Healthy Life Ad
Health Tips

ပိန်ဆေးသောက်ခြင်း၏ ဆိုးကျိုး . .

မေး – ကျွန်မက ရှစ်လသားအရွယ် မိခင်ပါ။ နည်းနည်း ဝလာသလို ခံစားရလို့ ပိန်ဆေးတွေ သောက်ပါတယ်။ ဘယ်လို ဆိုးကျိုးတွေ ရနိုင်ပါသလဲ။ ပုံမှန် ဝိတ်ကျအောင် ဘာလုပ်သင့်ပါသလဲ။
ကရင်မ၊ အင်းစိန်။

# ဒေါက်တာမိုးအောင်ကျော်နိုင် (အထွေထွေရောဂါ အထူးကု ဆရာဝန်ကြီး) မှ ဖြေကြားသည် ၊

ဖြေ – ပိန်ဆေးဆိုတာ အမျိုးမျိုးရှိပါတယ်။ တိုင်းရင်းဆေးတွေ ရှိသလို အင်္ဂလိပ် ဆေးတွေလည်း ရှိပါတယ်။ အဲဒီတော့ ကိုယ်စားတဲ့ ဆေးအမျိုးအစားပေါ် မူတည်ပြီး ကလေးကို နို့တိုက်နေတဲ့အတွက် ကလေး ဆီရောက်မယ့် မိခင်နို့ထဲမှာ မပါတဲ့ ပိန်ဆေးမျိုး ဖြစ်သင့်ပါတယ်။ ဒါကြောင့် အထူးသဖြင့် နို့တိုက်မိခင် ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ဆေးကို သောက်သုံးသင့်ပါတယ်။ ပိန်ဆေးစားမယ်ဆိုရင် ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့အညီ စားဖို့ အကြံပြုလိုပါတယ်။

နောက်တစ်ချက်က ကိုယ်အလေးချိန်ကျအောင် အဓိကကတော့ အစားအသောက်ကို ဆင်ခြင်ဖို့ လိုအပ်ပါတယ်။ အစားအသောက်ထဲမှာမှ အဆီနဲ့ အချို ကိုရှောင်ရပါမယ်။ အဆီနဲ့ အချိုက ခန္ဓာကိုယ်ထဲ ရောက်ရင် ကိုယ်အလေးချိန် မြင့်တက်စေပါတယ်။

ဒါကြောင့် ကိုယ်အလေးချိန် လျှော့ချ လိုသူတွေအနေနဲ့ အဆီနဲ့ အချိုကို လုံးဝ ရှောင်ရပါမယ်၊ အချိုမှာ ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်တွေ လည်းပါပါတယ်။ အဆီမှာ ဆီကြော်စာ၊ အုန်းနို့နဲ့ လုပ်ထားတဲ့ အစာတွေ၊ ဟင်းအနှစ်တွေ၊ ပဲကြော်၊ အာလူးကြော် စတာတွေကို ရှောင်သင့်ပါတယ်။ ပြီးတော့ ဆန်၊ ဂျုံနဲ့ လုပ်ထားတဲ့ ထမင်း၊ ခေါက်ဆွဲ စတာတွေကို လျှော့စားသင့်ပါတယ်။ ဗိုက်ပြည့်အောင် အသီးအရွက်၊ အသီးအနှံ စတာတွေကို စားရပါမယ်။ အသားထက် ငါးကို ဦးစားပေး စားသင့်ပါတယ်။ ပြီးတော့ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း အနေနဲ့လမ်း လျှောက်တာပဲဖြစ်ဖြစ် တစ်နေ့မှာ အနည်းဆုံး နာရီ ဝက်လောက် လုပ်ပေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top