Healthy Life Ad
Health Tips

နှလုံး-အပေါက် (Atrial Septal Defects-ASD)

———၊ ဒေါက်တာတင့်ဆွေ ၊———

Q. ကျွန်တော်က အခု ၂၅ နှစ်ထဲမှာပါ။ အသက် ၂၁ တုန်းက ASD (Atrial Septal Defect) ခွဲဖူးပါတယ်။ ကျွန်တော်က အခု (…..) နိုင်ငံက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတာပါ။ Computer modeling operator ပါ။ မိုးလင်း-မိုးချုပ် ကွန်ပျူတာရှေ ့မှာ ထိုင်ရပါတယ်။ အပေါ့အပါးသွားရုံပဲ ထသွားထလာ ရှိပါတယ်။ အိမ်မှာလည်း ကုတင်ပေါ်ကဖြစ်ဖြစ်၊ စားပွဲမှာဖြစ်ဖြစ် ကွန်ပျူတာပဲ သုံးလေ့ရှိပါတယ်။ လည်လေ့၊ ပတ်လေ့ မရှိပါဘူး။ အရင်လကစပြီး ဂိမ်းစက်ဝယ်ပြီး ဆော့ဖြစ်ပါတယ်။ အဲဒါ (၁) Excited ဖြစ်လို့ ASD ကို ဖာထားတာ ပြန်ပွင့်တတ်ပါသလား။ (၂) ASD ကို ဘယ်လိုဖာတာလဲ။ (၃) ရင်ဘတ်တွေလည်း နာသလို၊ အောင့်သလိုလည်း ခံစားရပါတယ်။ ညည ၁ နာရီ ၂ နာရီလောက်မှ အိပ်ရာဝင်တတ်ပါတယ်။ အစောဆုံးက ၁၂ ခွဲပါ။ အဲဒါ အိပ်ရေးပျက်ရင် ဘယ်လိုနှလုံးရောဂါ ဖြစ်တတ်ပါသလဲ။ ASD ပြန်ဖြစ်နိုင်ပါသလား။ ဘယ်လို ကာကွယ်သင့်ပါသလဲ။ ခွဲစိတ်ခဲ့တာကတော့ ရန်ကုန်-ဆေးရုံကြီးမှာပါ။

A hole in the heart နှလုံးအပေါက်လို့ ခပ်လွယ်လွယ်ခေါ်တဲ့ ရောဂါဟာ မွေးရာပါဖြစ်တယ်။ နှလုံးမှာ အခန်းလေးခန်းရှိတာမှာ အထက်နှစ်ခန်းကို ခြားထားတဲ့ အကန့်မယ် အပေါက်ဖြစ်နေတာကို Atrial Septal Defects (ASD) ခေါ်တယ်။ အောက်နှစ်ခန်းကြားမှာလည်း အပေါက်ဖြစ်နိုင်သေးပါတယ်။ တခြားနေရာတွေမှာလည်း တခြားအပေါက်တွေ ရှိသေးတယ်။

နှလုံးမှာ အပေါ်ခန်းနှစ်ခန်းက သွေးလက်ခံရာတွေဖြစ်တယ်။ ဆေးပညာနဲ့ မနီးစပ်သူတွေလည်း Atrium စာလုံးကို သိကြပါမယ်။ ဟော်တယ်တွေ၊ အဆောက်အဦကြီးတွေ ရောက်သွားရင် အကျယ်ဆုံးအဝင်ခန်းမကို ဒီလိုပဲခေါ်တယ်။ Tallest atrium အမြင့်ဆုံးဟာ (ဒူဘိုင်း)က Burj Al Arab ဖြစ်ပြီး၊ အကျယ်ဆုံး Largest atrium ဟာ (လပ်စ်ဗေးဂတ်စ်)က Luxor Hotel ဖြစ်တယ်။ နှလုံးမှာတော့ ဒီအခန်းတွေက အကျယ်ဆုံးမဟုတ်ပါ။ အောက်ခန်းတွေက ပိုကျယ်တယ်။ အထဲဝင်ရင် စဝင်ရတယ်ဆိုတဲ့ သဘောကတော့ တူပါတယ်။

အထက်-ညာဘက်ခန်းကို တကိုယ်လုံးက ရှိရှိသမျှ သွေးတွေဝင်လာကြတယ်။ သွေးဟောင်းတွေလို့ခေါ်မယ်။ နောက် သူ့အောက်က ညာအောက်ခန်းကိုရောက်မယ်။ အဲဒီကနေ အဆုတ်ဆီကို သွေးရောက်အောင် ညှစ်အားနဲ့ ပို့လွှတ်တယ်။ အဆုပ်မှာ သွေးဟောင်းတွေကို အသက်ရှူတဲ့အထဲက အောက်စီဂျင်နဲ့ ထိတွေ့ပေါင်းစပ်ပေးလိုက်တော့ သွေးဟာ နီရဲပြီး၊ သွေးသစ်ဖြစ်လာတော့တယ်။ ဒီသွေးသစ်တွေက နှလုံးအထက် ဘယ်ဘက်ခန်းဆီ ဝင်လာမယ်။ ဝင်လာရာဖြစ်နေလို့ Atrium ခေါ်ပြန်တယ်။

