Healthy Life Ad
Health Tips

ဆားရေစိမ်ဟင်းသီးဟင်းရွက်နှင့် အချဉ်တည်ထားသည့်အစာ ကောင်းကျိုး၊ ဆိုးကျိုး

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး)

ဆားရေစိမ်ထားတဲ့ ဟင်းသီးဟင်းရွက်၊ တို့စရာတွေကို စားတာများရင် ဘယ်လိုဆိုးကျိုး ရနိုင်သလဲ။ မုန်ညင်းချဉ်၊ ကြက်သွန်ချဉ်၊ နှမ်းဖတ်ချဉ် . . အဲဒီလို အချဉ်တည်ထားတဲ့ အစာတွေကကော ကျန်းမာရေး ကောင်းကျိုး၊ ဆိုးကျိုး ဘယ်လောက်ရှိပါသလဲ။ ဒီမေးခွန်းတွေက အချဉ်တည်ထားတဲ့ အစာတွေကို ကြိုက်နှစ်သက်စွာ စားသုံးတတ်သူတွေ မေးလေ့ရှိတဲ့ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ဟင်းသီးဟင်းရွက်၊ တို့စရာတွေကို ဆားရေစိမ်လိုက်တယ်ဆိုတာ Fermentation ဖြစ်သွားပါတယ်။ အဲဒါကြောင့် မုန်ညင်းချဉ်၊ ကြက်သွန်ချဉ်၊ နှမ်းဖတ်ချဉ်စတဲ့ အချဉ်တည်ထားတဲ့ အစာတွေကို စားလိုက်တဲ့အခါ ဆိုးကျိုးတွေ ရတတ်ပါတယ်။

ဆိုးကျိုးတွေအနေနဲ့ ရတတ်တာတွေကတော့-

ဆား (ဆိုဒီယမ်) များတဲ့အတွက် သွေးတိုးရောဂါရှိသူတွေနဲ့ မတည့်ပါဘူး။ သွေးတိုးရောဂါမရှိရင်တောင် ဆားများတဲ့အတွက် အမြဲလိုလို စားမယ်ဆိုရင်၊ မကြာခဏ စားမယ်ဆိုရင် သွေးတိုးလာနိုင်ပါတယ်။

အချဉ်ဖောက်ထားတဲ့အတွက် ရေရှည်စားမယ်ဆိုရင် အစာအိမ်ရောဂါရှိသူတွေနဲ့ လုံးဝမတည့်ပါဘူး။ အစာအိမ်အနာရှိမယ်ဆိုရင် ဒီအချဉ်ဖောက်ထားတဲ့ အစာတွေကို မစားသင့်ပါဘူး။

ကတက်ချဉ်၊ မုန်ညင်းချဉ်၊ ကြက်သွန်ချဉ် စတာတွေက အချဉ်ဖောက်တယ်ဆိုတာ ဖန်းဂတ်စ်တွေပါပဲ။ အဲဒီအတွက် အစာအိမ်ရောဂါရှိတဲ့သူတွေက ဒီလိုအချဉ်တွေကို စားပြီးတဲ့အခါ ဝေဒနာပိုဆိုးတာပါပဲ။ တချို့လူတွေမှာ အစာအိမ်ရောဂါဝေဒနာတွေက ရာသီအလိုက် ဖြစ်တတ်ပါတယ်။ တချို့လူတွေက မိုးရာသီမှာဆိုရင် ဗိုက်နာတတ်တယ်။ အဲဒီလို ရာသီအလိုက် ဗိုက်နာတတ်တဲ့သူတွေဆိုရင် အချဉ်ဖောက် ထားတဲ့ အစာတွေကို လုံးဝမစားသင့်ပါဘူး။

တချို့က အချဉ်စာတွေကို ကြာကြာစားရင် ကင်ဆာဘက်ကို ဦးတည်နေတယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ သေချာလေ့လာထားတဲ့ သုတေသနတော့ မဟုတ်သေးပါဘူး။ ကိုရီးယားမှာ ဟိုးအရင်ကလုပ်ထားတဲ့ သုတေသနအရ ကင်မ်ချီများများ စားတဲ့သူတွေက အစာအိမ်ရောဂါ ဖြစ်တတ်တယ်၊ ပြီးတော့ အစာအိမ်ကင်ဆာဘက်ကို ဦးတည်နေတယ်လို့ ဆိုထားပါတယ်။ အချဉ်ဖောက်ထား တဲ့ အစာတွေက ကင်ဆာနဲ့ ဆက်နွှယ်မှုရှိတယ်လို့ ဟိုးအရင်က လုပ်ထားတဲ့ လေ့လာမှုအရလည်း ဖော်ပြဖူး ပါတယ်။ ဒါပေမဲ့ ဒါကိုအနောက်တိုင်းက သက်သေပြထားတာတော့ မရှိသေးပါဘူး။

တစ်ခါတလေ စားမယ်ဆိုရင်တော့ အဆိုးကြီးမဟုတ်ပါဘူး။ ဒါပေမဲ့ နေ့စဉ်ထမင်းစားတိုင်း မုန်ညင်းချဉ်၊ ကတက်ချဉ် စတဲ့ အချဉ်ဖောက်ထားတဲ့ အစာတွေကို စားတာမျိုး၊ ဆားရေစိမ်ထားတဲ့ ဟင်းသီးဟင်းရွက် တွေကို အမြဲမထည့်စားသင့်ပါဘူး။ တစ်ပတ်မှာမှ တစ်ခါ-အလွန်ဆုံး နှစ်ခါလောက် စားတယ်ဆိုရင် တော်သေး တယ်။

တကယ်လို့ ခရီးသွားပြီး ပြန်လာတယ်၊ မုန်ညင်းချဉ်စားချင်တယ်ဆိုရင် ဝမ်းပျက်ဝမ်းလျှောတာတွေဖြစ်တတ် ပါတယ်၊ အဲဒီလို ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် ဒိန်ချဉ်စားထားသင့်ပါတယ်။ ဒိန်ချဉ်ထဲမှာပါတဲ့ အကျိုးပြု ဘက်တီးရီးယားပိုးတွေက အစာအိမ်အူလမ်းကြောင်းမှာ ဝင်ရောက်ပြီး မုန်ညင်းချဉ်လို အချဉ်စားလိုက်တဲ့အခါ ပါလာတဲ့ ဖန်းဂတ်စ်ပိုးတွေကို တိုက်ထုတ်ပေးပါတယ်။

Most Popular

Healthy Life Ad
To Top