Healthy Life Ad
Health Tips

အမျိုးသမီးတွေဆေးလိပ်သောက်ရင် ဘယ်လိုထိခိုက်မှုတွေ ဖြစ်တတ်သလဲ . . .

၊ စူး(ဆေးဝါးတက္ကသိုလ်) ၊

ဒီနေ့ခေတ်မှာ ဆေးလိပ်သောက်တဲ့ အမျိုးသမီးဦးရေက အရင်ထက်ပိုများလာပါတယ်။ အမေရိကန်ကင်ဆာအဖွဲ့အစည်း မှတ်တမ်းအရ အမျိုးသမီးအများစုက အသက် ၁၈ နှစ်မတိုင်ခင်မှာ စီးကရက်ကို ဘယ်လိုသောက်ရမယ်ဆိုတာ သိနေကြတဲ့အတွက် အမျိုးသမီးငယ်တွေမှာ စီးကရက်သောက်တာကို ပိုအလေးထားစရာအဖြစ် သတ်မှတ်လာကြောင်း သိရပါတယ်။ လေ့လာမှုအရ မိန်းကလေးတချို့ဟာ စီးကရက်သောက်တာက ခေတ်မီတယ်၊ စိတ်ဖိစီးမှုများတာနဲ့ စိတ်ဓာတ်ကျတာကို လျော့ကျစေတယ် စတဲ့အမြင်တွေ ရှိနေတယ်လို့ ဆိုပါတယ်။ တခြားအမျိုးသမီးတွေကတော့ ဆေးလိပ်သောက်ရင် ကိုယ်အလေးချိန်ကျစေတယ်ဆိုပြီး ယူဆနေကြပါတယ်။ တကယ်တမ်းမှာတော့ ဆေးလိပ်သောက်တဲ့အတွက် အမျိုးသမီးတွေမှာ အသက်ရှူလမ်းကြောင်းနဲ့ လည်ချောင်းထိခိုက်မှု ဖြစ်စေတဲ့အပြင် အသားအရေကိုပါ နွမ်းနယ်စေပါတယ်။

ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေက အရေပြားအိုမင်းနှုန်း ပိုမြန်ပါတယ်။ အကြောင်းကတော့ ဆေးလိပ်သောက်တာကြောင့် အိုမင်းနှုန်းမြန်စေတဲ့ ROS ဓာတ်ထွက်ရှိစေလို့ပါ။ နီကိုတင်းက သွေးကြောတွေကို ကျဉ်းစေတာကြောင့် အရေပြားဆဲလ်ဆီ အာဟာရဓာတ်ရောက်ရှိမှုကို ပိတ်ပင်ဟန့်တားပေးပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေမှာ အရွယ်မတိုင်ခင်အိုမင်းမှုကို ဖြစ်စေတာပါ။

ဆေးလိပ်သောက်တာကြောင့် အမျိုးသမီးတွေရဲ့သွင်ပြင်ကို အဓိကထိခိုက်စေတဲ့အချက်တွေ ရှိပါတယ်။

– အသားအရောင် ဖျော့တော့ခြင်း

အချိန်ကြာကြာ ဆေးလိပ်သောက်သူတွေမှာ အသားအရေကို အောက်ဆီဂျင်နဲ့ အာဟာရဓာတ်ရောက်ရှိမှု နည်းလွန်းတာကြောင့် အသားအရေဖျော့တော့ပြီး အသားအရောင်ညီညာမှု မရှိတော့ပါဘူး။

– မျက်နှာအိုမင်းခြင်း

စီးကရက်ထဲမှာပါတဲ့ နီကိုတင်းဓာတ်က အရေပြားဆီကိုသွေးစီးဆင်းရောက်ရှိမှု လျော့ကျပြီး အရေပြားထဲ အောက်ဆီဂျင်နဲ့အာဟာရဓာတ် အရောက်နည်းစေပါတယ်။ ဒါကြောင့် မျက်နှာအသားအရေခြောက်သွေ့ပြီး ဖျော့တော့ကာ အရေးကြောင်း ထင်လွယ်ပါတယ်။

