိပ်နဲ့ ကွမ်း ဖြတ်မယ်ဆိုပြီး ဆုံးဖြတ်ထားတဲ့ ကိုယ့်စိတ်ရဲ့ ဆုံးဖြတ်ချက်ကို လေးစားတန်ဖိုးထားပါ။ ဒီမကောင်းတဲ့ အကျင့်ကို ဖြတ်နိုင်ပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် လေးစားစိတ် ပိုရှိလာပြီး စိတ်ခွန်အား ပိုမြင့်တက်လာမှာ ဖြစ်ပါတယ်။

Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top