Healthy Life Ad
Q & A

ဆေးလိပ်ဖြတ်ပြီး ဝလာမှာစိုးတယ် . . .

မေး။ ။ ဆေးလိပ်ဖြတ်ပြီးရင် ဝလာတယ်လို့ ပြောကြပါတယ်။ ကျွန်တော် ဆေးလိပ်ဖြတ်ချင်ပါတယ်။ ဝလာ မှာလည်း စိုးပါတယ်။ ဘယ်လို စားသောက်သင့်ပါသလဲ။

ကိုစိုး၊ ရန်ကင်း။

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး)မှ ဖြေကြားပေးပါသည်။

ဖြေ။ ။ ဆေးလိပ်ဖြတ်ပြီးရင် မဝလာနိုင်ပါဘူး။ ဆေးလိပ်ဖြတ်မယ်ဆိုရင် တချို့လူတွေက ဆေးလိပ်ကို တော်တော်နဲ့ မဖြတ်နိုင်ကြဘူး။ အဲဒီတော့ ဆေးလိပ်ဖြတ်ပြီးရင် ပူရှိန်းအလုံးလေးတွေ အစားထိုး စားပေးရတယ်။ ထမင်းစားပြီး ဆေးလိပ်သောက်တဲ့ အကျင့်စွဲနေသူတွေကို ထမင်းစားပြီးတာနဲ့ ပူရှိန်းအလုံးလေးတွေ စားခိုင်းပါတယ်။ နေကြာစေ့ စားပေးနိုင်ပါတယ်။ ပီကေဝါးပေးနိုင်ပါတယ်။ ဒါပေမဲ့ ကွမ်းမစားရပါဘူး။ ကွမ်းစားလိုက်ရင် ဆေးလိပ်ပြတ်သွားခဲ့တာတောင် ကွမ်းစွဲသွားတတ်ပါတယ်။ အခုနောက်ပိုင်းမှာတော့ ဆေးလိပ်ဖြတ်မယ့်သူတွေအတွက် Patch လေးတွေပေါ်လာပါတယ်။ အဲဒါလေးတွေ ကပ်ထားရင်လည်း ဆေးလိပ်ပြတ်အောင်ကူညီပါတယ်။

ဆရာမကတော့ ဆေးလိပ်ဖြတ်မယ့်သူတွေကို ပီကေဝါးခိုင်းတယ်၊ နေကြာစေ့ စားခိုင်းတယ်၊ တစ်ခါတလေ သကြားလုံး စားခိုင်းပါတယ်။ ဖြစ်နိုင်ရင် ထမင်းစားပြီးတာနဲ့ ပန်းသီး၊ ပန်းသစ်တော်တို့လို အသီးလေးတွေစားပေးရပါမယ်။ ဒါဆိုရင် ဆေးလိပ်သောက်ချင်စိတ်လျော့သွားပါတယ်။ ဆေးလိပ်ထဲမှာ နီကိုတင်းဓာတ်ပါဝင်တာကြောင့် နီကိုတင်းရဲ့သဘောသဘာဝက ဆေးလိပ်ဖြတ်လိုက်ရင် အစားစားချင်စိတ်ပြန်ပေါ်လာတတ်ပါတယ်။ အဲဒီတော့ အစားအသောက်ပိုစားမိတယ်ဆိုရင် ကိုယ်အလေးချိန်ကို ပြန်ထိန်းတဲ့အနေနဲ့ လမ်းလျှောက်ပေးရပါမယ်။ အဓိက လမ်းလျှောက်တာနဲ့ ထိန်းပေးရင် ကိုယ်အလေးချိန်ကိုထိန်းပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top