Healthy Life Ad
Life Style

သင်သုံးတဲ့ လက်ကိုင်ဖုန်းက သင့်အကြောင်း ပြောပြနေပါတယ်

၊ ကိုထက် ၊

မိမိကိုယ်တိုင် သတိမမူမိတဲ့ ကိုယ်ရည်ကိုယ်သွေး စိတ်နေသဘောထားကို မိမိသဘောကျနှစ်သက်တဲ့ အရာတွေကိုကြည့်ပြီး ခန့်မှန်းပြောဆိုနိုင်ပါတယ်။ ဒီတစ်ပတ်မှာတော့ ဒီနေ့ခေတ်လူသုံးများလာတဲ့ လက်ကိုင်ဖုန်းတွေနဲ့ပတ်သက်ပြီး ဘယ်လို ဖုန်းအမျိုးအစားတွေကို သဘောကျနှစ်သက်သူတွေဟာ ဘယ်လိုစိတ်နေသဘောထားရှိတတ်ကြသလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။


သင်က သာမန်လက်ကိုင်ဖုန်းကိုင်တယ်ဆိုရင် စည်းစနစ်ကြီးသူပါ

တိုးတက်လာတဲ့ ခေတ်ကြီးနဲ့အညီ နည်းစနစ်တွေအစုံပါဝင်တဲ့ဖုန်းတွေ အလွယ်တကူဝယ်ယူနိုင်ပေမယ့် တချို့သူတွေဟာ အထူးလုပ်ဆောင်နိုင်စွမ်းတွေမပါဝင်ဘဲ ဖုန်းပြောရုံသာ အသုံးဝင်တဲ့ခလုတ်ဖုန်းလို့ လူသိများတဲ့ သာမန်လက်ကိုင်ဖုန်းတွေကို သဘောကျသူတွေ ရှိပါသေးတယ်။ ကိုယ့်ကိုတခြားသူတွေအမြင်မှာ ဝါရင့်သဘာရင့်လို့ ထင်စေလိုတဲ့ စိတ်ရှိတတ်ကြပါတယ်။ အသုံးမဖြုန်းမကြီးတတ်တဲ့ သူဖြစ်တယ်ဆိုတာတော့ သိသာပါတယ်။ ကိုယ်ကျင့်တရားကောင်းတဲ့ သူတွေဖြစ်ကြပါတယ်။ အလုပ်ကိုကြိုးကြိုစားစား တိတိကျကျ လုပ်တတ်သူတွေသူတွေဖြစ်ကြပါတယ်။ တစ်မူထူးခြားတဲ့ စရိုက်တွေရှိတတ်ကြပါတယ်။ လက်ကိုင်ဖုန်းအတွက် ငွေများများမသုံး နိုင်သူတွေလို့ ထင်ရတတ်ပေမယ့် ငွေကြေးချမ်းသာသူ တချို့လည်း ဒီလိုဖုန်းတွေကို နှစ်သက် အသုံးပြုတတ်ကြပါတယ်။


သင်က ဘလက်ဘယ်ရီ (Blackberry) စမတ်ဖုန်း ကိုင်တယ်ဆိုရင် စဉ်းစားတွေးခေါ်တတ်သူပါ

လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်တွေ မြင့်မားပေမယ့် ကျွန်တော်တို့နိုင်ငံမှာ လုပ်ဆောင်ချက်အများစုကို မထောက်ပံ့ပေးနိုင်သေးတဲ့အတွက် လူသုံးအလွန်နည်းပါတယ်။ Blackberry ဖုန်းကိုင်ဆောင်ထားသူတွေဟာ စီးပွားရေးသမားကြီးတွေ များပါတယ်။

အများအားဖြင့် ဉာဏ်ကောင်းပြီး စဉ်းစားတွေးခေါ်တတ်သူတွေ ဖြစ်ကြပါတယ်။ မိမိရဲ့ အတွေးအခေါ်တွေနဲ့ အကြံဉာဏ်တွေကို လက်တွေ့ပြန်လည်အသုံးချတတ်သူတွေဖြစ်ကြပါတယ်။ တစ်ခါတလေတော့ တစ်ကိုယ်ကောင်းဆန်တတ်ပါတယ်။ သူများတွေလက်မခံပေမယ့်လည်း မှန်တယ်လို့ထင်ရင် ဆက်လုပ်တတ်သူတွေဖြစ်ပါတယ်။ သူများအပေါ်မမှီခိုတတ်သူတွေဖြစ်ပါတယ်။ ကိစ္စတစ်ခုခုကို လုပ်ပြီဆိုရင် စိတ်ဝင်တစ်စားလုပ်ပြီး သူများထက်သာအောင် ပြိုင်ဘက်ကင်းအောင် အထိရည်မှန်းချက် ကြီးတတ်သူတွေပါ။


