Healthy Life Ad
Life Style

၁၀ ရက်အတွင်း ဆံပင်ပြန်ပေါက်လာအောင်

၊ ကိုမိုး ၊

ဆံပင်ကျွတ်နှုန်းများတဲ့အတွက် စိတ်ပူနေပါသလား၊ ဆံပင်ကျွတ်လွန်းတာက သင့်ယုံကြည်မှုကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ ဆံပင် ပြန်ပေါက်ဖို့အတွက် သဘာဝကုထုံးနဲ့ ကျန်းမာရေး ကုထုံးတွေ အများကြီး ရှိပါတယ်။

ဆံပင်ကျွတ်နှုန်းများရခြင်း အကြောင်းရင်းများ
ဗီတာမင်ချို့တဲ့တာကနေ ဟော်မုန်းအပြောင်းအလဲအထိ ဆံပင်ကျွတ်နှုန်းများစေတဲ့ အကြောင်း ရင်းများစွာရှိပါတယ်။ စိတ်ဖိစီးမှုများတာ၊ အိပ်ရေးပျက်တာ၊ ဆေးလိပ်သောက်တာ၊ သိုင်းရွိုက်ရောဂါနဲ့ သွေးဆုံးတာတွေက ဆံပင်ကျွတ်စေတဲ့ အကြောင်းတွေပါ။ ဆံပင်ကို ခပ်တင်းတင်းစည်းတာနဲ့ ဆံပင် လိမ်းပစ္စည်းတွေ လိမ်းတာကြောင့် ဆံပင်ကျွတ်စေနိုင်ပါတယ်။

ဆံပင်ကျွတ်ခြင်းအတွက် သဘာဝကုထုံးများ

-စိတ်ကို အနားပေးပါ
သင် ဆံပင်ကျွတ်နှုန်းများနေရင် ပထမဆုံး လုပ်သင့်တဲ့အရာက သင့်နေထိုင်စားသောက်မှုပုံစံကို ဆန်းစစ်ဖို့ပဲ ဖြစ်ပါတယ်။ အိပ်ရေးပျက်နေသလား၊ စိတ်ဖိစီးမှုများနေသလားဆိုတာကို ဆန်းစစ်လိုက်ပါ။

အလုပ်အချိန်ဇယားကိုပြန်ကြည့်ပါ။ အလုပ်ပင်ပန်းပြီး စိတ်အပန်းပြေဖို့ ခက်ခဲနေရင် ဒါမှမဟုတ် အိပ်ပျော်ဖို့ ခက်ခဲနေရင် တရားထိုင်ပါ။ ဖုန်းကို အသံ (silent လုပ်)ပြီး တိတ်ဆိတ်တဲ့ အခန်းထဲမှာ သက်သောင့်သက်သာ မျက်လုံးမှိတ်ထိုင်ကာ တရားမှတ်ပါ။ ဝင်လေထွက်လေကို အာရုံပြုပြီး စိတ်ကို ကြည်ကြည်လင်လင် ထားရပါမယ်။

ဆံပင်ကျွတ်နှုန်းများခြင်းကို ကာကွယ်ပေးမည့် အစာ များ
သင်က အိပ်ချိန် အလုံအလောက်ရရှိပြီး စိတ်ဖိစီးမှုမများဘူးဆိုရင် သင် စားနေတဲ့ အစားအသောက် ပုံစံကိုပြန်ဆန်းစစ်ကြည့်ပါ။ သံဓာတ်၊ ပရိုတင်းနဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ် ချို့တဲ့တာကလည်း ဆံပင် ကျွတ်တာနဲ့ ဆက်စပ်နေပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်က ဆံချည်မျှင်အိတ်နဲ့ ဦးရေပြား ကျန်းမာစေ တဲ့အတွက် ဆံပင်သား သန်စွမ်းပြီး ဆံပင်ပြတ်တောက်နှုန်းကို လျော့ကျစေပါတယ်။

