Healthy Life Ad
Life Style

စိတ်ရောဂါကာကွယ်ရေးအစီအစဉ် သုံးမျိုး

ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးဆရာဝန်ကြီး – အငြိမ်းစား)

စိတ်ရောဂါဝေဒနာကာကွယ်ရေးနဲ့ ပတ်သက်ပြီး လုပ်ဆောင်တဲ့လုပ်ငန်းအစီအစဉ်တွေကို အဓိကအားဖြင့် သုံးမျိုးခွဲခြားထားပါတယ်။ ၄င်းတို့ကတော့-
(၁) အခြေခံကာကွယ်ခြင်းလုပ်ငန်း (Primary Prevention)
(၂) ရောဂါဆိုးရွားမလာအောင် ကာကွယ်ခြင်းလုပ်ငန်း (Secondary Prevention)နဲ့
(၃) မသန်မစွမ်းဖြစ်မှုကို ကာကွယ်ခြင်းလုပ်ငန်း (Tertiary Prevention) တို့ ဖြစ်ပါတယ်။

(၁) အခြေခံကာကွယ်ခြင်းလုပ်ငန်း(Primary Prevention)
အခြေခံကာကွယ်ခြင်းလုပ်ငန်းဆိုတာ အထက်မှာ ဆွေးနွေးခဲ့တဲ့ စိတ်ကျန်းမာရေးကို အန္တရာယ် ပြုနိုင်တဲ့ အချက်အလက်တွေ လျော့နည်းအောင်ဆောင်ရွက်တာဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ညွှန်ကြားချက်စာတမ်း (၂၀၁၄ ခုနှစ်)မှာ စိတ်ကျန်းမာရေး “အခြေခံ ကာကွယ်မှုအစီအစဉ်”မှာ ပါဝင်သင့်တဲ့ လုပ်ငန်းတွေကို ဖော်ပြထားပါတယ်။ အဲဒါတွေကတော့-

ကလေးလူငယ် စိတ်ကျန်းမာရေးအစီအစဉ်

အိမ်ထောင်ရှင် အမျိုးသမီးများအတွက် အိမ်တွင်းစီးပွားရေး တိုးတက်မှုအစီအစဉ်

သက်ကြီးရွယ်အိုများအတွက် လူမှုဖူလုံရေးအစီအစဉ်

စိတ်ကျန်းမာရေးချို့ယွင်းဖို့ အလားအလာများတဲ့ အုပ်စုအတွက် သီးခြားပံ့ပိုးမှုအစီအစဉ်(ဥပမာ – စစ်ပြေးဒုက္ခများ၊ သဘာဝဘေးအန္တရာယ်နဲ့ ကြုံ ကြိုက်နေရသူများ)

ကျောင်းစိတ်ကျန်းမာရေးအစီအစဉ်

လုပ်ငန်းခွင်အတွင်း စိတ်ကျန်းမာရေး အစီအစဉ်

အိုးအိမ်သာယာရေးအစီအစဉ် (နေထိုင်ရေးဖူလုံမှုအစီအစဉ်)

မိသားစုအတွင်း ကြမ်းတမ်းနှိပ်စက်မှုကာကွယ်ရေးအစီအစဉ်

အရက်သေစာသောက်သုံးမှု လျော့နည်းရေး အစီအစဉ်

မူးယစ်ဆေးသောက်သုံးမှု၊ ရောင်းဝယ်ဖောက်ကားမှု လျော့နည်းရေးအစီအစဉ်

ဆင်းရဲနွမ်းပါးတဲ့ တိုင်းသူပြည်သားများကို ကူညီစောင့်ရှောက်တဲ့ လူမှုဖူလုံရေးအစီအစဉ်

စိတ်ကျန်းမာရေးချို့ယွင်းသူများကို ခွဲခြားဆက်ဆံခြင်းမရှိစေရန် တိုက်ဖျက်တဲ့ ပညာပေး အစီအစဉ်။

