Healthy Life Ad
Child

ကလေးများတွင်ဖြစ်သည့် အူအတက်ရောင်ခြင်း

ပါမောက္ခဦးအေးမွန်(ခွဲစိတ်အထူးကု ဆရာဝန်ကြီးနှင့် တွေ့ဆုံဆွေးနွေးခြင်း)

မေး. ကလေးတွေမှာကော အူအတက်ရောင်တတ်ပါ သလားဆရာ။

ဖြေ. အူအတက်ရောင်တာက အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ မွေးကင်းစကလေးကနေ အသက်ရာကျော်အထိ အူအတက်ရောင်တာဖြစ်နိုင်ခြေရှိပါတယ်။ အဖြစ်များဆုံးကတော့ လူလတ်ပိုင်းအရွယ်တွေပဲ ဖြစ်ပါတယ်။ အူအတက်ရောင်တာက အသက် ၁၀ နှစ်ကနေ ၃၀ နှစ်အရွယ်အထိ အဖြစ်များဆုံးပါ။ ဒါပေမဲ့ သုံးလသား၊ လေးလသားအရွယ်ကနေ အသက် ၁၀ဝ ကျော်အရွယ်အထိ အူအတက်ရောင်တာကို တွေ့ဖူးပါတယ်။

မေး. ကလေးတွေမှာ အူအတက်ရောင်တဲ့အခါဖြစ်တဲ့ လက္ခဏာတွေက လူကြီးတွေမှာဖြစ်တဲ့ အူအတက်ရောင် တဲ့ လက္ခဏာတွေနဲ့ ဆင်တူပါသလား ဆရာ။

ဖြေ. ကလေးတွေမှာကျတော့ အူအတက်ရောင်တယ်ဆိုရင် ပါးစပ်ကနေမပြောတတ်ဘူး၊ ဗိုက်ဘယ်နေရာ နာတယ်၊ ဘယ်လိုနာတယ် စသဖြင့် လူကြီးလိုမပြောနိုင်တော့ ကလေးတွေမှာဆိုရင် ရောဂါစမ်းရ နည်းနည်းခက်ပါတယ်။ ဆရာတို့က လူနာလာပြရင် ရောဂါရာဇဝင်မေးရတယ်၊ စမ်းသပ်ရတယ်၊ ကလေးတွေကျတော့ ရောဂါရာဇဝင်မေးလို့မရဘူး၊ ကလေး မိခင်လောက်ကပဲ အကြမ်းဖျင်းပြောနိုင်ပါတယ်။ ကလေးပျို့ချင်သလိုဖြစ်တာ၊ ဖျားတာ . . ဒီလောက်ပဲ ပြောနိုင်ပါတယ်။ အဲဒီတော့ ကလေးကျတော့ စောစောစီးစီးသိဖို့ ခဲယဉ်းပါတယ်။ ဒါပေမဲ့ စမ်းသပ်လိုက်ရင်တောသိပါတယ်။ ဒါကလည်း သံသယရှိမှ ဆရာဝန်ဆီပြပြီး စမ်းသပ်ဖြစ်တာမျိုးဆိုတော့ သံသယမရှိရင် ကလေးတွေ အူအတက်ရောင်တာကို စောစောမသိဘဲ လွတ်သွားတတ်ပါတယ်။

မေး. ကလေးတွေမှာ အူအတက်ရောင်တာလွတ်မသွားအောင် မိဘတွေအနေနဲ့ ဘယ်လိုအချက်တွေကို လိုက်နာသင့်ပါသလဲ ဆရာ။

ဖြေ. မိဘတွေက ကလေးကို ရိုးရိုးဗိုက်အောင့်တာပဲ၊ လေထိုးတာပဲဆိုပြီး ဝမ်းချူနေမယ်၊ လေဆေးတွေပေးမယ် . . အဲဒီလိုလုပ်နေရင် နောက်ကျသွားတတ်ပါတယ်။ အဖျားတွေတက်ပြီး အူအတက်ပေါက်သွားရင် အသက် အန္တရာယ်ရှိပါတယ်။ အူအတက်ရောင်တဲ့အခါ ၂၄ နာရီအတွင်း မခွဲနိုင်ရင် ဗိုက်ထဲအူအတက်ပေါက်ပြီး သွေးဆိပ်ပြန့်သွားနိုင်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးဗိုက်အောင့်တယ်ဆိုရင် ကလေးဆရာဝန်နဲ့ ပြသင့်ပါတယ်။ ကလေးဆရာဝန်က စမ်းလိုက်လို့ သံသယရှိရင် ခွဲစိတ်ဆရာဝန်ကို ပြန်လွှဲပေးမှာ ဖြစ်ပါတယ်။