“ခွဲစိတ်ကုသတာဟာ ၉၉% အောင်မြင်တယ်။ ငယ်ငယ်မှာခွဲရင် ခွဲပြီး ၄-၆ လအတွင်း ကလေးရဲ ့ကြီးနေခဲ့တဲ့ နှလုံးဟာ နဂိုအရွယ် ပြန်ရောက်တယ်။ ခွဲစိတ်ထားသူတွေ Lifestyle ပြောင်းစရာလိုတယ်။ Exercise လုပ်နိုင်ပါတယ်။”

ဒီတော့ နှလုံးအထက် နှစ်ခန်းဟာ သွေးတွေကို လက်ခံရာတွေဖြစ်ပေမဲ့ ညာဘက်မှာက သွေးဟောင်း၊ ဘယ်ဘက်မှာက သွေးသစ်၊ ကြားထဲမှာ နံရံလေးသာ ခြားထားတယ်။ အဲဒီအကန့်မှာ အပေါက်ဖြစ်တာကို ASD လို့ ခေါ်လိုက်တာပါဘဲ။ အပေါက်ရှိနေတော့ သွေးသစ်နဲ့ သွေးဟောင်းတွေ ရောနေတာပေါ့။ နှလုံးခုန်နေတဲ့ အသံပြောင်းနေတာကို ဆရာဝန်တွေ နားကြပ်နဲ့နားထောင်တော့ Heart murmur တမျိုး ကြားရတယ်။

သန္ဓေတည်ပြီး အစပတ်တွေမှာ နှလုံးစဖြစ်တယ်။ ဘာလို့ အပေါက်လာဖြစ်တယ်ဆိုတာ တိတိကျကျ ပြောမရသေးပါ။ မိခင်မှာ ကိုယ်ဝန်ဆောင်နေတုံး Rubella ခေါ်တဲ့ German measles ဂျာမန်ဝက်သက်ရောဂါပိုး ကူးစက်ခံရရင်၊ Diabetes ဆီးချိုရှိပြီး ကောင်းကောင်းမထိန်းနိုင်ရင်၊ ဆေးဝါး၊ အရက်၊ ဓါတ်ရောင်ခြည်တွေနဲ့ မကင်းရင်၊ တချို ့မှာ ဘာလို့ဆိုတာ မသိပါ။

အပေါက်ကလည်း အကန့်နေရာ အမျိုးမျိုးမှာ အရွယ်ရွယ် အစားစား ရှိနိုင်တယ်။

• Secundum ASD (ASD 2) အပေါက်က အလယ်မှာရှိတဲ့ အမျိုးအစား အများဆုံးရှိတယ်။

• Primum ASD (ASD 1) အောက်နားမှာရှိတာက ဒုတိယအများဆုံး၊

• Sinus Venosus ASD (Sinus Venus) သွေးပြန်ကြောကြီးတွေနဲ့ နီးရာမှာ အပေါက်ရှိတာက အနည်းဆုံး။

မိန်းကလေးတွေမှာ ပိုအတွေ့များတယ်။ ASD က အဖြစ်မများလှပါဘူး။ စာရင်းဇယားရှိတဲ့ တိုင်းပြည်တွေမှာ ကလေး ၁၀ဝ၀ မွေးရင် ၄-၈ ယောက်မှာ ဒီရောဂါလာတွေ့တယ်။ မျိုးရိုးလိုက်တာတွေလဲ တွေ့ရလို့ ကိုယ့်မှာ ဒါရှိနေရင် ကိုယ်ကမွေးမယ့် ကလေးမှာလဲ လာရှိတတ်တယ်။ လူတိုင်းကိုပြောတာ မဟုတ်ပါ။

တချို ့က ဘာမှမဖြစ်သလို နေနိုင်တယ်။ ခံစားရနိုင်တာတွေကတော့ အစားပျက်၊ ဖွံ့ထွားမှုနှေး၊ အားယုတ်၊ အသက်ရှူမဝ၊ အသက်ရှူလမ်း ခဏခဏပိုးဝင်၊ ကိုယ့်နှလုံးခုန်နေတာ ကိုယ်သိ၊ တခုခုလုပ်နေရင်း အသက်ရှူတာ အားမရဖြစ်မယ်။ ဆေးမကုရင် Atrial arrhythmia နှလုံးခုန်မမှန်တာ ဖြစ်လာမယ်။ ကြီးတဲ့အထိမကုရင် အထဲကသွေးခဲတာ ဖြစ်စေမှာမို့ ဦးနှောက်ရောက်သွားရင် Stroke ရလာတတ်တယ်။ Pulmonary hypertension အဆုတ်မှာ သွေးတိုးတာ လာဖြစ်မယ်။ Atrial fibrillation (လူကြီးတွေမှာ) နှလုံးခုန်မမှန်တာ၊ Heart failure နှလုံးက လိုသလောက် အလုပ်မလုပ်နိုင်တော့တာ၊ အများအားဖြင့် အဲဒီလိုဟာတွေ ဖြစ်မလာခင် ဆေးကုကြတာများပါတယ်။