စိတ်ကျန်းမာရေးချို့ယွင်းသူများရဲ့ လူမှုအခွင့်အရေးကို ကာကွယ်တဲ့ ဥပဒေပြဌာန်းပေးခြင်း။

စိတ်ရောဂါဝေဒနာခံစားရသူများ ဆေးကုသမှုခံယူနိုင်ခွင့်တို့ကို အားပေးတဲ့အစီအစဉ်၊။

အထက်ဖော်ပြပါ အစီအစဉ်တွေကို သက်ဆိုင်ရာနိုင်ငံတော်အစိုးရဌာနတွေနဲ့ အစိုးရမဟုတ်တဲ့ အ ဖွဲ့အစည်းတွေ (NGOs) ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ကြောင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ညွှန်ပြ ထားပါတယ်။

(၂) ရောဂါဆိုးရွားမလာအောင် ကာကွယ်ခြင်းလုပ်ငန်း (Secondary Prevention)
စိတ်ရောဂါဖြစ်ပွားစလူနာနဲ့ စိတ်ရောဂါအခြေအနေမဆိုးရွားအောင် လျင်မြန်စွာသက်သာပျောက် ကင်းအောင်၊ ဆောင်ရွက်ပေးတဲ့အစီအစဉ်ကို “ရောဂါဆိုးရွားမလာအောင် ကာကွယ်ခြင်း” ဒါမှမဟုတ် “ဒုတိယအဆင့် ရောဂါကာကွယ်ခြင်း” (Secondary Prevention) လို့ ခေါ်ပါတယ်။
ရောဂါဆိုးရွားမလာအောင် ဦးစားပေးပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အောက်ပါအတိုင်း ဖော်ပြထား ပါတယ်။ ၎င်းတို့ကတော့ –

အတက်ရောဂါ (Epilepsy)

စိတ်ကျရောဂါ

စိတ္တဇရောဂါအမျိုးမျိုး (Psychotic Disorder)

အရက်စွဲ၊ မူးယစ်ဆေးစွဲရောဂါ

မိမိကိုယ်ကို သတ်သေဖို့အလားအလာရှိတဲ့ စိတ်ဝေဒနာရှင်၊

ကလေးလူငယ် စိတ်ဝေဒနာ၊

သက်ကြီးရွယ်အို စိတ်ရောဂါဝေဒနာ။

အထက်ဖော်ပြပါ စိတ်ဝေဒနာတွေကို ထိထိရောက်ရောက် ကုသပေးနိုင်ဖို့အတွက် ဆောင်ရွက်သင့်တဲ့ လုပ်ငန်းတွေကိုလည်း ညွှန်ပြထားပါတယ်။ လမ်းညွှန်ချက်တွေကတော့ –
-စိတ်ကျန်းမာရေးနဲ့ စိတ်ဝေဒနာတွေအကြောင်း ပညာပေးခြင်း၊
– စိတ်ရောဂါဝေဒနာဖြစ်ပွားစ ရှေးဦးလက္ခဏာ တွေအကြောင်းကို ပညာပေးခြင်းအားဖြင့် စိတ်ရောဂါဖြစ်စ လူနာကို အချိန်မီဖော်ထုတ်ကုသနိုင်ပါတယ်။
– စိတ်ရောဂါရှင်တွေကို ထိရောက်စွာ ကုသမှုပေးနိုင်ဖို့အတွက် အစီအစဉ်တွေ ထားရှိခြင်း။
မိသားစုဆရာဝန်၊ ပြင်ပဆေးခန်းဆရာဝန်တွေ မှာ စိတ်ရောဂါပညာဗဟုသုတ တိုးတက်မြင့်မားစေဖို့ ဆောင်ရွက်ပေးခြင်း၊ စိတ်ရောဂါဆိုးရွားမှု အခြေအနေအလိုက် ကုသမှုရရှိနိုင်တဲ့ အစီအစဉ် ချမှတ်ခြင်း၊ အဲဒီလို ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အဆင့်၊ တိုင်းအဆင့်ဆေးရုံကြီးတွေမှာ စိတ်ကျန်းမာရေးဌာနနဲ့ စိတ်ရောဂါကုသဆောင်တွေ သီးခြားဖွင့်လှစ်ပေးဖို့ လိုအပ်ပါတယ်။

