Healthy Life Ad
Q & A

နှလုံးခုန်ပြီး မောနေတယ်

ဒေါက်တာမိုးအောင်ကျော်နိုင်
(အထွေထွေရောဂါအထူးကုဆရာဝန်ကြီး)

Q. ကျွန်တော့် အသက်က၃၀ပါ။ ကျွန်တော်ဖြစ်နေတာက နှလုံးခုန်မြန်ပြီး မောသလိုဖြစ်နေလို့ပါ။ တစ်ခါတလေ အသီးဖျော်ရည်သောက်ပြီးရင် နှလုံးက လေခိုသလိုလိုဖြစ်နေလို့ လမ်းလျှောက်ပေးရတယ်။ အဲဒါ ကျွန်တော် ဘာဖြစ်လို့ပါလဲ၊ ဘာစစ်သင့်ပါသလဲ ဆရာ။
ကိုငယ်၊ ဘုရင့်နောင်။
A. ရင်တုန်တာနဲ့ မောတာအတွက် စစ်သင့်တာက နှလုံးပိုင်းစစ်ဆေးသင့်ပါတယ်။ နှလုံးခုန်နှုန်းမြန်စေတဲ့ အတွင်းပိုင်း ရောဂါတစ်ခုခုနဲ့ တွဲတာရှိသလို သဘာဝအရ လူလှုပ်ရှား၊ စိတ်လှုပ်ရှားလို့ နှလုံးခုန်မြန်တာလည်း ရှိပါတယ်။ လူလှုပ်ရှား၊ စိတ်လှုပ်ရှားလို့ နှလုံးခုန်နှုန်း မြန်တယ်ဆိုရင်တော့ အနားယူလိုက်ရင် သက်သာသွားမှာ ဖြစ်ပါတယ်။
ကိုယ်တွင်းရောဂါတစ်ခုခုကြောင့် ဆိုရင်တော့ နှလုံးခုန်နှုန်းက မကြာခဏ မြန်နေတတ်တယ်၊ အဲဒါဆိုရင် နှလုံးကို စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။
သွေးအားနည်းရင်လည်း မောတတ်တယ်၊ ရင်တုန်တတ်ပါတယ်။ အဲဒါကိုလည်း စစ်ကြည့်သင့်ပါတယ်။ သစ်သီးဖျော်ရည်ကို ဗိုက်ပြည့်အောင်သောက်ပြီးရင် လေခိုသလိုဖြစ်နေလို့ လမ်းလျှောက်ပေးရတယ်ဆိုတော့ ပမာဏ ဘယ်လောက်များများ သောက်လိုက်သလဲဆိုတာအပေါ် မူတည်နေပါတယ်။ တစ်ခါတလေ ပမာဏများများစားပြီး ရင်ထဲမှာပြည့်ပြီး မအီမသာဖြစ်တာတွေက အစာအိမ်ကြောင့် ဖြစ်နိုင်သလို အစာခြေတဲ့ အင်္ဂါတွေနဲ့ ဆက်စပ်တာ ဖြစ်တတ်ပါတယ်။ နောက်တစ်ခုက နှလုံးကျန်းမာရေး ပြဿနာရှိရင်လည်း အစာများများစားလိုက်တဲ့အခါ နှလုံးက ပုံမှန်ထက် ပိုအလုပ်လုပ်ရတဲ့အတွက် လေခိုသလိုမျိုး ဖြစ်သွားတတ် ပါတယ်။ ဒါမျိုးဖြစ်ရင် နားနားနေနေ နေပေးရပါတယ်။ လမ်းလျှောက်ပေးရတယ်ဆိုတော့ အစာခြေတဲ့ အင်္ဂါရပ်လေးတွေကို စစ်ဆေးဖို့လိုပါတယ်။
နှလုံးကျန်းမာရေးပြဿနာ ဖြစ်နိုင်ခြေများတဲ့ အချက်တွေဖြစ်တဲ့ လူက ဝသလား၊ သွေးထဲမှာ အဆီများသလား၊ သွေးတိုးသလား၊ ဆေးလိပ်သောက်သလား၊ ဆီးချိုရှိသလားစတဲ့ အချက်တွေကို ဆန်းစစ်ကြည့်လို့ ကိုယ့်မှာ ရှိတယ်ဆိုရင် နှလုံးကိုလည်း စစ်ဆေးသင့်ပါတယ်။
ဒီတော့ ခြုံပြီးပြောရမယ်ဆိုရင် နှလုံးပိုင်းရယ်၊ အစာခြေတဲ့ အင်္ဂါအစိတ်အပိုင်းရယ်ကို စစ်ဆေးဖို့ လိုအပ်တယ်လို့ အကြံပြုလိုပါတယ်။

Most Popular

Healthy Life Ad
To Top