– အရေပြား လျော့တွဲခြင်း

ဆေးလိပ်သောက်တာကြောင့် အရေပြားရဲ့ ပရိုတင်းဓာတ်တွေဖြစ်တဲ့ ကော်လာဂျင်နဲ့ အီလက်စတင်ဓာတ်တွေ ထိခိုက်စေပါတယ်။ ဒီဓာတ်တွေက အသားအရေကိုတင်းရင်းပြီး ဆွဲဆန့်နိုင်စွမ်းအားကောင်းစေတဲ့ အရာတွေပါ။ စီးကရက်ထဲမှာ ဓာတုပစ္စည်း ၄၀ဝ၀ ကျော်ပါဝင်ပြီး အဲဒီအဆိပ်အတောက်တွေက အသားအရေတွဲကျတာ၊ အရေးကြောင်းပါးပါးထင်တာနဲ့ အရွယ်မတိုင်ခင် အရေးကြောင်းကြီးတွေပေါ်တာတို့ ဖြစ်တတ်ပါတယ်။ သင်သောက်လိုက်တဲ့ စီးကရက်အရေအတွက်နဲ့ သောက်တဲ့ကာလပေါ် မူတည်ပြီး အရေးကြောင်း ဖြစ်တတ်ပါတယ်။

– သက်ကြီးအစက်အပြောက်များ ထင်လွယ်ခြင်း

လေ့လာမှုတစ်ခုအရ ဆေးလိပ်သောက်သူတွေက စီးကရက်သောက်တာကြောင့် သက်ကြီးအစက်အပြောက်တွေ ပိုဖြစ်ပေါ်တတ်တယ်လို့ သိရပါတယ်။

– လက်မောင်းနှင့် ရင်သားတွဲကျခြင်း

ဆေးလိပ်သောက်တာကြောင့် မျက်နှာတင်မက သင့်ကိုယ်ခန္ဓာကိုယ်ပါ ထိခိုက်စေနိုင်ပါတယ်။ အသားအရေ လျော့တွဲလာတာနဲ့အတူ လက်မောင်းနဲ့ ရင်သားတွေကလည်း စတင်တွဲကျလာတတ်ပါတယ်။

– ဆိုးရီးယေးစစ် ရောဂါထခြင်း

လတ်တလောလေ့လာမှုတွေအရ ဆေးလိပ်သောက်သူတွေက ဆိုးရီးယေးစစ်ရောဂါထနိုင်ခြေ ပိုများတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒါကအသားအရေ ထူထဲစေတဲ့ နာတာရှည်အရေပြား ပြဿနာပါ။ ဒူး၊ လက်တံတောင်ဆစ်၊ ဦးရေပြား၊ လက်၊ ခြေထောက်နဲ့ နောက်ကျောတွေမှာလည်း ဖြစ်တတ်ပါတယ်။ အဖြူရောင်၊ အနီရောင်၊ ငွေရောင် စသဖြင့် အရောင်ကွဲပြားမှု ရှိပါတယ်။

– နှုတ်ခမ်းတစ်ဝိုက် အရေးကြောင်းထင်ခြင်း

ဆေးလိပ်သောက်တာကြောင့် ခံတွင်းတစ်ဝိုက်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ ဆေးလိပ်သောက်တာကြောင့် နှုတ်ခမ်းတစ်ဝိုက်ကြွက်သားတချို့ကို အသုံးပြုရတဲ့အတွက် နှုတ်ခမ်းဘေးအတွန့်ရာတွေ ထင်ရတာပါ။

– သွားနှင့်သွားဖုံး ထိခိုက်ခြင်း

ဆေးလိပ်သောက်တာကြောင့် သွားတွေဝါစေပြီး သွားဖုံးရောဂါ၊ ခံတွင်းအနံ့ဆိုးထွက်တာနဲ့ တခြားခံတွင်းသန့်ရှင်းရေး ပြဿနာတွေ ဖြစ်တတ်ပါတယ်။ ဆေးလိပ်သောက်သူတွေက မသောက်သူတွေထက် အရွယ်မတိုင်ခင် သွားကျိုးနိုင်ခြေ နှစ်ဆပိုများပါတယ်။