စိတ်ရောဂါဝေဒနာရှင်ကို ဘက်စုံစစ်ဆေး၊ စမ်းသပ်ကုသပေးနိုင်ဖို့အတွက် ပညာရှင်ပေါင်းစုံပါဝင်တဲ့ စိတ်ကျန်းမာရေးအသင်း( Multi-Disciplinary Mental Health Team ) ထားရှိဖို့လိုအပ်ပါတယ်။ စိတ်ကျန်းမာရေးအသင်းမှာ ဆရာဝန်၊ သူနာပြု၊ စိတ်ပညာရှင်၊ လူမှုရေးဝန်ဆောင်အရာရှိ စတဲ့ ပညာရှင်တွေ ပါဝင်ပါတယ်။ စိတ်ကျန်းမာရေးအသင်းကို အတွင်းလူနာတွေသာမကဘဲ အပြင်လူနာတွေကို ပြုစု ပျိုးထောင်ရာမှာလည်း အသုံးပြုဖို့ လိုအပ်ပါတယ်။
စိတ်ရောဂါဝေဒနာကို ကုသရာမှာ ထိရောက်မှုရှိပြီး ကုန်ကျစရိတ် သက်သာတဲ့ ဆေးဝါးတွေနဲ့ ကု ထုံးကုနည်းတွေကို စိစစ်ရွေးချယ်အသုံးပြုခြင်း၊
စိတ်ရောဂါကို ထိရောက်စွာ ကုသမှုပေးနိုင်ဖို့ အတွက် “စိတ်ကျန်းမာရေးဥပဒေ” (Mental Health Act) ပြဋ္ဌာန်းရန် လိုအပ်ခြင်း၊
အဲဒီဥပဒေမှာ စိတ်ဝေဒနာရှင်တွေရဲ့ လူမှုအခွင့်အရေးကို လေးစားလိုက်နာဖို့၊ စိတ်ဝေဒနာရှင်ရဲ့ ရောဂါ အခြေအနေပေါ်မူတည်ပြီး ကုသမှုပေးနိုင်ဖို့ ခေတ်နဲ့လျော်ကန်တဲ့ အယူအဆသဘောထားတွေ ပါရှိဖို့ လိုအပ်ပါတယ်။

(၃) စိတ်ရောဂါကြောင့် မသန်စွမ်းဖြစ်မှုကို ကာကွယ်ခြင်းလုပ်ငန်း(Tertiary Prevention)
တတိယအဆင့်ကာကွယ်ခြင်းလို့လည်း ခေါ်ဆိုနိုင်ပါတယ်။ စိတ်ဝေဒနာရှင်တွေ ကုသမှုခံယူရရှိပြီးရင် ရောဂါသက်သာပျောက်ကင်းသွားသူတွေရှိတယ်။
တချို့လူနာတွေကတော့ ရောဂါအနည်းငယ်သာသက်သာမှုရှိပြီး နာတာရှည်ရောဂါ ခံစားကြရတယ်။ အဲဒီ ဝေဒနာရှင်တွေမှာ စိတ်ရောဂါရဲ့ အရှိန်ကြောင့် မသန်စွမ်းမှု ရရှိလာပါတယ်။
စိတ်ရောဂါကြောင့် မသန်စွမ်းဖြစ်ပေါ်မှုနည်းပါးအောင် ပြုစုပျိုးထောင်ပေးဖို့ လိုအပ်တယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ညွှန်ကြားထားပါတယ်။

