Healthy Life Ad
Health Tips

၀က်ခြံအမာရွတ်ကင်းသော အလှတရားပိုင်ဆိုင်စေရန် . . .

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ဝက်ခြံအဖုအပိမ့်တွေကို ကုတ်ခြစ်တာကြောင့် ဖြစ်ရတဲ့ထိခိုက်မှုတွေ မဖြစ်စေဖို့နဲ့ အသားအရေပျက်စီးမှု မဖြစ်စေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

– ဝက်ခြံကို မကုတ်ရ၊ မဖဲ့ရ
ဝက်ခြံဖုတွေကို လက်နဲ့ဖဲ့ဆိတ်တဲ့အခါ ဝက်ခြံပျောက်သွားရင်တောင် ရောင်ရမ်းမှုကျန်ခဲ့တဲ့အတွက် အမာရွတ်ထင်တတ်ပါတယ်။ အမာရွတ်မထင်စေချင်ရင် ဝက်ခြံဖုတွေကို လက်နဲ့ထိတာ၊ ပွတ်တာနဲ့ ကုတ်ခြစ်တာတို့ကို မလုပ်သင့်ပါဘူး။ အရေပြားကို ကုတ်ဖဲ့တာက ရောင်ရမ်းမှုကိုတိုးစေပြီး အရေပြားကို ထပ်မံထိခိုက်စေနိုင်ပါတယ်၊ ဝက်ခြံအမာရွတ်တွေကို ပိုဆိုးစေပြီး ကြာကြာထင်စေနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘက်တီးရီးယားတွေကို အရေပြားထဲ ပိုရောက်စေတဲ့အတွက် ကော်လာဂျင်ထိခိုက်မှု ဖြစ်စေလို့ပါ။

– ဝက်ခြံပြဿနာရှိလျှင် ကုသပါ
ဝက်ခြံအမာရွတ်ကိုရှောင်လွှဲဖို့ အကောင်းဆုံးနည်းက ဝက်ခြံစပေါက်တာနဲ့ ကုသဖို့ပါပဲ။ ဒီ့ထက် ပိုကောင်းတဲ့နည်းကတော့ ဝက်ခြံမထွက်သေးခင်ကတည်းက ကာကွယ်ထိန်းချုပ်ဖို့ပါ။ တကယ်လို့ ဝက်ခြံဖုတွေ အလွန်အမင်းပေါက်လာရင် အရေပြားအထူးကုဆရာဝန်နဲ့ သေချာပြသကာ ကုသမှုခံယူလိုက်ပါ။

– အမှတ်မည်းနှင့် အမာရွတ်ကို ခွဲခြားနားလည်ပါ
ရောင်ရမ်းမှုကြောင့်ဖြစ်တဲ့ အရေပြားအမှတ်မည်းဟာ သုံးလ-ခြောက်လအတွင်း ပျောက်သွားပါလိမ့်မယ်။ အရေပြား ကော်လာဂျင်ထိခိုက်လို့ဖြစ်တဲ့ အမှတ်မည်းကတော့ လေဆာနဲ့ကုဖို့လိုအပ်ပါတယ်။

– နေရောင်ခြည်ဒဏ်ရှောင်ပါ
နေဒဏ်ခံရရင် အမာရွတ်တွေကို ပိုမိုမည်းနက်စေပြီး အနာကျက်ဖို့ အချိန်ပိုကြာတတ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်အလင်းတန်းဟာ အရေပြားကနေ ရောင်ခြည်ပစ္စည်းထုတ်တဲ့ဆဲလ်တွေကို အားကောင်းစေပြီး အမာရွတ်တွေကို ပိုပြီးမြင်သာစေပါတယ်။ အမြဲတမ်းနေကာနိုင်စွမ်း SPF အဆ ၃၀ နဲ့ အထက်ပါတဲ့ နေကာခရင်မ်ကို လိမ်းပေးရပါမယ်။

– ရှားစောင်းလက်ပပ်အနှစ်သား သုတ်လိမ်းပါ
ဝက်ခြံအမာရွတ်တွေ အနာကျက်ဖို့ ရှားစောင်းလက်ပပ်အနှစ်သားသုတ်လိမ်းလိုက်ပါ၊ ရောင်ရမ်းမှုလျော့ကျစေပါတယ်။ ရက်တီးနွိုက် (Retinoid) ခရင်မ်ထဲ ရှားစောင်းလက်ပပ်အနှစ်သား ထည့်လိမ်းပေးရင် အနာကျက်နှုန်းကို ပိုကောင်းစေပါတယ်။ ရှားစောင်းလက်ပပ်ဟာ ထိခိုက်ဒဏ်ရာရပြီးနောက် အရေပြားထဲက ကော်လာဂျင်ကို အားကောင်းစေပြီး အမာရွတ်ဖြစ်နှုန်းကို လျော့ပါးစေပါတယ်။ အမာရွတ်နဲ့ ဝက်ခြံအဖုပေါ် ရှားစောင်းလက်ပပ်အနှစ်သားကို တစ်နေ့ နှစ်ကြိမ် သုတ်လိမ်းပေးရင် ဝက်ခြံအဖုအပိမ့် လျော့ပါးစေပါတယ်။

– ဗီတာမင်စီ မှီဝဲပါ
ဗီတာမင်စီက မျက်နှာအမာရွတ်ထင်နှုန်းလျော့ကျစေတဲ့ ကော်လာဂျင်တွေကို အားကောင်းစေပါတယ်။ ဗီတာမင်စီက ဆဲလ်နံရံတွေကို သန်စွမ်းစေပြီး အသားအရေကိုအပြစ်အနာအဆာ မထင်အောင် ကာကွယ်ပေးပါတယ်။ ဗီတာမင်စီပါတဲ့ မာလကာသီး၊ လိမ္မော်သီး၊ သံပရာသီး စတာတွေကို စားပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top