Healthy Life Ad
Life Style

သင့်ကွန်ပျူတာ မျက်နှာပြင်က သင့်အကြောင်း ပြောပြနေပါတယ်

ကိုထက်

လူတွေရွေးချယ်လိုက်တဲ့အရာတွေ၊ အကြိုက်နှစ်သက်ဆုံးအရာတွေကို ကြည့်ပြီး ၎င်းင်းတို့ရဲ့ စိတ်နေသဘောထားစရိုက်တွေကို ခန့်မှန်းပြောဆိုလာနိုင်ကြောင်း လေ့လာမှုတွေ အများအပြားရှိပါတယ်။ အခုအခါ လူ့စိတ်နေစိတ်ထား စရိုက်လက္ခဏာဆိုင်ရာ ကျွမ်းကျင်စိတ်ပညာရှင် ဒိုနဒေါ်ဆန်က ရုံးတွင်း အလုပ်သမားအများအပြားကို စစ်တန်းကောက်လေ့လာမှု ပြုခဲ့ပါတယ်။ ရုံးဝန်ထမ်းတွေရဲ့ ကွန်ပျူတာမျက်နှာပြင် အခြေအနေဟာ သူတို့ရဲ့စိတ်နေစိတ်ထားကို သာမကအကျင့်စရိုက်နဲ့ သူတို့ရဲ့ရည်မှန်းချက်ကိုပါ ခန့်မှန်းပြောနိုင်တယ်လို့ ဆိုပါတယ်။

သင်က ဖိုင်တွေနဲ့ ရှုပ်နေရင်
အလုပ်ကိစ္စအများအပြားကို တစ်ပြိုင်တည်းတွေးနေ သူပါ

ကွန်ပျူတာမျက်နှာပြင်ပေါ်မှာ Icon တွေ၊ ဖိုင်တွေ အများအပြားနဲ့ ရှုပ်နေသူတွေဟာ စိတ်ပြန့်လွင့်လွယ်သူတွေ ဖြစ်ကြပါတယ်။ အာရုံစိုက်နိုင်စွမ်း အားနည်းတတ်ကြပါတယ်။ အလုပ်ကိစ္စအများအပြားကို တစ်ပြိုင်တည်း တွေးတောနေတတ်ကြတဲ့အတွက် အစွမ်းရှိသလောက် အလုပ်မတွင်ဘဲ ဖြစ်တတ်ကြပါတယ်။ အပေါင်းအသင်းတွေကြားမှာ နားလည်ရခက်တဲ့ လူတွေဖြစ်တတ်ကြပြီး သူတို့ရဲ့ အတွေးတွေက သူများတွေအတွက် ရှုပ်ထွေးနေတတ်ပါတယ်။ ဒါပေမဲ့ သဘောကောင်းကြပြီး အများအကျိုးအတွက် စိတ်အားထက်သန်စွာ ကူညီတတ်သူတွေလည်း ဖြစ်ကြပါတယ်။

သင်က ဖိုင်တွေကို နှစ်ခြမ်းခွဲစီထားတတ်ရင်
တရားမျှတသူပါ

ကွန်ပျူတာမျက်နှာပြင်ပေါ်ရှိ ပုံတွေ၊ သီချင်းတွေ စတာတွေကို တစ်ဖက်၊ အလုပ်ကိစ္စတွေ၊ စာတွေကို တစ်ဖက် ဒါမှမဟုတ် အလားတူ တစ်ဖက်စီ အစီအရီ စီထားတတ်သူတွေဟာ တရားမျှတသူတွေ ဖြစ်ကြပါတယ်။ လူတိုင်းမှာ တန်ဖိုးကိုယ်စီရှိတယ်လို့လည်း ယုံကြည်လက်ကိုင်ထားသူတွေဖြစ်ကြပါတယ်။ အခက်အခဲတွေ ရင်ဆိုင်ရချိန်မှာလည်း ခေါင်းအေးအေးနဲ့ သေသေချာချာစဉ်းစားပြီးမှ ဆုံးဖြတ်ဆောင်ရွက်တတ်သူတွေ ဖြစ်ကြပါတယ်။ စည်းကမ်းကို တန်ဖိုးထားပြီး ပရမ်းပတာလုပ်သူတွေကိုလည်း မနှစ်မြို့တတ်ပါဘူး။ ပတ်ဝန်းကျင်ကို အလေးထားသူတွေ ဖြစ်ပါတယ်။