ခွဲစိတ်ဆရာဝန်က သိပ်သေချာရင် ခွဲပြီး အူအတက်ကို ထုတ်လိုက်မှာဖြစ်ပါတယ်။ သိပ်မသေချာရင် အစာပိုက်သွင်းထားပြီး ပဋိဇီဝပိုးသတ်ဆေးပေးကာ စောင့်ကြည့်နေမှာပါ။ ဆေးပေးလိုက်လို့ သက်သာသွားရင် မခွဲတော့ပါဘူး။ ဆေးပေးပြီး မသက်သာဘူးဆိုမှ ခွဲစိတ်ကုသမှုပေးမှာ ဖြစ်ပါတယ်။

မေး. အူအတက်ရောင်တဲ့အခြေအနေကို သိဖို့ ဘယ်လိုရောဂါရှာဖွေသင့်ပါသလဲ ဆရာ။

ဖြေ. အူအတက်ရောင်တဲ့ အခြေအနေအတွက် အကောင်းဆုံး ရောဂါရှာဖွေနည်းက ဆရာဝန်က လက်နဲ့စမ်းသပ်တာပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ လက်ခံထားတဲ့အချက်ပါ။ သွေးစစ်ဆေးတာ (သွေးဖြူဥများ၊ မများ စစ်တာ)၊ အာထရာဆောင်းရိုက်တာ၊ CT Scan ရိုက်တာတို့ကို လုပ်ဆောင်နိုင်ပါတယ်။ အာထရာဆောင်းရိုက်တာက အလွယ်တကူ လုပ်ဆောင်နိုင်ပါတယ်။ အာထရာဆောင်း ရိုက်မယ်ဆိုရင် အူအတက် သေးသေးလေးရောင်တာကို ရာနှုန်းပြည့် မသိနိုင်ပါဘူး။ အူအတက်ရောင်လို့ ပြည်တည်နေပြီ၊ ခဲနေပြီဆိုရင် သိနိုင်ပါတယ်။ အာထရာဆောင်းရဲ့ ကောင်းတဲ့အချက်က အူအတက်ရောင်တာနဲ့ လွဲမှားနိုင်တဲ့ တခြားရောဂါတွေကို ခွဲခြားသိနိုင်ပါတယ်။ တချို့နိုင်ငံတွေဆိုရင် အထူးသဖြင့် Laparoscopy နည်းနဲ့ ကြည့်ပြီး စစ်ဆေးလေ့ရှိပါတယ်။

မေး. ကလေးတွေမှာ အူအတက်ရောင်တာက ဘာကြောင့်ဖြစ်ရပါသလဲ ဆရာ။

ဖြေ. ကလေးပဲဖြစ်ဖြစ်၊ လူကြီးပဲဖြစ်ဖြစ် အူအတက်ရောင်တာက အတိအကျမသိနိုင်ပါဘူး။ အူအတက်ဆိုတာ သေးသေးလေးပဲ၊ အကြောင်းတစ်ခုခုကြောင့် အူအတက် ပိတ်ဆို့မှုရှိရင် ရောင်နိုင်ပါတယ်။ ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးတစ်ခုခုကြောင့် အူအတက်ရောင်နိုင်ပါတယ်။ နည်းနည်းအသက်ကြီးတဲ့သူတွေမှာ ဝမ်းချုပ်ပြီး ဝမ်း (Fecal Matter)က အူအတက်မှာ သွားပိတ်ပြီး ဖြစ်နိုင်ပါတယ်။ ရှားရှားပါးပါး ဖြစ်တတ်တာက ကင်ဆာအကျိတ် ပိပြီး ဖြစ်တတ်ပါတယ်။ အဖြစ်များတာက ဗိုင်းရပ်စ်ပိုးဝင်တာကြောင့် အူအတက်ရောင်တာနဲ့ အစေ့အဆန်တစ်မျိုးမျိုးပိတ်တာကြောင့် အူအတက်ရောင်တာပဲ ဖြစ်ပါတယ်။ တစ်ခါတလေ ရှားရှားပါးပါး သန်ကောင်ပိတ်ပြီး ဖြစ်တာတွေ့ရပါတယ်။

