Healthy Life Ad
Health Tips

သင်က အသက်ရာကျော် နေရမယ့်သူလား

မီမိုး ( ဆေးဝါးတက္ကသိုလ် )
အခုအခါမှာ အသက်ရာကျော်ရှည်သူဦးရေက တစ်ကမ္ဘာလုံးမှာ တိုးလာပါတယ်။ သက်ရှည်ကျန်းမာတဲ့ ဘဝမှာ စိတ်ချမ်းချမ်းသာသာနေခွင့်ရတာဟာ မင်္ဂလာတစ်ပါးဖြစ်လို့ သင့်အနေနဲ့ အသက်ရာကျော်ရှည်တဲ့အထိ နေရမှာလားဆိုတာ အောက်ပါအချက်တွေ ကြည့်ပြီး ခန့်မှန်းကြည့်ရအောင်။

အသက်ငယ်တယ်လို့ ခံစားနေရသလား
အသက်က ၅၀ ကျော်လာပေမယ့်ကိုယ့်ကိုယ်ကိုယ် ၃၅ နှစ်လောက်ပဲ ခံစားနေရပါသလား။ ဒါငယ်မူပြန်တာ မဟုတ်ပါဘူး။ အသက်ရှည်မယ့်သင်္ကေတတစ်ခုပဲလို့ လတ်တလော ဗြိတိန်လေ့လာမှုတစ်ခုက ဆိုပါတယ်။ လက်ရှိအသက်ထက်သုံးနှစ် ဒါမှမဟုတ် သုံးနှစ်မက ပိုငယ်တယ်လို့ကိုယ့်ကိုယ်ကိုယ် ယူဆထားသူတွေက လက်ရှိအသက်အတိုင်း ဒါမှမဟုတ် ပိုကြီးတယ်လို့ ခံစားနေရသူတွေထက် ရှစ်နှစ်အတွင်း သေဆုံးနိုင်ခြေပိုနည်းပါတယ်။

အစာစားတိုင်း ဟင်းသီးဟင်းရွက် နှစ်မျိုးမကစားဖြစ်သလား
ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကို အများဆုံးစားလေ့ရှိတဲ့ အမျိုးသမီးတွေက ရံဖန်ရံခါပဲ စားလေ့ရှိသူတွေနဲ့ယှဉ်ရင် ငါးနှစ်အတွင်းသေဆုံးနိုင်ခြေ ၄၆ ရာခိုင်နှုန်းပိုနည်းတယ်လို့ မီချီဂန်တက္ကသိုလ်ရဲ့ လေ့လာမှုအရ သိရပါတယ်။

သင်က ကိုယ့်လမ်းစဉ်အတိုင်းပဲ နေတတ်သလား
အသက်ရာကျော်ရှည်သူအများစုက သူတို့မှာရှိတဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုကို မျှဝေခဲ့ပါတယ်။ အဲဒါကတော့ အကောင်းမြင်တာနဲ့ ပျော်ပျော်နေတတ်တာပါပဲ။ လိုက်လျောညီထွေနေတတ်တာနဲ့ သဘောထားပျော့ပျောင်းတာက လူတွေကို စိတ်ဖိစီးမှုနဲ့ပူပင်သောက ကင်းစေပြီး အသက်ရှည်စေတာ ဖြစ်ပါတယ်။

သင်က ငါးများများ စားသူလား
သွေးထဲမှာ အိုမီဂါ ၃ ဖက်တီးအက်ဆစ် ပမာဏ အမြင့်ဆုံးရှိသူတွေက အနည်းဆုံးရှိသူတွေထက် ပျမ်းမျှအားဖြင့် နှစ်နှစ်ကျော် ဘဝသက်တမ်း ပိုရှည်တယ်လို့ ဟားဗတ်လေ့လာမှုအရ တွေ့ရှိရပါတယ်။အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါဝင်တဲ့ ငါးများများစားပေးပါ။

သင်က ဂရိလူမျိုးတွေလို အစာစားလေ့ရှိသလား
မြေထဲပင်လယ်ဒေသစတိုင် အစာတွေဖြစ်တဲ့ သံလွင်ဆီ၊ ပဲသီး၊ အခွံမာသီး၊ ကောက်နှံတစ်ခုလုံးအစာ၊ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ငါး စတာတွေစားတာက အသက်ရှည်တာနဲ့ ဆက်စပ်မှုရှိကြောင်း လူအများ သိကြပါတယ်။ အခု ဟားဗတ်လေ့လာသူတွေက ဂရိလူမျိုးတွေလို အစာစားဖို့ ညွှန်ကြားထားပါတယ်။ သူတို့က အစာကို နည်းနည်းနဲ့ မကြာခဏစားတာကြောင့် ကိုယ်အလေးချိန်လည်း ထိန်းနိုင်သလို ဆဲလ်အိုမင်းမှုကိုလည်း အနိမ့်ဆုံး ဖြစ်စေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