သင်က ဖိုင်အုပ်စုတွေအများကြီး ခွဲထား တတ်ရင်
ဇွဲရှိသူပါ

အမျိုးအစားတူရာ ဖိုင်တွဲလေးတွေကို တစ်စုစီ တစ်စုစီ အများအပြားစုထားတတ်သူတွေကတော့ ဇွဲရှိသူတွေ ဖြစ်တတ်ကြပါတယ်။ အခက်အခဲ စိန်ခေါ်မှုတွေ ရင်ဆိုင်ဖြေရှင်းရတာကို သဘောကျတတ်သူတွေ ဖြစ်ပါတယ်။ စိတ်ဓာတ်ခိုင်မာပြီး အရှုံးတွေနဲ့ ဘယ်လောက်ရင်ဆိုင်ရပါစေ နောက်မဆုတ်တတ်သူတွေ ဖြစ်ကြပါတယ်။ မိမိကိုယ်ကိုယ် ကောင်းကောင်း ထိန်းချုပ်နိုင်သူတွေ ဖြစ်ကြပါတယ်။ တီထွင်ဖန်တီး နိုင်စွမ်းလည်း ရှိကြပါတယ်။ အယူအဆတွေ၊ အမြင်တွေ ကွဲလွဲနေတဲ့သူတွေနဲ့ ကြုံတဲ့အခါမှာ လုံးဝအလျှော့မပေးတတ်သူတွေ ဖြစ်ကြပါတယ်။

သင်က သဘောကျတဲ့ ရုပ်ပုံလေးကိုသာ တင်ထားရင်
ရည်မှန်းချက်ကို မျက်ခြေမပြတ်ထားတတ်သူပါ

ကွန်ပျူတာ မျက်နှာပြင်ပေါ်မှာ ဖိုင်တွေကို ရှင်းထားပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ နောက်ခံပုံလေး တွေ ထားတတ်သူတွေဟာ ကိုယ့်ရည်မှန်းချက်ဘဝကို ဖော်ကျူးထားကြသူတွေဖြစ်ကြပါတယ်။ နောက်ခံပုံကို သဘာဝရှုခင်းပုံတွေ တင်ထားသူတွေဟာ ခရီးသွားရတာ နှစ်သက်သူတွေ၊ ဓာတ်ပုံရိုက်ဝါသနာပါသူတွေ ဖြစ်တတ်ပြီး သူတို့ရိုက်ထားတဲ့ပုံလေးတွေကို တင်ထားတတ်ကြပါတယ်။ လူမှုဆက်ဆံရေး ကောင်းပြီး အများအားဖြင့် ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ ပါးပါးနေလိုသူတွေ ဖြစ်ကြပါတယ်။ အေးအေးဆေးဆေးနေတတ်ကြပြီး တစ်ခါတလေ တစ်ယောက်တည်း နေရတာကို နှစ်သက်တတ်ကြပါတယ်။

သင်က ဘာရုပ်ပုံမပါတဲ့ နောက်ခံမျက်နှာ ပြင်ထားတတ်ရင်
လျှို့ဝှက်တတ်သူပါ

အပြာရောင်၊ အနက်ရောင်စတဲ့ အရောင်မျက်နှာပြင်ကြီးတစ်မျိုးကိုပဲ ထားတတ်သူတွေဟာ အများအားဖြင့် လျှို့ဝှက်တတ်သူတွေပဲ ဖြစ်ကြပါတယ်။ အေးတိအေးစက်နိုင်ပါတယ်။ သူတို့ရဲ့အတွင်းစိတ်ကို ခန့်မှန်းရခက်ပြီး ခံစားချက်ကို မျိုသိပ်ထားတတ် သူတွေပါပဲ။ အပေါင်းအသင်းအများကြီး မထားတတ်ကြပါဘူး။ ရှိတဲ့အပေါင်းအသင်းပေါ်ကို သံယောဇဉ် ကြီးတတ်ကြပါတယ်။ တစ်ခါတစ်ရံ အပေါင်းအသင်းတွေနဲ့ နားလည်မှုတွေ လွဲတတ်ပါတယ်။ ခံစားချက်တွေကို မျိုသိပ်ထားတဲ့အတွက် မရင်းနှီးသူတွေက သင့်ကို သိပ်ပြီးယုံကြည်မှု မပေးနိုင်တာမျိုးတွေ ကြုံ ကြရလေ့ရှိပါတယ်။

သင်က ဆုဖလားပုံတွေကို နောက်ခံပုံထား တတ်ရင်
အောင်မြင်မှုကို လိုလားသူပါ

နောက်ခံပုံကို ဆုဖလားပုံတွေ ဒါမှမဟုတ် အားကစားသမားတွေ အောင်ပွဲခံနေပုံတွေလိုမျိုးပုံတွေ ထားထားသူတွေဟာ အများအားဖြင့် စိတ်ကြီးသူတွေ ခေါင်းမာသူတွေ ဖြစ်တတ်ကြပါတယ်။ စိတ်ထဲက ခံစားချက်ကို အလေးထားပြီး လုပ်ဆောင်တတ်ကြပါတယ်။ ပတ်ဝန်းကျင်ကို သိပ်ပြီး ဂရုမစိုက်တတ်ပါဘူး။ အောင်မြင်မှုကို အရမ်းမက်မောသူတွေ ဖြစ်ကြပါတယ်။ အမြဲလိုလို တက်ကြွလန်းဆန်းနေတဲ့အတွက် အပေါင်းအသင်းတွေက အားကျတာခံရလေ့ရှိပါတယ်။ စိုးရိမ်စိတ်လည်းကြီးပြီး ဖြတ်ထိုးဉာဏ်ကောင်းသူတွေလည်း ဖြစ်တတ်ကြပါတယ်။

[Unicode]
Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Most Popular

Healthy Life Ad
To Top