သင်က အိုင်ဖုန်း (iPhone) ကိုင်တယ်ဆိုရင် လက်တွေ့ကျသူပါ

တိုးတက်လှတဲ့ခေတ်ကြီးထဲမှာ အိုင်ဖုန်းကို စွဲစွဲလမ်းလမ်း ကြိုက်နှစ်သက်သူတွေများလှပါတယ်။ စွမ်းဆောင်ရည်မြင့်မားတဲ့အပြင် တန်ဖိုးမြင့်မားတဲ့ ဖုန်းအမျိုးအစားလည်းဖြစ်ပါတယ်။ ကိုင်တွယ်နေကြမဟုတ်ရင် အသုံးပြုရတာ ခက်ခဲတတ်ပေမယ့် ဒီလိုဖြစ်နေတာကိုက အိုင်ဖုန်းရဲ့ ထူးခြားချက်တစ်ခုပါ။ အများအားဖြင့်တော့ တည်ငြိမ်ပြီး အနေအေးတဲ့သူတွေဖြစ်ပါတယ်။ တချို့ကလည်း ဆတ်ဆတ်ထိမခံတွေ ဖြစ်တတ်ကြပါတယ်။ စိတ်ခံစားချက်ထက် လက်တွေ့ကို ပိုပြီး ဦးစားပေးသူတွေ ဖြစ်တတ်ကြပါတယ်။ တွေဝေမှု သိပ်မရှိကြပါဘူး။ အမှန်တရားကို ရင်ဆိုင်ဖို့လည်း အမြဲအသင့်ရှိသူတွေပါ။ တစ်နေ့ တစ်နေ့ ကိုယ့်ကိုယ်ကိုယ်တိုးတတ်အောင် ဘာတွေလုပ်ရမလဲဆိုပြီး တွေးနေတတ်သူတွေပါ။ ဘာပဲလုပ်လုပ် စိတ်ဝင်တစားနဲ့ အဆုံးထိတိုင် လုပ်တတ်တဲ့အကျင့်လည်း ရှိကြပါတယ်။


သင်က Android စမတ်ဖုန်းကိုင်တယ်ဆိုရင် ဖန်တီးနိုင်စွမ်းရှိသူပါ

လက်ရှိ လူသုံးအများဆုံး ဖုန်းအမျိုးအစားပဲဖြစ်ပါတယ်။ တန်ဖိုးအနည်းအများအစုံရှိပြီး လုပ်ဆောင်နိုင်ချက်တွေ စုံလင်လှတဲ့အတွက် ကမ္ဘာ့လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက် အသုံးပြုနေတယ်လို့ ဆိုပါတယ်။ Android ဖုန်းတွေကို အသုံးပြုရတာ အနှစ်သက် ဆုံးဆိုသူတွေဟာ အများအားဖြင့် ပွင့်လင်းသူတွေဖြစ်ကြပါတယ်။ ဖန်တီးနိုင်စွမ်းတွေရှိကြပါတယ်။ ရိုးသားကြိုးစားကြသူတွေ ဖြစ်ကြပါတယ်။ ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းကြပါတယ်။ အပေါင်းအသင်း အများကြီးရှိတတ်ပြီး အားလုံးကလည်း သင့်ကိုခင်ကြပါတယ်။ မိတ်ဆွေအသစ်တွေနဲ့ ဆုံတွေ့ရတာကိုလည်း သဘောကျနှစ်သက်ပြီး လိုက်လျောညီထွေဖြစ်အောင် နေတတ်ကြပါတယ်။ ကူညီတတ်တဲ့ စိတ်ရှိသူလည်း ဖြစ်ပါတယ်။ ဖြတ်ထိုး စဉ်းစားဉာဏ်ကောင်းသူဖြစ်ပြီး ဟာသဉာဏ်ရှိသူတွေလည်း ဖြစ်ကြပါတယ်။


သင်က Windows စမတ်ဖုန်းကိုင်တယ်ဆိုရင် ခွင့်လွှတ်သည်းခံနိုင်စွမ်း မြင့်မားသူပါ

ကွန်ပျူတာလောကမှာ လူသုံးအလွန်များလှတဲ့ ဝင်းဒိုးစနစ်ဟာ ဖုန်းလောကမှာတော့ လူသုံးအလွန်နည်းပြီး သိပ်မအောင်မြင်လှသေးပါဘူး။ ဝင်းဒိုးဖုန်းကို သုံးသူအများစုကတော့ သူများနဲ့မတူဘဲ ထူးထူးခြားခြားဖြစ်ချင်တဲ့ ရည်ရွယ်ချက်သာ ရှိတယ်ဆိုတာကို တွေ့ရှိရပါတယ်။ ကွန်ပျူတာတွေမှာ ရင်းရင်းနှီးနှီး အသုံးပြုနေပေမယ့်လည်း ဖုန်းထဲမှာတော့ အသုံးပြုရတာ စိမ်းနေတုန်းပါပဲ။ ဝင်းဒိုးဖုန်း အသုံးပြုသူ အများစုဟာ မိမိကြိုးစားပြီးရရှိလာတဲ့ အောင်မြင်မှုတွေအတွက် မိမိကိုယ်ကို ဂုဏ်ယူနေတတ်သူတွေပါ။ အပေါင်းအသင်းအများကြီးမရှိတတ်ပေမယ့် ခင်တဲ့သူတွေအပေါ်တော့ အရမ်းဂရုစိုက်တတ်ကြပါတယ်။ ခွင့်လွတ်တတ်သူ၊ လေ့လာသင်ယူတတ်သူဖြစ်ပြီး စူးစမ်းလိုစိတ်များကြပါတယ်။ အလုပ်ကိစ္စတွေမှာ စိတ်ပါဝင်စားစွာပြုလုပ်ပြီး သဘာဝကျကျ ဆုံးဖြတ်နိုင်စွမ်းရှိပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top