Healthy Life Ad
Life Style

အပျိုဖော်ဝင်စအရွယ်တို့သိသင့်သည့် ရာသီလာခြင်းဖြစ်စဉ် . . .

ဒေါက်တာစိုးလွင်(သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး)

မိန်းကလေးတစ်ယောက် အပျိုဖော်ဝင်ပြီ ဆိုတာနဲ့ ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းအပြောင်းအလဲတွေ အများကြီးဖြစ်လာတယ်။ ပထမဆုံး Hypothala-mus ဟိုက်ပိုသားလမတ်စ်လို့ ခေါ်တဲ့ ဦးနှောက်အ စိတ်အပိုင်းလေးက GnRH ဟော်မုန်းတွေ စထွက် လာတယ်။ အဲဒီ Gonadotropin Releasing Hormone ဟော်မုန်းတွေက ပီကျူထရီဂလင်းမှာ ရှိတဲ့ ဟော်မုန်းတစ်မျိုးကို ထပ်ပြီး ထုတ်ပေးလိုက်ပါတယ်။ အဲဒီဟော်မုန်းကို FSH လို့ခေါ်ပါတယ်။ အဲဒီ FSH ဟာ သွေးကြောထဲကတစ်ဆင့် သားဥအိမ်ထဲကို ရောက်ပြီး လစဉ်သားဥလေးတစ်လုံး ကြီးထွားလာစေပါတယ်။ အဲဒီကြီးထွားလာတဲ့ သားဥလေးဟာ အမျိုးသမီးတစ်ယောက်ရဲ့ အလှအပတွေကို ဖန်တီးပေးတဲ့ မဟော်မုန်းအီစထရိုဂျင် တွေကို ထပ်ထုတ်ပေးပါတယ်။

သားဥလေးက တဖြည်းဖြည်းကြီးထွား ရင့်မှည့်လာတဲ့အခါမှာ နောက်ထပ် ဟော်မုန်းတစ်မျိုး LH (Lutinizing Hormone) ထပ်ထွက်လာပါတယ်။ LH က အမြင့်ဆုံးကိုရောက်တဲ့အခါမှာ ရင့်မှည့်နေတဲ့ သားဥလေးက ပေါက်ထွက်သွားတယ်။ အဲဒီလို ပေါက်ထွက်သွားချိန်မှာ သားဥအိမ်ဘေးမှာရှိတဲ့ လက်တံလေးတွေက ဖမ်းယူလိုက်တယ်။ ဒီသားဥလေးထွက်သွားချိန်မှာ ကျန်ခဲ့တဲ့ အဝါရောင်ဥခွံလေးက ပရိုဂျက်စတီရုန်း ဟော်မုန်းထပ်ထုတ်ပေးပါတယ်။ အဲဒီဟော်မုန်းက သားအိမ်အတွင်းနံရံကို တဖြည်းဖြည်းထူထဲလာစေပါတယ်။ တစ်လတစ်ခါ သားအိမ်အတွင်းလွှာလေးက ထူထူလာပြီး ကလေး တစ်ယောက်ဖြစ်လာရင် နေဖို့အတွက် ပြင်ဆင်ထားတာဖြစ်ပါတယ်။ ဒီအချိန်မှာ သုက်ကောင်နဲ့ မတွေ့ဘဲ သားဥလေးသေဆုံးသွားတဲ့အခါ ထူလာတဲ့ သားအိမ်အတွင်းလွှာလေးက ကြွေကျသွားပါတော့တယ်။ ဒါကို ရာသီလာတယ်လို့ ခေါ်တာဖြစ်ပါတယ်။ ဒီဖြစ် စဉ်လေးကိုကြည့်လိုက်ရင်

မိန်းကလေးတစ်ယောက် အပျိုဖော်ဝင်တဲ့အခါမှာ အင်မတန်ထူးဆန်းတဲ့ ဟော်မုန်းအပြောင်းအလဲတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အဲဒီလို ဟော်မုန်းတွေကြောင့် လှပတဲ့မိန်းကလေး အသွင်ကို ပြောင်းလာတာ ဖြစ်ပါတယ်။ အဲဒီအရွယ်ကို အပျိုပေါက်လို့ ခေါ်ပါတယ်။

