Healthy Life Ad
Life Style

ချောင်းဆိုးတဲ့ ဆေးဖော်ပေးပါ (၁). . .

ပါမောက္ခဒေါ်သန်းသန်းအေး (ဆီးချိုနှင့်အထွေထွေရောဂါ အထူးကုဆရာဝန်ကြီး)

လေပြွန်များကိုကာကွယ်ခြင်းလုပ်ရပ် သို့မဟုတ် ချောင်းဆိုးခြင်း

အစာနဲ့ရေတွေလေပြွန်ထဲဝင်လာရင် လေပြွန်တွေမထိခိုက်အောင်၊ မပိတ်ဆို့အောင်ကာကွယ်ပေးတဲ့ သဘာဝတုန့်ပြန်မှုဖြစ်စဉ်တွေရှိနေပါတယ်။ ဒီအလို အလျောက် တုန့်ပြန်မှုတွေကတော့ ချောင်းဆိုးတာပဲဖြစ်ပါတယ်။ သာမန်လူတွေမှာ နည်းနည်းသီးတာနဲ့ ချာင်းတွေအဆက်မပြတ် ပြင်းပြင်းထန်ထန်ဆိုးပြီး ရှင်းလင်းသွားတော့မှ ငြိမ်သွားပါတယ်။

ချောင်းကောင်းကောင်းဆိုးလေ၊ အကျိုးရှိလေဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ချောင်းဆိုးတာဟာ ကောင်းတဲ့အလုပ်တစ်ခုပဲဖြစ်ပါတယ်။ မဖြစ်မနေရှိရမယ့်ကာကွယ်ရေးဖြစ်စဉ်တစ်ခုပါပဲ။ ချောင်းဆိုးတာကိုလုပ်ဆောင်တာကလည်း အသိအာရုံကြော(Sensory Nerve)သာမက ချောင်းဆိုးတဲ့လှုပ်ရှားမှုကိုလုပ်ပေးတဲ့ အသက်ရှူကြွက်သားတွေကောင်းဖို့ ဒီကြွက်သားတွေလှုပ်ရှားဖို ့အမိန့်ပေးရတဲ့အာရုံကြော (respiratory muscles and their nerve supply) တွေကောင်းဖို့လိုပါတယ်။ ဒီသိခြင်းနဲ့လှုပ်ရှားခြင်းနှစ်ရပ် မှန်ကန်စွာဖြစ်နေစေဖို့ ထိန်းချုပ်ပေးတဲ့ ဦးနောက်ထဲရှိစင်တာတွေလည်းကောင်းဖို့လိုပါတယ်။

အားလုံးကိုပြန်ထိန်းတာက သတိရှိခြင်းပါပဲ။ လူကသတိမရှိတော့ရင် ချောင်းဆိုးတဲ့အလုပ်လည်း မရှိတော့ပါဘူး။ တကယ်တော့အခုသုံးနေကြတဲ့ ချောင်းဆိုးပျောက်ဆေးတွေ (Cough suppressants)ဟာလည်း လည်ချောင်းမှာသိတဲ့ အာရုံကြောကိုလျော့စေပြီး ဦးနှောက်ကချောင်းဆိုးတဲ့တုန့်ပြန်မှု (Cough reflex) တွေကို နည်းစေခြင်းဖြင့် ချောင်းမဆိုးအောင်တားဆီးပါတယ်။

ခြုံပြီးပြန်ပြောရရင် မသီးအောင်ကာကွယ်တာရော၊ သီးရင်ချောင်းဆိုးထုတ်လိုက်တာရော နှစ်ခုစလုံးဟာ အာရုံကြောကောင်းဖို့ အထူးလိုအပ်ပါတယ်။ ဒီနေရာမှာ ချောင်းဆိုးထုတ်တဲ့လုပ်ရပ်ဟာ ဘာအကျိုးကျေးဇူးတွေရလဲဆိုတော့

(၁) လေပြွန်ထဲ အစာဝင်မှန်းသိစေခြင်း၊

(၂) ပြင်းထန်စွာချောင်းဆိုးထုတ်ခြင်းဖြင့် ဝင်ရောက်လာတဲ့ ပြင်ပပစ္စည်းတွေ အလိုအလျောက်ပြန်ထုတ်ပစ်နိုင်လို့ လေပြွန်ပိတ်ဆို့မှုမှတားဆီးနိုင်ခြင်း၊ လေပြွန်နဲ့ အသက်ရှူလမ်းကြောင်းသန့်ရှင်းစေခြင်းပဲဖြစ်ပါတယ်။