ဆောင်ရွက်ပေးနိုင်တဲ့အစီအစဉ်တွေကတော့-
– နေ့စဉ် လုပ်ငန်းဆောင်တာများကို ကာယကံရှင်ကိုယ်တိုင် ပြန်လည်ဆောင်ရွက်နိုင်ဖို့ သင်ကြားပေး
ခြင်း၊ ကူညီထောက်ပံ့ပေးခြင်း၊
– စိတ်ဝေဒနာခံစားနေရသူဟာ မိမိလုပ်နေကျ အလုပ်အကိုင်ကို ပြန်လည်လုပ်ကိုင်နိုင်ခြင်းမရှိတဲ့ အခြေအနေ ရှိလာနိုင်တယ်။ အလုပ်ရှင်ကလည်း စိတ်ရောဂါရှိသူကို ခွဲခြားဆက်ဆံခြင်း၊ အလုပ်ခန့်ထားရန် ငြင်းဆန်ခြင်း၊ အလုပ်မှ အနားယူစေခြင်းတို့ကို ပြုမူလာတတ်ပါတယ်။ ဒါကြောင့် စိတ်ဝေဒနာရှင်တွေအတွက် လုပ်ငန်းခွင်ပြုစုပျိုးထောင်ခြင်း အစီအစဉ် ကို ချမှတ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
– စိတ်ဝေဒနာရှင်တွေဟာ လူမှုရေး၊ စီးပွားရေးနဲ့ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ အခက်အခဲပြဿနာတွေနဲ့ ရင်ဆိုင်ကြရပါတယ်။ အဲဒီအခက်အခဲတွေ လျော့နည်းသွားအောင် ကူညီပံ့ပိုးပေးတာ၊ လေ့ ကျင့်သင်ကြားပေးတာ စတဲ့ ပြုစုပျိုးထောင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။

– စိတ်ရောဂါတချို့ဟာ ကုသမှုကြောင့် သက်သာ သွားပေမယ့် အကင်းမသေဖြစ်နေတတ်ပါတယ်။ ရောဂါပြန်လည်ဆိုးရွားလာတတ်ပါတယ်။ ဒါ့ကြောင့် ရောဂါပြန်လည်ဆိုးရွားမလာအောင် ထိန်းချုပ်ထားဖို့ လိုအပ်ပါတယ်။

ရောဂါပြန်လည် မဖြစ်ပွားအောင် ကာကွယ်ခြင်း (Relapse Prevention)အစီအစဉ်တွေလည်း ရှိသင့်ပါတယ်။

သုံးသပ်ချက်

အခုအထိ စိတ်ကျန်းမာရေးကို ထိခိုက်စေတဲ့ “အန္တရာယ်ပြု အချက်အလက်” တွေကို ဆွေးနွေး တင်ပြခဲ့တယ်။ စိတ်ကျန်းမာရေးဖွံ့ဖြိုး တိုးတက်မှုအတွက် လူမှုအဖွဲ့အစည်းတွေနဲ့ နိုင်ငံတော်အစိုးရဌာန တွေက ဆောင်ရွက်ပေးနိုင်တဲ့ လုပ်ငန်းအစီအစဉ်တွေကို ဖော်ပြခဲ့ပါတယ်။ စိတ်ရောဂါကာကွယ်ရေး လုပ်ငန်းမှာ ခံယူကျင့်သုံးတဲ့ “အခြေခံကာကွယ်ရေးအဆင့်”တွေနဲ့ ပတ်သတ်တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရဲ့ လမ်းညွှန်ချက်တွေကိုလည်း ရှင်းလင်းရေးသားခဲ့ပါတယ်။

စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး လူတိုင်းလိုက်နာကျင့်သုံးနိုင်တဲ့ အချက်အလက်တွေကိုဆက်လက် တင်ပြပါမယ်။

Most Popular

Healthy Life Ad
To Top