– ကျီးကန်းခြေထောက် သို့မဟုတ် မျက်ဝန်းတစ်ဝိုက် အရေးကြောင်းထင်ခြင်း

ဆေးလိပ်အလွန်အမင်း သောက်သူတွေက မျှော်လင့်ထားတာထက်ပိုပြီး မျက်ဝန်းတစ်ဝိုက် အရေးကြောင်း ဖြစ်တတ်ပါတယ်။ စီးကရက်ကရတဲ့ အပူရှိန်နဲ့ မျက်မှောင်ကြုတ်တာတွေက ကျီးကန်းခြေထောက်ဖြစ်စေတဲ့ အချက်တွေပါ။ စီးကရက်သောက်ပြီး ရှူသွင်းလိုက်တဲ့ဓာတုပစ္စည်းတွေဟာ အသားအရေတည်ဆောက်ပုံနဲ့ မျက်ဝန်းတစ်ဝိုက် သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။

– စီးကရက်နံ့စွဲခြင်း

ဆေးလိပ်သောက်တဲ့အခါ စီးကရက်နံ့ဟာ သင့်နှာခေါင်း၊ ဆံပင်နဲ့ အဝတ်အစားတွေမှာ စွဲနေတတ်ပါတယ်။ ဒီအနံ့ဟာ သင့်အနီးအနားရှိတဲ့သူတွေ၊ အထူးသဖြင့်ကလေးတွေကို ထိခိုက်စေနိုင်ပါတယ်။

– ဆံပင်ကျွတ်ခြင်း

သင်ကအသက်ကြီးလို့ ဆံပင်တွေပါးနေရင် ဒါ မှမဟုတ် ဆံပင်ကျွတ်နှုန်းများနေရင် ဆေးလိပ်သောက်တဲ့အခါ ဒီအခြေအနေ ပိုဆိုးစေတတ်ပါတယ်။

– အတွင်းတိမ်ရောဂါ ဖြစ်ခြင်း

အချိန်ကြာကြာဆေးလိပ်သောက်ရင် အတွင်းတိမ်ရောဂါဖြစ်နိုင်ခြေ ပိုများပါတယ်။

ဆေးလိပ်သောက်တာကြောင့်ဖြစ်တဲ့ အသားအရေထိခိုက်မှုကို ဘယ်လိုတွန်းလှန်ရမလဲ

ဆေးလိပ်သောက်တဲ့ အကျင့်ဆိုးကိုဖြတ်တာကြောင့် အသားအရေထိခိုက်မှုနဲ့ အရွယ်မတိုင်ခင် အိုမင်းမှုတွေကို သိသိသာသာလျော့ကျစေမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သင့်မှာ ဆေးလိပ်သောက်ထားလို့ အရေးကြောင်းထင်နေရင်၊ သက်ကြီးအစက်အပြောက်ပေါ်နေရင် ဖျော့သွားနိုင်ဖို့ မလွယ်ပါဘူး။ ဒီအချိန်မှာ အသားအရေ ပိုကြည့်ကောင်းလာအောင်ပဲ လုပ်လို့ရမှာပါ။

– အသားအရေထိန်းသိမ်းတဲ့အခါ ရက်တီနွိုက်ခရင်မ် (Retinoid Cream) လိမ်းပါ။

– ဗီတာမင်စီနဲ့ ဗီတာမင်အီးလို အင်တီအောက်ဆီးဒင့်တွေပါတဲ့ ခရင်မ်ကို ရွေးချယ်လိမ်းပါ။

– နေ့စဉ်နေကာခရင်မ် လိမ်းပါ။

– အသားအရေကို သိသိသာသာ ပြောင်းလဲကြည့်ကောင်းစေချင်တယ်ဆိုရင် လေဆာကုထုံးနဲ့အရေ ပြားအပေါ်ယံလွှာကို ခွာတဲ့ကုထုံး (Chemical Peel) တွေ သုံးပါ။

– အသားအရေ ကြည်လင်တောက်ပနုပျိုချင်တယ်ဆိုရင် ဆေးလိပ်ကိုဘယ်တော့မှ အစပျိုးပြီးမသောက်ပါနဲ့။

(Ref;HD)

Most Popular

Healthy Life Ad
To Top