ပါးစပ်မှာရှိတဲ့ ဘက်တီးရီးယားပိုးမျိုးစုံကို အမြဲသန့်ရှင်းပြီး ပိုးမွှားကင်းစင်တဲ့လေပြွန်နဲ့ အသက်ရှူလမ်းကြောင်းနယ်နိမိတ်ထဲ ကျူးကျော် ဝင်ရောက်မလာအောင် တားဆီးထားနိုင်တာပဲ ဖြစ်ပါတယ်။ ပိုးတွေဝင်လာရင် နောက်ဆက်တွဲအနေနဲ့ အဖျားဝင်မယ်၊ အဆုတ်ရောင်နမိုးနီးယား (Aspiration Pneumonia)ဖြစ်စေပါတယ်။

သတိမရတဲ့သူနဲ့ တစ်ခါတစ်ရံမှာအိပ်မောကျနေတဲ့ သက်ကြီးရွယ်အိုတွေမှာ ချောင်းမဆိုးနိုင်တော့လို့ (Supression of cough reflex) အစာအိမ်ကစားချင့်ပြန်ပြီးတက်လာတဲ့ အစာအိမ်အက်ဆစ်ရည် (Gastric Acid)ဟာ လေပြွန်ထဲရောက်သွားရင် အထူးကြောက်စရာကောင်းပါတယ်။ လေလမ်းကြောင်းပိတ်ဆို့စေတာနဲ့ ပိုးဝင်တာဖြစ်စေရုံမကဘဲ Acute Pulmonary Oedema ခေါ် အဆုတ်လေအိတ်တွေထဲရေဝင်ပြီး နှလုံးဖောက်တာနဲ့ချွတ်စွပ်တူတဲ့ ARDS လို အခြေအနေမျိုးကြုံတွေ့နိုင်ပါတယ်။ နှလုံးရောဂါသဖွယ်ကုသပြီး သီးတာမကုမိရင် လူနာဆုံးရှုံးနစ်နာနိုင်ပါတယ်။

သဘာဝတရားက လိုအပ်လှလို့ ဒီချောင်းဆိုးတာကိုဖန်တီးထားတာပါ။ ချောင်းဆိုးတာက အန္တရာယ် တစ်ခုခုကနေ လွတ်မြောက်အောင်ကြိုးစားနေတဲ့ ရုန်းကန်နေခြင်းတစ်ခုလို့ယူဆရင် မမှားပါဘူး။ ဒီလိုပဲ မြင်သင့်ပါတယ် . . .

ဒါကြောင့် သဘာဝတရားကလိုအပ်လှလို့ ဒီချောင်းဆိုးတာကိုဖန်တီးထားတာပါ။ ချောင်းဆိုးတာက အန္တရာယ်တစ်ခုခုကနေ လွတ်မြောက်အောင်ကြိုးစားနေတဲ့ ရုန်းကန်နေခြင်းတစ်ခုလို့ယူဆရင် မမှားပါဘူး။ ဒီလိုပဲမြင်သင့်ပါတယ်။ ချောင်းဆိုးတာရဲ့အကျိုးကျေးဇူးကို သိရှိနားလည်ဖို့လိုအပ်ကြောင်း ထပ်လောင်းပြောကြားလိုက်ပါတယ်။

ချောင်းဆိုးတာကို “သတိပေးနေတဲ့လုပ်ရပ်ဖြစ်တယ်”လို့ ယူဆပြီး ဘာကြောင့်ချောင်းဆိုးရသလဲဆိုတဲ့အဖြေကို ဆက်လက်ရှာဖွေဖြေရှင်းပေးဖို့က အဓိကကျပါတယ်၊ ပိုအရေးကြီးပါတယ်။ ချောင်းဆိုးချင်တဲ့ ဆန္ဒကို လိုက်ပိတ်ပင်တဲ့ ချောင်းဆိုးပျောက်ဆေးပေးတာက သတိပေးခေါင်းလောင်းကို ပိတ်ထားတာနဲ့တူနေပါတယ်။ ယာယီပြေလည်ပေမယ့် အကြောင်းရင်းကိုမကုသရင် ရောဂါတာရှည်မှာဖြစ်ပါတယ်။