ဆံပင်သား ကျန်းမာစေသည့် စားသောက်နည်းများ

– နေ့တိုင်း ဟင်းသီးဟင်းရွက် ၆-၁၀ ကြိမ် စားပါ။

– နေ့စဉ် သစ်သီး ၂-၄ ကြိမ် စားပါ။

– ပရိုတင်းအလုံအလောက်စားပါ။ အသားအပြင် ပဲအမျိုးမျိုးစားပြီး ပရိုတင်းဓာတ်ကို ရယူသင့်ပါတယ်။

– အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါဝင်တဲ့ ဥအမျိုးမျိုး၊ အခွံမာသီး၊ အစေ့အဆန်နဲ့ ငါးစတာတွေကို စားပါ။

– နေ့တိုင်း မာလ်တီဗီတာမင်အားဆေးစားပါ။

ဆံပင်သား သန်စွမ်းစေမည့် အစာ
တချို့အစာတွေက ပုံမှန်စားပေးရင် ဆံပင်ကျွတ်နှုန်း သက်သာပြီး ဆံပင်သား သန်စွမ်းကျန်းမာစေပါတယ်။
– ထောပတ်သီး၊ ရွှေဖရုံစေ့နှင့် သစ်ကြားသီး
ဒီအစာတွေမှာ အိုမီဂါ ၃ ဖက်တီးအက်ဆစ်ပါ ဝင်မှုများပြီး ဆံပင်သား သန်စွမ်းကျန်းမာစေပါတယ်။

– ကမာကောင်
ကမာကောင်မှာ ဇင့်(သွပ်)ဓာတ်၊ သံဓာတ်နဲ့ ပရိုတင်းဓာတ် များစွာ ပါဝင်ပြီး ကမာကောင် ခြောက် ကောင်စားရုံနဲ့ တစ်နေ့တာလိုအပ်တဲ့ ဇင့်(သွပ်)ဓာတ် ပမာဏရဲ့ ၂၂၀ ရာခိုင်နှုန်း၊ တစ်နေ့တာ လိုအပ်တဲ့ သံဓာတ် ပမာဏရဲ့ ၃၃ ရာခိုင်နှုန်းနဲ့ ပရိုတင်း ရှစ်ဂရမ် ပါဝင်နေပါတယ်။

– ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးနှင့် မက်ကရယ်ငါး
ငါးသေတ္တာငါးတွေဖြစ်တဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်းငါးနဲ့မက်ကရယ်ငါးတွေမှာ ပရိုတင်းဓာတ်၊ ဗီတာမင်ဒီနဲ့ အိုမီဂါ ၃ ဖက်တီးအက်ဆစ်တို့ ပါဝင်ပါတယ်။လူ့ခန္ဓာကိုယ်က အိုမီဂါ ၃ထဲမှာပါတဲ့ ဖက်တီးအက်ဆစ်ကို အလိုလို မထုတ်နိုင်ပါဘူး။ ဒီဖက်တီးအက်ဆစ်က ဆံပင်သားရဲ့ ၃ ရာခိုင်နှုန်းကို ဖန်တီးပေးပြီး ဦးရေပြားမှာလည်း တွေ့ရပါတယ်။

– ကန်စွန်းဥနှင့် မုန်လာဥနီ
ကန်စွန်းဥနဲ့ မုန်လာဥနီမှာ ဗီတာမင်အေပါဝင်မှု များတာကြောင့် ဦးရေပြား ကျန်းမာရေးကို ကောင်း မွန်စေပါတယ်။ ဗီတာမင်အေချို့တဲ့မှုကြောင့် ဗောက်ထစေနိုင်ပါတယ်။

