ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့် အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)
– ယခင်တစ်ပတ်မှအဆက်
တယ်ရီရဲ့အဖြစ်ကတော့ ဒီလိုပါ။ ၁၉၉၀ ခုနှစ်မှာ နှလုံးရုတ်တရက် ရပ်ဆိုင်းသွား(Cardiac Arrest)ပြီး အရေးပေါ်ကုသမှုကြောင့် အသက်ပြန်ရှင်လာပေမယ့် ဦးနှောက်ပျက်စီး (Brain Damage)သွားလို့ အကြာကြီး သတိလစ်သွားခဲ့ပါတယ်။ ၁၉၉၈ ကစပြီး တရားခွင်မှာ တယ်ရီ့ကို အသက်ရှင်သန်မှု အဆုံးသတ်စေခွင့် (End-of-lifecare) တောင်းခဲ့တဲ့ လင်ယောကျာ်းနဲ့ သဘောမတူတဲ့ တယ်ရီရဲ့ မိဘအကြား နှစ်ပေါင်းများစွာ အခြေအတင်အငြင်းပွားခဲ့ဖူးပါတယ်။
တယ်ရီရဲ့ မိခင်ကတော့ တယ်ရီအသက်ရှိပြီး မျက်စိပွင့်နေလို့ သတိရနေဆဲပဲဆိုပြီး ယုံကြည်နေတာမို့ ဒီလုပ်ဆောင်ချက်ကို ငြင်းဆိုခဲ့ပါတယ်။ တယ်ရီကို အစာပိုက်ကနေ အစာကျွေးတာ ဖြတ်တောက်ပစ်ပြီး သေစေဖို့ သဘောမတူပါဘူး။ နောက်ဆုံးမှာ လင်ယောကျာ်းဖြစ်သူ မိုက်ကယ်ဘက်မှ တယ်ရီကို အစာဖြတ်ပြီး သေစေဖို့ ခွင့်ပြုမိန့်က အနိုင်ရရှိသွားခဲ့ပါတယ်။
တယ်ရီ့ကို ၂၀ဝ၅ခု၊ မတ်လ ၁၈ ရက်နေ့မှာ အစာပိုက်ဖယ်ရှားပစ်ခဲ့ရာ မတ်လ ၃၁ရက် (၁၃ရက်ကြာ)မှ သေဆုံးသွားခဲ့ပါတယ်။ ဒီလိုပြုလုပ်တာက အရှေ့အာရှနိုင်ငံတွေမှာ သိပ်မရှိပေမယ့် အနောက်နိုင်ငံတွေမှာ မကြာခဏကြုံတွေ့ရပါတယ်။ သူတို့ဟာ အသက်ရှင်နေသေးတဲ့သူတွေ ဖြစ်ပါတယ်။ အသိတရား လုံးဝကင်းမဲ့နေပြီလို့လည်း အတပ်မပြောနိုင်သေးတော့ ဒီလိုဆုံးဖြတ်ချက်တွေဟာ မှန်တယ်၊ မမှန်ဘူး၊ သင့်တယ်၊ မသင့်ဘူးဆိုတာ အငြင်းပွားနေကြဆဲပါပဲ။
အခု ဦးယုစိန်ကရော ပြင်ပသို့ မဆက်သွယ်နိုင်တဲ့ အတွင်းထဲမှာ အသိရှိနေခဲ့ရင် ဘယ်လို စိတ်ကူးရှိမလဲ၊ သေသွားချင်ပြီလား၊ ဆက်နေချင်သေးသလား . . ဒါတွေကို ဘယ်သူသိနိုင်မလဲ . .၊ ဘယ်သိပ္ပံနည်း နဲ့ ဖော်ထုတ်နိုင်မလဲ . . သူ ဒီဘဝမှာကော ဘယ်လောက်ကြာကြာ နေရဦးမှာလဲ . .။
ဆရာဝန်ဘက်က အတွေးအမြင်