ရာသီဆိုတာ လစဉ် လစဉ် သဘာဝကျကျ မှန်မှန်လာနေဖို့လိုပါတယ်။ ဒါကြောင့် ဓမ္မတာလာတယ်လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ အပျိုဖြစ်ရင် လာတတ်တဲ့ ဓမ္မတာပဲ ဖြစ်ပါတယ်။ ရာသီလာတယ်ဆိုတာ သွေးပုပ်ဆင်းတာ၊ ဒါကြောင့် အဲဒီအချိန်က မသန့်ရှင်းဘူး၊ ပြောရမယ်ဆိုရင် မင်္ဂလာမရှိ တဲ့အချိန်ပဲ . . ဒါကြောင့် အဲဒီအချိန်မှာ ရေမချိုးရဘူး၊ ခေါင်းမလျှော်ရဘူး၊ မင်္ဂလာရှိတဲ့ကိစ္စတွေကို ဒီအချိန်မှာမလုပ်သင့်ဘူး စသဖြင့် မျိုးစုံတော့ အယူအဆ ထင်မြင်ချက်တွေ ရှိခဲ့တာကို တွေ့ရပါတယ်။ တကယ်တမ်း သေသေချာချာ စဉ်းစားကြည့်လိုက် မယ်ဆိုရင် ဓမ္မတာရာသီလာတယ်ဆိုတာ သွေးပုပ်တွေလည်းမဟုတ်ပါဘူး၊ မသန့်ရှင်းတာလည်း မဟုတ်ပါဘူး၊ လစဉ် လစဉ် ရာသီလာတာက မိန်းကလေးတစ်ယောက်ဟာ သားကောင်းမိခင်ဖြစ်နိုင်တဲ့ အဓိပ္ပာယ်ကို ဖော်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ ရှက်ကြောက်ရွံရှာပြီး အကုန်လုံးကို ဟိုဟာမလုပ်ရဘူး၊ ဒီဟာ မလုပ်ရဘူး ဆိုတာတွေကလည်း မှားယွင်းတဲ့ အယူအဆတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်မှာ သန့်သန့်ရှင်းရှင်း၊ ကျန်းကျန်းမာမာ၊ ပျော်ပျော်ရွှင်ရွှင်နေရပါမယ်။

လစဉ် ဓမ္မတာရာသီက မှန်မှန်လာနေရင် ကောင်းပါတယ်။ တစ်ခါတလေကျတော့ ဓမ္မတာက ပုံမှန်မလာတာမျိုးဖြစ်တတ်သလို လာတော့လည်း မရပ်မနားဖြစ်တာမျိုး ရှိတတ်ပါတယ်။

အသားအရေက မမှတ်မိနိုင်လောက်အောင် လှပလာတယ်၊ ကိုယ်လုံးလေးက ဂီတာရှိတ်လေးလို ခါးသေးရင်ချီဖြစ်လာတယ်၊ အသံတွေလည်း ချိုလာတယ်၊ ချောမောပြီး ချစ်စရာကောင်းလာတယ်။ ဒါတွေက အမျိုးသမီး ဟော်မုန်းတွေရဲ့ အစွမ်းပဲ၊ ခန္ဓာကိုယ်တင်မက စိတ်မှာပါအကြီးအကျယ် ပြောင်းလဲမှုတွေဖြစ်လာတယ်။ ဒီလို ပြောင်းလဲမှုတွေက အံ့သြစရာ သိပ်ကောင်းပါတယ်။ မြီးကောင်ပေါက် အရွယ်ဖြစ်တော့ လေတိုက်လို့ သစ်ရွက်လှုပ်ရင် တောင် ရယ်ချင်စရာလိုလို၊ ငိုချင်စရာလိုလို ဖြစ်တတ်ပါတယ်။ လှပချင်လာသလို ဆန့်ကျင်ဘက် အမျိုးသားတွေကိုလည်း စိတ်ဝင်စားတတ်လာပါတယ်။ ဒီအချိန်မှာ အပျိုပေါက်လေးတွေကို ထိန်းသိမ်းဖို့အလွန်အရေးကြီးပါတယ်။

Most Popular

Healthy Life Ad
To Top