ဒါပေမဲ့အများအားဖြင့် ချောင်းမဆိုးအောင်ပိတ်ပင်တဲ့ဆေးတွေကိုပဲ လူတွေလိုလားပါတယ်။ ချောင်းမဆိုးစေမယ့်ဆေးတွေ ဖော်စပ်ထားကြပါတယ်။ တကယ်လို့ ချွဲသလိပ်မရှိဘဲ ချောင်းခြောက်ဆိုးနေပြီး ချောင်းဆိုးရတာသိပ်ပင်ပန်းရင် ချောင်းဆိုးပျောက်ဆေး သုံးသင့်ပါတယ်။ ဒါပေမဲ့အခြေခံအကြောင်းရင်းကို မဖယ်ရှားနိုင်ရင်တော့ ဆေးရှိန်ပြယ်တာနဲ့ ချောင်းပြန်ဆိုးနေဦးမှာပါပဲ။

သီးစေတတ်သည့် ရောဂါများ
သီးစေတတ်တဲ့ရောဂါတွေကတော့ လေပြွန်ရဲ့ထိပ်ဆုံးမှာရှိနေတဲ့ အသံအိုးတံခါးပိတ်တာ ပုံမှန်မဖြစ်တော့တဲ့ အောက်ပါအခြေအနေတွေပဲဖြစ်ပါတယ်။

(၁) သက်ကြီးရွယ်အိုတို့၏ အစာမျိုကြွက်သားအားနည်းခြင်း

(၂) လေဖြတ်နေစဉ် (Stroke)နှင့် ယခင်လေဖြတ်ဖူးသူ (Previous Stroke)

ဒီရောဂါခံစားရသူတွေ အစာစားတဲ့အခါ၊ အထူးသဖြင့် အရည်သောက်တဲ့အခါ ချောင်းဆိုးပြီးသီးတတ်ပါတယ်၊ အဖတ်ပျော့ပျော့၊ အရည်ပျစ်ပျစ်စားတာက ပိုမသီးဘဲ အရည်ကျဲကျဲနဲ့ရေသောက်တာက ပိုသီးတတ်ကြောင်း လေဖြတ်လူနာပြုစုသူတွေ သိထားသင့်ပါတယ်၊ မျိုတတ်ခါစမှာ အရည်လေးပဲ အရင်တိုက်ကြည့်ဦးမယ်၊ အဖတ်ကိုနောက်မှကျွေးမယ်လို့ ကြံစည်သူတွေများပါတယ်။

လူနာရှင်တွေက အစာမျိုလိုက်တာ၊ အစာရှောရှောရှုရှုဝင်သွားတာကို တွေ့မြင်ပေမယ့် လေပြွန်ထဲအစာဝင်သွားတာကိုတော့ မသိလိုက်တာရှိတတ်ပါတယ်။ ချောင်းဆိုးတဲ့အသိ အာရုံကြောတွေမကောင်းတော့ ချောင်းဆိုးသံမကြားရဘဲ အစာတွေ၊ ရေတွေလေပြွန်ထဲဝင်သွားတာကို မသိလိုက်ကြပါဘူး။ အဆုတ်ပြွန်ထဲ အစာနည်းနည်းလေးသီးတာပဲဖြစ်ဖြစ် အရေးကြီးပါတယ်၊ သီးနေမှန်းလည်းသိနေဖို့လိုပါတယ်။

(၃) ပါကင်ဆန်ရောဂါ (Parkinsonism) ဖြစ်သူ

(၄) ကြွက်သားအားနည်းရောဂါရှိသူ
ဥပမာ- Myasthenia gravis

(၅) အသံအိုးအာရုံကြောထိခိုက်သူ
ဥပမာ-သိုင်းရွိုက်(လည်ပင်းကြီး) ခွဲစိတ်စဉ် အသံအိုးရဲ့လှုပ်ရှားမှုကို ထိန်းတဲ့အာရုံကြော (Recurrent laryngeal nerve) ထိခိုက်သွားသူ၊

(၆) အသံအိုးပိတ်တဲ့လျှာခင်မှာ ကင်ဆာ (Carcinoma of larynx) ဖြစ်သူ၊

(၇) ရောဂါကြောင့်သတိလစ်နေသူ ဒါမှမဟုတ် မေ့ဆေးပေးထားပြီး သတိမရသေးသူတွေမှာ ပါးစပ်ထဲက သွားရည်နဲ့ အစာအိမ်က စားချင့်ပြန်ပြီးတက်လာတဲ့ အစာအိမ်အရည်တွေကို လေပြွန် ဒါမှမဟုတ် အဆုတ်ထဲ ရှူသွင်းလိုက်မိတတ်ပါတယ်။ သတိမရတဲ့သူမို့ လည်ချောင်းယားပြီး ချောင်းဆိုးထုတ်တာလည်း မရှိတော့ ပိုဆိုးစေပါတယ်။

Most Popular

Healthy Life Ad
To Top