စစ်ဆေးရာမှာ Cardiac catheterization နှလုံးထဲပိုက်ငယ်သွင်း၊ Chest x-ray ရင်ဘတ်-ဓာတ်မှန်၊ Coronary angiography နှလုံးသွေးကြော-ဓာတ်မှန် (အသက် ၃၅ နှစ်အထက်)၊ ECG (အီး-စီ-ဂျီ)၊ Echocardiography (အက်ကို)၊ Heart MRI (အမ်-အာရ်-အိုင်) တွေ လုပ်ပါမယ်။
အပေါက်သေးသေးလေးဆိုရင် သူ့ဖါသာ ပြန်ပိတ်သူလည်း ရှိနိုင်တယ်။ တချို ့တိုင်းပြည်တွေမှာ ၄၀% က ၂ နှစ်သားဆို ပြန်ပိတ်တာတွေ့ရတယ်။ ဒီ့ထက်ကြီးလာရင် ပြန်ပိတ်နှုန်း လျှော့လာတယ်။ အိန္ဒိယ National Institutes of Health အဆိုကတော့ တဝက်လောက်က သူ့အလိုလိုပိတ်တယ်၊ ၂၀% က တနှစ်အရွယ်မှာ ပိတ်တယ်၊ ငယ်ငယ်နဲ့မပိတ်ရင်တော့ နောင်လဲပိတ်မှာ မဟုတ်ဘူး။

ခွဲစိတ်တာမလုပ်ခင်၊ ဆေးပေးရတာတွေလဲ ရှိတတ်တယ်။ နှလုံးခုန်မှန်အောင်-ကောင်းစေအောင် Inderal နဲ့ Digoxin ဆေး၊ နှလုံးထဲ သွေးများမနေအောင် Lasix ဆေး၊ သွေးမခဲအောင် Coumadin နဲ့ Aspirin ဆေးတွေ သုံးရတယ်။

ခွဲစိတ်ကုသနည်း (၂) နည်းသုံးပါတယ်။

၁။ Cardiac catheterization လူနာရဲ ့ ပေါင်ရင်းကနေ သေးငယ်တဲ့ ပိုက်-ပြွန်ကလေ ထိုးသွင်းပြီး၊ Mesh patch or Plug ခေါ်တဲ့ ပစ္စည်းကို အပေါက်မှာထည့်ပေးပြီး နှလုံး (တစ်ရှူး) တွေ အသစ်တိုးဖြစ်လာပြီး ပိတ်ပေးစေနည်း ဖြစ်တယ်။ Cardiac catheterization လုပ်ပြီး၊ Amplatzer Septal Occl-uder ဆိုတဲ့ ပစ္စည်းနဲ့ ပိတ်နည်းကို ၂၀ဝ၁ ကစပြီး လုပ်ခဲ့တာဖြစ်တယ်။

၂။ Open-heart surgery မေးဆေးပေး၊ Heart-lung machine စသုံးပြီး၊ ခွဲစိတ်-ချုပ်ပိတ်နည်းဖြစ်တယ်။

ခွဲစိတ်ကုသတာဟာ ၉၉% အောင်မြင်တယ်။ ငယ်ငယ်မှာခွဲရင် ခွဲပြီး ၄-၆ လအတွင်း ကလေးရဲ ့ကြီးနေခဲ့တဲ့ နှလုံးဟာ နဂိုအရွယ် ပြန်ရောက်တယ်။ ခွဲစိတ်ထားသူတွေ Lifestyle ပြောင်းစရာလိုတယ်။ Exercise လုပ်နိုင်ပါတယ်။ Infection ရောဂါပိုးဝင်မှာကို Antibiotics ပဋိဇီဝဆေးတွေနဲ့ ကာကွယ်ပါ။ ပိတ်ပေးထားတာ ပြန်ပွင့်တာမရှိပါ။ အလုပ်လုပ်ချိန်၊ နားချိန်မျှတပါစေ။ နာရင် Pain killers (Analgesic)အနာ-အကိုက် သက်သာဆေးတွေ သုံးပါ။ နှလုံးရောဂါသမားတွေကို ပိုတောင်မှ ပေးရသေးတယ်။

Most Popular

Healthy Life Ad
To Top