Healthy Life Ad
Life Style

မကျန်းမာရင် ကျန်မာရေးစစ်ဆေးပြီး ကုပါ(၂) . . .

ပါမောက္ခဒေါ်သန်းသန်းအေး(ဆီးချိုနှင့် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

– ယခင်တစ်ပတ်မှ အဆက်
ရှေ့မှာပြောခဲ့သလို လူနာရဲ့အဓိကပြဿနာကို သေချာစွာမေးမြန်းစစ်ဆေးခြင်း (History Taking Process)နဲ့ ကျွမ်းကျင်စွာ စမ်းသပ်ခြင်း (Physical Examination)ပြုလုပ်ပြီး ရရှိတဲ့ ဖြစ်နိုင်ခြေအများဆုံးဆိုတဲ့အဖြေကို ဦးစွာဖော်ထုတ်ထားရပါမယ်။ ဒီလိုထင်ထားတဲ့ ရောဂါအတွက် သင့်တော်တဲ့ စစ်ဆေးမှုကို မှန်ကန်စွာရွေးချယ်ရပါမယ်။ အချိန်ကိုက် အမြန်လိုရင်လိုသလို စစ်ဆေးပြီး တိကျမှန်ကန်တဲ့ စစ်ချက်အဖြေမှန်ကို ရရှိမှသာ အကောင်းဆုံး အထိရောက်ဆုံး စစ်ဆေးခြင်းဖြစ်ပါမယ်။ မှန်ကန်တဲ့ ကုထုံးကို အချိန်မီဆုံးဖြတ်ချက်ချနိုင်ပါမယ်။ ဒါမှသာ ဓာတ်ခွဲခန်းကို အကောင်းဆုံးအသုံးပြုရာ ရောက်ပါမယ်။ ဓာတ်ခွဲခန်း အထောက်အကူတွေဟာ ကုန်ကျသလောက် ထိရောက်မှုရှိအောင် အသုံးပြုတတ်ဖို့ လိုပါတယ်။

ရောဂါရဲ့ အရေးကြီးခြင်း၊ အသက်အန္တရာယ်နီးခြင်း ရှိ/မရှိ၊ အရေးပေါ် အခြေအနေ ဟုတ်/မဟုတ်၊ ခက်ခဲပြီး ကိုယ်တွင်းသို့ ထိုးဖောက်ပြီး အဖြေရှာရတဲ့ စစ်ဆေးချက်တွေ လို/မလို၊ ရတဲ့အဖြေကရော လူနာအတွက် ကောင်းကျိုး ရှိ/မရှိ။ ဆရာဝန်တွေ သိရုံအတွက်လောက်ပဲ အကျိုးရှိတာလား၊ ထင်ကြေးကို သိရုံသက်သက်၊ သက်သေပြဖို့သက်သက် စစ်နေတာလား . . ဒါတွေကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။

ရှိသမျှ စစ်ချက်တွေတန်းစီပြီး လုပ်ပြီးခါမှ ရောဂါက သွေးလွန်တုပ်ကွေး ဒါမှမဟုတ် သာမန်အူရောင်ငန်းဖျားပဲလည်း ဖြစ်နေတတ်ပါတယ်။ ဒါဆိုရင် ကုန်ကျတာနဲ့ ရောဂါရဲ့ အရေးကြီးတာနဲ့ နှိုင်းယှဉ်လိုက် မယ်ဆိုရင်မတန်ပါဘူး။

တစ်ဖက်မှာလည်း အရေးကြီးတဲ့ ရောဂါကိုစစ်သင့်တာ မစစ်ခဲ့မိလို့ ဒါမှမဟုတ် ငွေကြေးကုန်ကျ စရိတ်ကြည့်နေရလို့ မစစ်ခဲ့ရင် under-untilization ဖြစ်တတ်ပါတယ်။ ဒီလိုအသုံးမချတတ်ဘဲ ထင်ကြေးနဲ့ ကုရင်းလမ်းလွဲနေပြီး နောက်ဆုံး ပိုကုန်ကျပြီး မအောင်မြင်တာ၊ ဆုံးရှုံးတာ ရှိတတ်ပါတယ်။ ထိုက်တန်တဲ့ ကုန်ကျမှုမျိုးဆိုရင် စရိတ်ကိုသိပ်မတွက်ဘဲ ကုန်ကျစေသင့်ပါတယ်။ ဒီလိုမှန်ကန်တဲ့စစ်ချက်တွေ ရွေးနိုင်ဖို့ကလည်း ကုသပေးတဲ့ ဆရာဝန်အပေါ် များစွာမူတည်ပါတယ်။ အတွေ့အကြုံအသိပညာနဲ့ ချင့်ချိန်ပြီး ကုန်သင့်၊ မကုန်သင့်ဆုံးဖြတ်ပေးသင့်ပါတယ်။

ဓာတ်ခွဲစမ်းသပ်မှုတွေဟာ ရောဂါကို တိတိကျကျ အဖြေရှာရာမှာသာမက ရောဂါရဲ့ ပြင်းထန်မှု ရှိ/ မရှိ (Severity)၊ ရောဂါရဲ့ အလားအလာ မှန်းဆပေးနိုင်တာ (Prognosis)၊ ကုသနေစဉ် ရောဂါကောင်း လာသလား၊ ဆိုးသွားသလား (Monitoring)၊ ပေးတဲ့ ဆေးနဲ့ ရောဂါနဲ့ သင့်/မသင့် (Culture and Antibiotic Sensitivity)၊ အရေးကြီးတဲ့ ရောဂါတွေမှာ ဆေးပေးနည်းနေသလား/များနေသလား၊ ဆေးကြောင့် အဆိပ်မဖြစ်စေဖို့ (Drug Levels Measurement) စတာတွေအတွက်လည်း များစွာ အသုံးကျကြောင်း အသိပေးလိုပါတယ်။ ဒါကြောင့် ဆေးပညာအဆင့်အတန်းကို ဓာတ်ခွဲခန်းကောင်းကောင်း ရှိ/မရှိ ဆိုတာကလည်း ဆုံးဖြတ်ပေးပါတယ်။

မြန်မာပြည်သူ၊ပြည်သားများအားလုံးအတွက် တစ်ပြည်လုံးအနှံ့ အရည်အချင်းမီတဲ့ ဓာတ်ခွဲခန်းရရှိမယ်၊ ဆရာဝန်တွေကလည်း အကျိုးများပြီး စရိတ်နည်းအောင် အသုံးချတတ်မယ်၊ လူနာတွေကလည်း မိမိရောဂါကို ပိုပြီး တိကျတဲ့ အဖြေရှာပြီး ကုသခံယူလိုတဲ့ အလေ့အထ မွေးမြူမယ်၊ ကျင့်သုံးလာမယ်ဆိုရင် နောင်မှာ အဆင့်အတန်းမီတဲ့ ဆေးလောကကြီး ဖြစ်လာမှာ မလွဲပါဘူးဆိုတဲ့ ခံယူချက်ကို တင်ပြလိုက်ပါတယ်။

“မကျန်းမာရင် ကျန်းမာရေး စစ်ဆေးပြီး ကုပါ” ဆိုတဲ့ သတိပေးချက်လေးနဲ့ ဒီဆောင်းပါးကို နိ ဂုံးချုပ်လိုက်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top