ဆရာဝန်တိုင်းရဲ့ တာဝန်နဲ့ ဆန္ဒတွေကတော့ မိမိလူနာကို ရောဂါ သက်သာပျောက်ကင်းပြီး အသက်ရှင်နေတာပဲ ဖြစ်စေချင်ပါတယ်။ ဒီ့ထက်ပိုပြီး အဝေးကြီးကို သိပ်မတွေးကြပါဘူး။ လက်ငင်းပြဿနာကို အဓိက ပြေလည်အောင် ဖြေရှင်းမယ်၊ ဒုတိယ အဆင့်ကဖြစ်နိုင်ရင် အမြစ်ပြတ်ပျောက်ကင်းအောင် ဇာစ်မြစ်ကို ရှာဖွေ ကုသကြရပါတယ်။ ဒီလို VS လူနာတွေကတော့ ပြန်ပြင်လို့မရဘဲ အမြဲတမ်းပျက်စီးနေတဲ့ ဦးနှောက်ဖြစ်လို့ လတ်တလောပေါ်ပေါက်လာတဲ့ ပြဿနာတွေကိုပဲ ဖြေရှင်းပေးစရာရှိပါတယ်။ ပြဿနာကြီးကြီးသေးသေး အမြဲတမ်း အကောင်းဆုံးကိုပဲ မှန်းပြီး ကုကြရပါတယ်။ ဥပမာ- ဒီလိုလူနာမှာ အဖျားပိုးဝင်မယ်ဆိုရင် သုံးရမယ့် ဆေးက အမြင့်ဆုံး ပဋိဇီဝပိုးသတ်ဆေး (High Potency Antibiotic) သုံးမှ သက်သာမယ်ဆိုရင် ဒါကိုပဲ ညွှန်ကြားရပါတယ်။ သူ့မှာ အရည်အချင်းမရှိတဲ့ ဘဝရောက်နေလို့ မထူးပါဘူးဆိုပြီး ဆေးလျှော့သုံးတာမျိုး လုပ်တာမရှိပါဘူး။
ဖြေရှင်းရတဲ့ ပြဿနာပြေလည်မယ်၊ လူနာအသက်ပိုရှည်မယ် . . ဒီလိုပဲ အမြဲရည်ရွယ်ကြပါတယ်။ ဒီလိုနဲ့ ချွဲထလိုက်၊ ပိုးဝင်လိုက်၊ အဖျားတက်လိုက်၊ ပဋိဇီဝပိုးသတ်ဆေး ပေးလိုက်၊ ပြန်ကောင်းလိုက်။ မကြာခင်မှာ ဆီးပိုက်ပိတ်လိုက်၊ ဆီးပိုးဝင်လိုက်၊ ဖျားလိုက် . . ပြန်ပြီး ပဋိဇီဝပိုးသတ်ဆေးထပ်သွင်းလိုက်၊ ပြန်ကောင်းလိုက်နဲ့ ဒီသံသရာလည်နေဆဲပါပဲ။ သွေးပေါင်ကျလိုက်၊ ပြန်တက်အောင် ဆေးသွင်းလိုက်လုပ်နေရဆဲပါပဲ။ ဒါက ဆရာဝန်တွေရဲ့ သဘောထားနဲ့ လုပ်ဆောင်ချက်ပါပဲ။
ဆရာဝန်တွေကတော့ လူနာက သေချင်ပါပြီလို့ ပြောလာခဲ့ရင်တောင် လျှော့လုပ်ပြီး သေစေလိုတာမျိုးမရှိပါဘူး။ ဒါကြောင့် ဦးယုစွန် ပြဿနာဖြစ်လာတိုင်း အမြဲတမ်း အကောင်းဆုံး ဆက်လက်ကုပေးနေမှာပဲလို့ သန္နိဌာန်ချမိပါတယ်။ဒီနေ့ ဦးယုစွန်ကို လှည့်လည်ကြည့်ရှုစဉ် တွေးလိုက်မိတဲ့ ဒီသုံးပွင့်ဆိုင် ရှူထောင့်သုံးမျိုးရဲ့အမြင်တွေကို စာဖတ်သူအများ ပိုမိုနားလည်နိုင်ပြီး Persistent Vegetative State(PVS) အသိမရှိဘဲ နိုးကြားနေသူတွေရဲ့ ဘဝကို စာနာနားလည် ခံစား နိုင်ကြပါစေလို့ ဆန္ဒပြုအပ်ပါတယ်။