မေး. အူအတက်ရောင်တာနဲ့ပတ်သက်ပြီး ကလေးတွေ အူအတက်ရောင်တဲ့အခါ မိဘတွေက ဘယ်လိုမျိုး ခေါ်လာလေ့ရှိပါသလဲ ဆရာ။

ဖြေ. ဆရာတို့ အတွေ့အကြုံအရ ကလေးတွေ အူအတက်ရောင်တာက ကလေးဆရာဝန်ကညွှန်လို့ လာပြတာ များပါတယ်။ အူအတက်ဖြစ်နိုင်တယ်လို့ ကလေးဆရာဝန်ကလွှဲလိုက်ရင် မှားခဲပါတယ်၊ သူတို့က သွေးလွန်တုပ်ကွေးနဲ့ တခြားရောဂါတွေ ဟုတ်၊ မဟုတ် စစ်ပြီးမှ လွှဲလိုက်တာဖြစ်လို့ မှန်တာများပါတယ်။ သူတို့ လွှဲလိုက်ပေမယ့် သံသယရှိရင် အစာကျွေးပြီး ပဋိဇီဝပိုးသတ်ဆေးပေးကာ တစ်ရက်လောက် စောင့်ကြည့်ရပါ တယ်။

အဲဒီအချိန်မှာ လေမလည်ဘူး၊ ဗိုက်ဖောင်းတယ်၊ ဖျားတယ်ဆိုရင်တော့ ခွဲလိုက်တာများပါတယ်။ အူအတက်ရောင်တာက ၂၄ နာရီအတွင်း မခွဲရင် အသက်အန္တရာယ်ရှိပါတယ်။ အူအတက်ရောင်တာကို အချိန်မီမခွဲဖြစ်ရင် ကလေးတွေနဲ့ အသက်ကြီးတဲ့ အဘိုး၊ အဘွားတွေက အသက်အန္တရာယ် ပိုထိခိုက်တတ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကိုယ်ခံအားစနစ်က အားနည်းလို့ပါ။

မေး. အူအတက်ရောင်တာကြောင့် သေဆုံးသူဦးရေ မြင့်မားပါသလားဆရာ။

ဖြေ. တစ်ကမ္ဘာလုံးမှာဆိုရင် အူအတက်ရောင်တာကြောင့် သေဆုံးသူက တစ်နှစ်-တစ်နှစ်မှာ ခုနစ်သောင်း လောက်ရှိပါတယ်။ အူအတက်ရောင်ပြီး ၄၈ နာရီအတွင်း မခွဲဘဲထားရင် ၈၀ ရာခိုင်နှုန်းလောက်က ပေါက်ထွက် သွားတတ်ပါတယ်။ အဲဒီအခါ ကလေးတွေနဲ့ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ နှလုံးရောဂါရှိတဲ့သူတွေမှာ အသက်အန္တရာယ် ထိခိုက်တာများပါတယ်။ အမေရိကန်မှာဆိုရင် အူအတက်ရောင်တာကို အရေးပေါ်ကုသမှု အများဆုံးပေးရတဲ့ ရောဂါဖြစ်ပါတယ်။

မေး. အူအတက်ရောင်တာနဲ့ပတ်သက်ပြီး မြန်မာလူမျိုးတွေက အတော်လေးနားလည်လာနေပြီလား ဆရာ။

ဖြေ. မြန်မာနိုင်ငံမှာတော့ ပညာတတ်လူတန်းစားတွေက အူအတက်ရောင်တာကို သိလာကြပါပြီ။ အစားမှားလို့ ဗိုက်အောင့်ရင် ချက်အပေါ်ပိုင်းတွေမှာဖြစ်ပြီး ချက်ဝန်းကျင်နဲ့ ဗိုက်ညာဘက်အောက်ပိုင်းတွေမှာဖြစ်ရင် ဆေးခန်း/ဆေးရုံကို အမြန်ဆုံးပြသင့်ပါတယ်။ ဒါတွေကို သိတာလည်း များလာပါပြီ။

