Healthy Life Ad
International

ထိုင်းရဟန်းသံဃာ တစ်ဝက်နီးပါးအဝလွန်နေ

၊ မိုးမင်းထွန်း ၊

ထိုင်းနိုင်ငံ ချူလာလောင်ကွန်တက္ကသိုလ်မှ လေ့လာမှုတစ်ခုအရ ထိုင်းရဟန်းသံဃာတစ်ဝက်နီးပါးဟာ အဝလွန်နေတယ်လို့ သိရပါတယ်။ ယင်းလေ့လာမှုက ရဟန်းတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေရရှိဖို့နဲ့ အစိုးရရဲ့ ကျန်းမာရေးအသုံးစရိတ်လျော့ကျအောင် ကူညီဖို့အတွက် ရည်ရွယ်ချက်ထားရှိတယ်လို့ ဆိုပါတယ်။

ရဟန်း ၄၈ရာခိုင်နှုန်းက အဝလွန်နေပြီး အဝလွန်တာနဲ့ဆက်စပ်တဲ့ရောဂါတွေကို ခံစားနေရတယ်လို့ လေ့လာမှုအရသိရပါတယ်။ ရဟန်း ၄၂ရာခိုင်နှုန်းက သွေးတွင်း ကိုလက်စထရောမြင့်မားနေပြီး ၂၃ရာခိုင်နှုန်းက သွေးတိုးနေကြပါတယ်။ ၁၀ ဒသမ ၄ ရာခိုင်နှုန်းက ဆီးချိုရောဂါ ခံစားနေရတယ်လို့ တွေ့ရှိခဲ့ပါတယ်။

ရဟန်းတွေက ဒကာဒကာမတွေ လှူဒါန်းတဲ့ အချိုရည်၊ လက်ဖက်ရည်၊ ကော်ဖီတို့ကို ဘုဉ်းပေးနေရပြီး အဲဒီထဲမှာ သကြားပါဝင်မှုများပါတယ်။ နောက်ပြီး လှူဒါန်းတဲ့ ဆွမ်းတွေမှာလည်း အဆီနဲ့ သကြားအမြောက် အများပါဝင်နေပါတယ်။

နှစ်စဉ်နှစ်တိုင်း ထိုင်းအစိုးရဟာ အဝလွန်မှုနဲ့ နာတာရှည်ရောဂါခံစားနေရတဲ့ ရဟန်းတွေအတွက် ငွေကြေးမြောက်များစွာ ကုန်ကျနေပြီး ၂၀၁၂ ခုနှစ်က ဘတ်သန်း ၃၀ဝ ကျော်ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ လေ့လာသူတွေနဲ့ ထိုင်းပညာတတ်တွေပါဝင်တဲ့အဖွဲ့ဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ ဘယ်လိုချက်ပြုတ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး လူတွေကိုအသိပညာပေးတဲ့ ကမ်ပိန်းတွေပြုလုပ်နေပြီး ရဟန်းသံဃာတွေ ကျန်းမာရေးညီညွတ်တဲ့ ဆွမ်းခဲဖွယ်တွေရရှိအောင် ရည်ရွယ်တယ်လို့သိရပါတယ်။

ရဟန်းတွေအနေနဲ့လည်း ကျန်းမာရေးဗဟုသုတ ရှိအောင်လုပ်ထားသင့်ပြီး အလှူခံရရှိတဲ့ အစားအသောက် ထဲက ကျန်းမာရေးနဲ့သင့်တော်တဲ့ အစားအသောက်တွေကိုပဲ ချင့်ချိန်ဘုဉ်းပေးသင့်တယ်လို့လည်း လေ့လာသူ တွေက တိုက်တွန်းထားပါတယ်။

Most Popular

Healthy Life Ad
To Top