Healthy Life Ad
International

ဒေါင်းရောဂါစုဝေဒနာရှင် အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်က ထိတ်လန့်သည်းဖို ဖုတ်ကောင် ဇာတ်ကား ဖန်တီး

၊ မိုးမင်းထွန်း ၊

အမေရိကန်ပြည်ထောင်စု၊ ရိုဒီအိုက်စလန်မှ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်က ထိတ်လန့်သည်းဖို ဖုတ်ကောင်ဇာတ်လမ်းတွေဖန်တီးပြီး နာမည်ကျော်ကြားသူတွေဖြစ်လာဖို့ စိတ်ကူးထားကြပါတယ်။

အသက် ၂၀ အရွယ် ဆန်ဆက်ချ်မန်းနဲ့ မက်တီဇူးဖက်တို့ဟာ ဒေါင်းရောဂါစုဝေဒနာရှင်တွေဖြစ်ကြပါတယ်။ “ဒေါင်းရောဂါက တခြားသူတွေထက် စဉ်းစားတွေးတောတာ နှေးတဲ့ပြဿနာရှိပါတယ်။ ဒါကိုအားနည်းချက်အဖြစ် မြင်နေမှာမဟုတ်ပါဘူး။

ကျွန်တော်တို့မှာလည်း သဘာဝကပေးထားတဲ့ အားသာချက်တွေရှိပါတယ်”လို့ ဆန်ကပြောပါတယ်။ Spring Break Zombie Massacre ခေါ်တဲ့ သူတို့ရဲ့ ဇာတ်ကားကို လွန်ခဲ့တဲ့အပတ်က ပွဲဦးထွက်ပြသခဲ့ပြီး မြောက်အမေရိကမှ ရုပ်ရှင်ပွဲတော်တချို့ကလည်း သူတို့ကို ဖိတ်ခေါ်ခဲ့ပါတယ်။

သူတို့သူငယ်ချင်းနှစ်ယောက်က ဖုတ်ကောင်ဇာတ်လမ်းတွေကိုနှစ်သက်ကြပြီး တခြားဇာတ်ကားတွေထက် ကောင်းမွန်တဲ့ ဖုတ်ကောင်ဇာတ်လမ်းတွေ ဖန်တီးနိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။သူတို့ဇာတ်ကားက စာအုပ်တစ်အုပ်ကိုအဖုံးနဲ့မဆုံးဖြတ်ဘဲ အကြောင်းအရာကသာ အဓိကဆိုတာ လူတွေကို သတင်းစကားပါးနိုင်ဖို့ မျှော်လင့်တယ်လို့ဆန်ကဆိုပါတယ်။

ဇာတ်ကားထဲမှာ သူတို့နှစ်ယောက်က ညီအစ်ကိုတွေအဖြစ် သရုပ်ဆောင်ခဲ့ကြပြီး တခြားဒေါင်းရောဂါစု ဝေဒနာရှင်နဲ့ အော်တစ်ဇင်ဝေဒနာရှင် သူငယ်ချင်းတွေလည်း ပါဝင်သရုပ်ဆောင်ခဲ့ကြပါတယ်။ အစွမ်းထက်လူသားနှစ်ယောက်က မိစ္ဆာတွေရန်က လူသားမျိုးနွယ်ကို ကာကွယ်ပေးခဲ့ပုံကို ဇာတ်ကားထဲမှာ တင်ပြထားပါတယ်။ သူတို့က နောက်ဆက်တွဲ ဇာတ်လမ်းတစ်ခုကို ရိုက်ကူးဖို့စီစဉ်နေတယ်လို့လည်း သိရပါတယ်။

သူတို့ရဲ့မိဘတွေက မသန်စွမ်းသူတွေရဲ့တီထွင်ဖန်တီးစိတ်ကူးတွေကို ဖြည့်ဆည်းပေးဖို့ပညာရှင်တွေနဲ့ ဆက်သွယ်ပေးတဲ့ လူမှုအကျိုးပြုအဖွဲ့တစ်ခုကို တည်ထောင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

(Ref; TDB)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top