Healthy Life Ad
Life Style

ရာသီမလာခြင်းအတွက် ဖြစ်နိုင်ခြေရှိသည့် အကြောင်းရာများ

မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ကိုယ်ဝန်ဆောင်ဖို့ ကြိုးစားနေချိန်မှာ ရာသီ မလာရင် ကိုယ်ဝန်ရှိနေပြီလားလို့ ထင်တတ်ကြပါတယ်။ တကယ်တမ်း ကိုယ်ဝန်ရှိမနေဘဲ ရာသီ မလာတဲ့အခါ ဘာအကြောင်းကြောင့် ဖြစ်မလဲဆိုပြီး စိတ်ဖိစီးမှု များကြပြန်ပါတယ်။ လစဉ်လတိုင်း ရာသီ မှန်မှန်လာနေမှသာ အမျိုးသမီးအများစုက သူတို့ ခန္ဓာကိုယ် ကျန်းမာရေးက ကောင်းနေတယ်ဆိုပြီး စိတ်သက်သာရာရကြလို့ပါ။

(၁)- ပုံမှန် ရာသီစက်ဝန်းဆိုသည်မှာ

ပုံမှန်အားဖြင့် ၂၈ ရက်ကြာတိုင်း ရာသီလာ တတ်ပြီး တချို့ အမျိုးသမီးတွေမှာတော့ ရာသီစက်ဝန်းက ပိုတိုတာ ဒါမှမဟုတ် ပိုကြာတာ ဖြစ်တတ်ပါတယ်။ ယေဘုယျအားဖြင့် အမျိုးသမီးတစ်ယောက် က အသက် ၅၁ နှစ်ရှိတဲ့အခါ သွေးဆုံးချိန်ကို ရောက်တတ်ပါတယ်။ ဒီအရွယ်မတိုင်ခင် ရာသီသွေး ပျောက်နေတဲ့အခါ ကိုယ်ဝန်ရှိနေတာ မဟုတ်တဲ့ အခြေအနေမှာ တခြားဖြစ်နိုင်တဲ့ အကြောင်းရင်းတွေ ကို ဆန်းစစ်ကြည့်ဖို့လိုပါတယ်။

(၂)- သားဥအိမ်တွင် ရေအိတ်တည်သော ရောဂါစု (Polycystic Ovary Syndrome)

သားဥအိမ်မှာ ရေအိတ်အများကြီး ရှိနေတဲ့ အခြေအနေ ခံစားနေရတဲ့ အမျိုးသမီးပေါင်း ၅-၁၀ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ အဲဒီအခါ ဟော်မုန်းဟန်ချက် မညီတော့ဘဲ ရာသီမလာတာ၊ ရာသီ ပျောက်ဆုံးတာတို့ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေမှာ နှစ်ပတ်တစ်ခါ ရာသီလာတာ ဖြစ်တတ်သလို ၃-၆ လနေမှ တစ်ခါ ရာသီလာတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီအခြေအနေဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးကုသမှု ခံယူဖို့ အရေးကြီးပါတယ်။

(၃)-ဆေးဝါးများ မှီဝဲခြင်း

သန္ဓေတားဆေး၊ အက်စ်ပရင် စတဲ့ ဆေးတွေ ကို ပုံမှန်မှီဝဲနေရင် ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းအပြောင်း အလဲဖြစ်ပြီး ရာသီစက်ဝန်း ကမောက်ကမ ဖြစ်တတ်ပါတယ်။

(၄)- ခန္ဓာကိုယ်တွင် အဆီ နည်းလွန်းခြင်း

ပိန်လွန်းတဲ့ အမျိုးသမီးတွေမှာ ခန္ဓာကိုယ်အဆီ နည်းပါးလွန်းတာကြောင့် ရာသီမလာတော့တာမျိုး ဖြစ်နိုင်ပါတယ်။

(၅)- လေ့ကျင့်ခန်းကို ပြင်းထန်စွာ လုပ်ခြင်း

လေ့ကျင့်ခန်း အလွန်အမင်းလုပ်တဲ့ အားကစား သမားတွေမှာ ရာသီသွေးပျောက်ဆုံးမှု ဖြစ်တတ်ပါတယ်။

(၆)- ကိုယ်အလေးချိန် ရုတ်တရက် အလွန်အမင်း ကျဆင်းသွားခြင်း

ကိုယ်အလေးချိန်က ရုတ်တရက်ဆိုသလို အလွန်အမင်း ကျသွားတဲ့ အခြေအနေမှာ လစဉ်ရာသီ စက်ဝန်း ပျောက်ဆုံးတာမျိုး ဖြစ်တတ်ပါတယ်။

(၇)- စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှုများတာကြောင့် ရုပ်ရော စိတ်ပါ ထိခိုက်ပြီး ရာသီလာတာအပါအဝင် ခန္ဓာကိုယ် လုပ်ငန်း ဆောင်တာအများစု ထိခိုက်ရတတ်ပါတယ်။ စိတ်ဖိစီးမှု များတဲ့အခါ ခန္ဓာကိုယ်ကနေ ဦးနှောက်ဆီကို အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်း ဟော်မုန်း ထွက်ရှိမှု ရပ်တန့်သွားအောင် သင်္ကေတ ပေးပို့တတ်ပါတယ်။ အဲဒီ ဟော်မုန်းနှစ်မျိုးစလုံးက ရာသီလာတဲ့ဖြစ်စဉ် အတွက် အရေးပါတဲ့ ဟော်မုန်းတွေပါ။

(၈)- သိုင်းရွိုက်ဟော်မုန်း လုပ်ငန်းဆောင်တာ ပုံမှန် မဟုတ်ခြင်း

သိုင်းရွိုက်ဟော်မုန်းတွေက ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတိုင်းကို ထိန်းချုပ်နေတာ ဖြစ်ပါတယ်။ အဲဒီဟော်မုန်းတွေ ကောင်းကောင်း အလုပ် မလုပ်ရင် ရာသီစက်ဝန်း ပျောက်ဆုံးတတ်ပါတယ်။

# သတိပြုရန်
မျှတတဲ့ အစားအသောက် စားတာ၊ လေ့ကျင့်ခန်းကို ပုံမှန်အသင့်အတင့် လုပ်တာနဲ့ စိတ်ဖိစီးမှုကို လျှော့ချ နေထိုင်တာတွေကြောင့် လစဉ်ရာသီစက်ဝန်းကို ဟန်ချက် ညီမျှစေနိုင်ပါတယ်။

Most Popular

Healthy Life Ad
To Top