Healthy Life Ad
Life Style

သွေးဆုံးခါနီးအချိန်တွင် ခံစားရတတ်သည့် အသံတိတ်လက္ခဏာများ

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

သွေးဆုံးခါနီးအချိန်မှာ ရာသီမလာတာ၊ ညဘက်ချွေးစေးပြန်တာနဲ့ ရင်တုန်တာတွေတင်မက တခြားခံစားနေရတတ်တဲ့ အသံတိတ်လက္ခဏာတွေ ရှိပါတယ်။

– သင့်အသက်က ၄၂ နှစ်ကျော်နေလျှင်

အမျိုးသမီးတစ်ယောက် နောက်ဆုံးရာသီလာပြီး ရာသီသွေးရပ်သွားတဲ့အခြေအနေကို သွေးဆုံးတယ်လို့ ခေါ်ပါတယ်။ သွေးဆုံးတဲ့ ပျမ်းမျှအသက်အရွယ်က ၅၂ နှစ်ဖြစ်ပြီး သွေးဆုံးအကြိုအရွယ်ကတော့ ယေဘုယျအားဖြင့် အသက် ၄၂ နှစ်ကျော်ရင် စတင်ခံစားရတတ်ပါတယ်။ ဒါကြောင့် အသက် ၄၂ နှစ်ကျော်ချိန်မှာ သွေးဆုံးအကြိုဝေဒနာလက္ခဏာတွေ ခံစားရရင် ဒါကပုံမှန်သဘာဝဖြစ်စဉ်ပဲ ဖြစ်ပါတယ်။

– လက်ကိုင်ဖုန်းပြောရင်း ဖုန်းလိုက်ရှာနေလျှင်

အရင်ထက်ပိုပြီး မေ့လျော့တတ်နေပါသလား၊ ဟော်မုန်းတွေကို အပြစ်တင်လိုက်ပါ။ အမျိုးသမီးတစ်ယောက် အသက်ကြီးလာတဲ့အခါ သားဥမကြွေတော့တဲ့အတွက် ပရိုဂျက်စတီရုန်းဟော်မုန်းက ကျသွားတတ်ပါတယ်။ အဲဒီအချိန်မှာ အရာရာကို အသေးစိတ်သတိမရတော့ဘဲ မေ့လျော့လာပါတယ်။ ဒီအချိန်မှာ အာရုံစူးစိုက်မှုနဲ့ သတိကောင်းကောင်းထားပေးမှ မှတ်ဉာဏ်ထက်မြက်လာမှာ ဖြစ်ပါတယ်။

– သင့်အရေပြားက ပါးလျပြီး ပွန်းပဲ့လွယ်နေလျှင်

သင့်အရေပြားတွေ ပါးလျပြီး အလွယ်တကူပွန်းပဲ့တာ ဖြစ်တတ်ရင် ဒါက သွေးဆုံးအကြိုဝေဒနာလက္ခဏာပဲ ဖြစ်ပါတယ်။ သွေးဆုံးချိန်မှာ ဟော်မုန်းအတက်အကျဖြစ်တဲ့အတွက် အရေပြားပါးလျ လာရတာပါ။

– သင့်မျက်စိအမြင် ပြောင်းလဲလာပြီး မျက်စိခြောက်နေလျှင်

မျက်စိဆိုတာ ဟော်မုန်းပြောင်းလဲမှု ပထမဆုံးတွေ့ရတဲ့နေရာပဲ ဖြစ်ပါတယ်။ မျက်စိခြောက်သွေ့ပြီး အမြင်အာရုံပြောင်းလဲလာရင်၊ အထူးသဖြင့် အနီးမှုန်ဝင်လာရင် သွေးဆုံးအကြိုဝေဒနာလက္ခဏာပဲ ဖြစ်ပါတယ်။

– အကြောင်းရင်းမည်မည်ရရ မရှိဘဲ မျက်ရည်ကျနေလျှင်

သွေးဆုံးအကြိုဝေဒနာလက္ခဏာတွေထဲမှာ စိတ်ခံစားမှုအပြောင်းအလဲဖြစ်တာလည်း ပါဝင်နေပါတယ်။ သေးငယ်တဲ့အကြောင်းရင်းတွေကိုတောင် အလွန်အမင်းခံစားနေတာ၊ ပူပင်သောကများနေတာတို့ဖြစ်ပြီး ကြီးကျယ်တဲ့ကိစ္စမဟုတ်ဘဲ ဝမ်းနည်းနေတတ်ပါတယ်။

– သင့်ဝမ်းဗိုက်တစ်ဝိုက် အဆီများနေလျှင်

အသက်ကြီးလာရင် ကိုယ်အလေးချိန် မြင့်တက်လာတတ်ပါတယ်။ အထူးသဖြင့် ကျန်းမာရေးနဲ့ညီညွတ်မှုမရှိတဲ့ နေထိုင်စားသောက်မှုပုံစံရှိရင် အမျိုးသမီးတွေက ကိုယ်အလေးချိန်မြင့်လာတတ်ပြီး ဝမ်းဗိုက်မှာအဆီပိုတွေ တိုးလာတတ်ပါတယ်။ အသက်အရွယ်ကြီးရင့်လာချိန်မှာ ခန္ဓာကိုယ်ရဲ့ဇီဝရုပ်ဖြစ်စဉ်က နှေးလာတဲ့အတွက် ကယ်လိုရီနည်းနည်းပဲ ရယူသင့်ပါတယ်။

– သင့်အကောင်းဆုံးမိတ်ဆွေက လိုးရှင်းဖြစ်နေလျှင်

ပရိုဂျက်စတီရုန်းဟော်မုန်းအဆင့် လျော့ကျလာတာကြောင့် အရေပြားရဲ့ကော်လာဂျင်တွေ ပြိုကွဲသွားပါတော့တယ်။ အဲဒီကတစ်ဆင့် အရေပြားပါးတာနဲ့ ခြောက်သွေ့တာတို့ ဖြစ်တတ်ပါတယ်။ အသားဖြူလေလေ၊ အရေပြားခြောက်သွေ့ထိခိုက်နိုင်ခြေ ပိုများလေလေဖြစ်ပါတယ်။ သွေးဆုံးအကြိုကာလမှာ အမျိုးသမီးအများစုက ဓာတ်မတည့်တာနဲ့ နှင်းခူတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် အရေပြားခြောက်သွေ့မှုဝေဒနာ ကင်းဝေးစေဖို့ လိုးရှင်းကိုမကြာခဏ လိမ်းပေးပါ။

– ညဘက် အိပ်မပျော်ဖြစ်လျှင်

သားဥမကြွေရင် အိပ်မပျော်တဲ့ဝေဒနာ ရတတ်ပါတယ်။ ပရိုဂျက်စတီရုန်းက စိတ်တည်ငြိမ်စေတဲ့ ဟော်မုန်းဖြစ်တာကြောင့် အဲဒီဟော်မုန်းနည်းသွားချိန်မှာ ပူပင်သောက ပိုခံစားရတတ်ပါတယ်။ ဒါကြောင့် အိပ်မပျော်ရတာပါ။

(Ref;RD)

Most Popular

Healthy Life Ad
To Top