သင်က လေ့ကျင့်ခန်း လုပ်သလား
သက်လတ်ပိုင်းအရွယ်မှာ ရုပ်ပိုင်းဆိုင်ရာ သန်စွမ်း ကြံ့ခိုင်မှုရှိတာက ဘဝနောက်ပိုင်းမှာ ဘယ်လောက် ကျန်းမာမယ်ဆိုတာ ခန့်မှန်းပေးနိုင်တယ်လို့လေ့လာမှုအရ သိရပါတယ်။ သန်စွမ်းကြံ့ခိုင်မှုရှိသူတွေက ကင်ဆာ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါဖြစ်နှုန်းလျော့ကျမှု ရှိပါတယ်။ ပြေးတာ၊ လမ်းလျှောက်တာ၊စက်ဘီးစီးတာစတဲ့ လေ့ကျင့်ခန်းတွေကိုလုပ်ဆောင်သူတွေက အသက်ရှည်ရှည်နေရပါတယ်။

သင်က ဝါသနာကို အကောင်အထည်ဖော်လေ့ရှိသလား
စိတ်ပညာလေ့လာမှုအသစ်တစ်ခုအရ ဘဝမှာရည်ရွယ်ချက် တစ်ခုနဲ့ နေထိုင်သူတွေက နောင် ၁၄ နှစ်အကြာမှာ သေဆုံးနိုင်ခြေ လျော့နည်းတယ်လို့သိရပါတယ်။ မိတ်ဆွေသူငယ်ချင်းအသစ် ဖွဲ့တာ၊ဝါသနာအသစ်ကို အကောင်အထည်ဖော်တာ၊ စေတနာ့ဝန်ထမ်းလုပ်တာ စသဖြင့် ရည်ရွယ်ချက်တစ်ခုနဲ့ နေထိုင်သူတွေက ၉၀ အရွယ်မှာတောင်ဖျတ်လတ် သန်စွမ်းနေတတ်ပါတယ်။

သင်က နေ့ခင်း တစ်ရေးအိပ်လေ့ရှိသလား
အသက်ရှည်သူအများဆုံး နေထိုင်တဲ့ အိုင်ကီနာဝါ၊ ဂရိစတဲ့ ဒေသက လူတွေဟာ နေ့ခင်းမှာ တစ်ရေးအိပ်လေ့ရှိကြပါတယ်။ ဟားဗတ်လေ့လာမှုအရ နေ့ခင်းမှာ မိနစ် ၃၀ ခန့် တစ်ရေးအိပ်တာက နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေ ၃၇ ရာခိုင်နှုန်း ပိုလျော့နည်းတယ်လို့ သိရပါတယ်။

သင်က ခါးအတိုင်းအတာ သွယ်လျသူလား
အသက် ၄၀ ကျော်ပြီးချိန်မှာ ခါးအတိုင်းအတာ ၃၇ လက်မနဲ့ အထက်ရှိတဲ့ အမျိုးသမီးတွေက ခါးအတိုင်းအတာ ၂၇ လက်မနဲ့ အောက်ရှိသူတွေထက် ဘဝသက်တမ်း ငါးနှစ် ပိုနည်းနိုင်တယ်လို့ လေ့လာမှုအရ သိရပါတယ်။ အမျိုးသားတွေကျတော့ အသက် ၄၀ ကျော်ပြီးချိန်မှာ ခါးအတိုင်းအတာ ၄၀ လက်မနဲ့ အထက်ရှိသူတွေက ၃၅ လက်မနဲ့ အောက်ရှိသူတွေထက် ဘဝသက်တမ်း သုံးနှစ် ပိုနည်းနိုင်တယ်လို့ လေ့လာမှုအရသိရပါတယ်။

သင်က မိတ်ဆွေအပေါင်းအသင်း၊ မိသားစုတွေနဲ့ အမြဲအဆက်အသွယ်ရှိသူလား
မိတ်ဆွေအပေါင်းအသင်း၊ မိသားစုဝင်တွေနဲ့ အမြဲထိတွေ့ဆက်ဆံနေသူတွေက ကျန်းမာသက်ရှည်တတ်ကြပါတယ်။ အထီးကျန်တာက နာတာရှည်နာမကျန်းဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။
Ref; HD

[Unicode version]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top