စောစော သိမယ်ဆိုရင် Laparoscope ခွဲလို့ရပါတယ်။ နောက်ကျသွားပြီဆိုရင်တော့ အနာပြည်တည်တာ၊ ဗိုက်ကို အကြီးကြီးဟပြီး ခွဲစိတ်ကုသရတာတွေဖြစ်တတ်တဲ့အတွက် လူနာမှာလည်း အများကြီးနစ်နာပါတယ်။ ဒါကြောင့် အူအတက်ရောင်တယ်လို့ သံသယဝင်တာနဲ့ ဆရာဝန်ဆီအမြန်ဆုံးပြသင့်ပါတယ်။

မေး. အူအတက်ရောင်တာနဲ့ လွဲမှားတတ်တဲ့ရောဂါတွေရှိရင် သိပါရစေဆရာ။

ဖြေ. ဗိုက်အောင့်စေတဲ့ ရောဂါအခြေအနေအားလုံးက အူအတက်ရောင်တာနဲ့ လွဲမှားတတ်ပါတယ်။ အမျိုးသမီး တွေဆိုရင် ကိုယ်ဝန်ရှိတာ၊ သားအိမ်ပြင်ပသန္ဓေတည်တာ ဆီးလမ်းကြောင်းကျောက်တည်၊ ပိုးဝင်တာ စတာတွေ နဲ့မှားနိုင်တယ်။ သွေးလွန်တုပ်ကွေးရောဂါ၊ တီဘီရောဂါစသဖြင့် ဗိုက်အောင့်စေတဲ့အခြေအနေတွေက အူအတက်ရောင်တာနဲ့ မှားနိုင်ပါတယ်။

ဆရာဝန်ပြဖို့ အဆင်မပြေသေးရင် အရည်ပဲသောက်သင့်ပါတယ်၊ အဖတ်မကျွေးသင့်ပါဘူး၊ ဗိုက်ကို မနှိပ်ပါနဲ့၊ ဝမ်းမချူရပါဘူး . . .

မေး. အူအတက်ရောင်တာနဲ့ ပတ်သက်ပြီး အများပြည်သူကို ထပ်မံပညာပေးလိုတာရှိရင် သိပါရစေဆရာ။

ဖြေ. အူအတက်ရောင်တာကို အချိန်မီမသိလိုက်ဘဲ အချိန်ကျော်မှသိရင် ဗိုက်တစ်ပြင်လုံး ပိုးတွေပြန့်ပြီး ကိုယ်ခံအားနည်းတဲ့သူ၊ ဆီးချိုရောဂါရှိသူနဲ့ အသက်ကြီးလွန်း/ငယ်လွန်းသူတွေမှာ အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။ အူအတက်ကို ဖြတ်ထုတ်လိုက်လို့ ဘာမှအန္တရာယ်မရှိတဲ့အတွက်ဖြစ်တာနဲ့ စောစော ဖြတ်ထုတ်ပစ်ဖို့ အရေးကြီးပါတယ်။

အူအတက်ရောင်တာက ဘယ်အသက်အရွယ်မဆို ဖြစ်တတ်ပါတယ်။ တစ်ခါဖြစ်ပြီး အူအတက်ကို ဖြတ်ထုတ်ပြီး ပြီဆိုရင် ထပ်မဖြစ်နိုင်တော့ပါဘူး။ ချက်ပတ်ဝန်းကျင် ဝမ်းဗိုက်ညာဘက်အောင့်နေရင် အူအတက်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်ကို အချိန်မီပြဖို့လိုပါတယ်။ ဆရာဝန်ပြဖို့ အဆင်မပြေသေးရင် အရည်ပဲသောက်သင့် ပါတယ်၊ အဖတ်မကျွေးသင့်ပါဘူး၊ ဗိုက်ကို မနှိပ်ပါနဲ့၊ ဝမ်းမချူရပါဘူး။ ဝမ်းမချုပ်အောင် အမျှင်ဓာတ်ပါဝင်မှုများတဲ့ အသီးအနှံဟင်းသီးဟင်းရွက်များများစားရပါမယ်။ ပြီးရင် ဝမ်းချုပ် မခံဘဲ ဝမ်းမှန်မှန်သွားပေးရပါမယ်။ သန်ချဆေးကို မှန်မှန်သောက်ရပါမယ်။ ဒီလို လိုက်နာရင်တော့ အူအတက် ရောင်တာ အဖြစ်နည်းပါတယ်။

Most Popular

Healthy Life Ad
To Top