– ဥအမျိုးမျိုး
ဥအမျိုးမျိုးမှာ ပရိုတင်းဓာတ်၊ ဇင့်(သွပ်)ဓာတ်၊ ဆီလီနီယမ်၊ ဆာလဖာနဲ့ သံဓာတ်တို့ ပါရှိပါတယ်။ သံဓာတ်ချို့တဲ့ရင် ဆံပင်ကျွတ်နှုန်းများတတ်ပါတယ်။ ဒါကြောင့် လစဉ်ရာသီလာပြီး သွေးဆင်းနှုန်းများနေ သူအမျိုးသမီးတွေဟာ သံဓာတ်ပါတဲ့ အစာတွေကို များများစားပေးရပါမယ်။

– ဟင်းနုနယ်ရွက်နှင့် အခြား အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
ဟင်းနုနယ်ရွက်နဲ့ တခြား အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေမှာ သံဓာတ်နဲ့ သတ္တုဓာတ်တွေ ပါရှိပါတယ်။

ဆံပင်ကျွတ်ခြင်းအပေါ် ဆေးလိပ်သောက်ခြင်းနှင့် မူးယစ်ဆေးဝါး မှီဝဲခြင်း၏ ဆိုးကျိုးများ
ဆေးလိပ်သောက်တာက ဆံပင်ကျွတ်တာနဲ့ ထိပ်ပြောင်တာတို့နဲ့ ဆက်စပ်နေပါတယ်။ တချို့ဆေး တွေကလည်း ဆံပင်ကျွတ်စေနိုင်ပါတယ်။ ဒါကြောင့် ဆရာဝန်ရဲ့ ညွှန်ကြားချက်ပါရှိမှသာ ဆေးတွေကို မှီ ဝဲသင့်ပါတယ်။

ဆံပင်ကျွတ်ခြင်းအတွက် ဆေးကုထုံး
အပေါ်က သဘာဝကုထုံးတွေနဲ့ ဆံပင်ကျွတ်တာ၊ ထိပ်ပြောင်တာ မသက်သာဘူးဆိုရင် ဆရာဝန် နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုပါပြီ။ ဆံပင်ကျွတ်တာက သိုင်းရွိုက်ရောဂါ ဒါမှမဟုတ် ဆီးချိုရောဂါလို ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတစ်ခုခုရဲ့ ဘေးထွက်ဆိုးကျိုး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သွေးစစ်ဆေးမှု ခံယူပြီး ဆံပင်ကျွတ်ရတဲ့ အကြောင်းရင်းကို ရှာဖွေဆန်းစစ်လိုက်ပါ။
ဆံပင်ကျွတ်တာက ဘဝနေထိုင်မှုပုံစံ၊အစားအသောက်၊ ရောဂါတွေနဲ့ မဆက်စပ်ဘဲ အိုမင်းမှုနဲ့ဆက်စပ်နေတဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်တယ်ဆိုရင် ဆေးနှစ်မျိုး ရှိပါတယ်။

(၁) Rogaine (Minoxidil)
Rogaine က ဦးရေပြားပေါ်လိမ်းရတဲ့ ဆေးပါ။ ဆံပင်စတင်ပါးလာသူတွေအတွက် အထိရောက်ဆုံး ဖြစ်ပါတယ်။ ဒီဆေးသုံးစွဲသူ ၅၀ ရာခိုင်နှုန်းက ဆံပင်တွေ စထူလာပြီး ဆံပင်ကျွတ်နှုန်း နှေးသွားတယ်လို့ ဆိုထားပါတယ်။

(၂) Propecia (Finasteride)
ဒီဆေးက အမျိုးသားတွေမှာ ဖြစ်တဲ့ ဆံပင်ကျွတ်တာကို ကုသနိုင်ပါတယ်။ အရေပြားဆီ ဆံပင်ကျွတ်စေတဲ့ ဟော်မုန်း မရောက်အောင် ဟန့်တားတဲ့ နည်းနဲ့ အလုပ်လုပ်ပါတယ်။ ဒီဆေး မမှီဝဲခင် ဆရာဝန်နဲ့ အရင် တိုင်ပင်သင့်ပါတယ်။
(Ref;HD)

Most Popular

Healthy Life Ad
To Top