Healthy Life Ad
International

နိုင်ငံသားများကို ပျော်ရွှင်ကျန်းမာစေသည့် ကျန်းမာရေးစောင့်ရှောက်မှု အကောင်းဆုံး နိုင်ငံ ၅ ခု

ငွေကြယ်စင်ယံ

ပြီးခဲ့တဲ့ လက နိုင်ငံတကာ နေထိုင်မှုဆိုင်ရာ ဝက်ဘ်ဆိုက်ကနေ ကျန်းမာရေး စောင့်ရှောက်မှု စနစ်နဲ့ အငြိမ်းစား ယူပြီးနောက် ခံစားပိုင်ခွင့် စတာတွေကို လေ့လာပြီး နိုင်ငံသားတွေကို ပျော်ရွှင် ကျန်းမာစေတဲ့ ကျန်းမာရေး စောင့်ရှောက်မှု အကောင်းဆုံး ထိပ်တန်းနိုင်ငံ ငါးခုကို ထုတ်ပြန်လိုက်ပါတယ်။

(၁) ပြင်သစ်နိုင်ငံ

ပြင်သစ်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုစနစ်က ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။ ပြင်သစ်မှာ လူနာနဲ့ ဆရာဝန် ဆက်ဆံရေးက အလွန်အမင်း ပွင့်လင်းမှု ရှိပြီး လူနာအနေနဲ့ သူလိုချင်တဲ့ ကျန်းမာရေး စောင့်ရှောက်သူကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်အောင် ဆွေးနွေးပေးလေ့ ရှိပါတယ်။

(၂) ဥရုဂွေးနိုင်ငံ

ဥရုဂွေးနိုင်ငံမှာ လူနာတွေက သူတို့ဆရာဝန် တွေကို တိုက်ရိုက် ဆေးဖိုးဝါးခ ပေးရပါတယ်။ ပုံမှန် ကျန်းမာရေး စစ်ဆေးမှုကနေ အဓိက ခွဲစိတ်ကုသမှု အထိ အရာရာ အကျုံးဝင်တဲ့ လစဉ် အစီအစဉ်အတိုင်း ပေးရတာမျိုးပါ။ ဥရုဂွေးနိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အသုံးစရိတ်ဟာ အမေရိကန်နိုင်ငံနဲ့ စာရင် အတော်လေးကို နည်းပါတယ်။

(၃) မလေးရှားနိုင်ငံ

မလေးရှားနိုင်ငံရဲ့ အများပြည်သူ ကျန်းမာရေး စောင့်ရှောက်မှုစနစ်က နိုင်ငံခြားသားတွေ အတွက် မပါပါဘူး။ ဒါပေမဲ့ သူတိုရဲ့ ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကလည်း ကောင်းပါတယ်၊ ဆရာဝန်ဆီ တစ်ကြိမ်သွားပြတိုင်း ၁၆ ဒေါ်လာ ကုန်ကျပြီး သွားဆရာဝန်ဆီ တစ်ကြိမ်သွားပြတိုင်း ၉ ဒေါ်လာ ကုန်ကျပါတယ်။

(၄) ကိုစတာရီကာနိုင်ငံ

ကိုစတာရီကာနိုင်ငံရဲ့ ပျမ်းမျှ လူ့သက်တမ်းက ၇၆ ဒသမ ၈ နှစ်ဖြစ်တဲ့အတွက် အမေရိကန် ပြည်ထောင်စုထက် အနည်းငယ် သာလွန်နေပါတယ်။ ဒါ့ အပြင် ကိုစတာရီကာနိုင်ငံရဲ့ အများပြည်သူ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ဟာ ပစ္စည်းကိရိယာအသစ်၊ နည်းပညာအသစ်နဲ့ ပညာရှင် စတာတွေကို တိုးမြှင့် ထားပါတယ်။ အငြိမ်းစား ယူထားသူတေ ွအတွက်လည်း ဒေါ်လာ တစ်ထောင်ထက် ကျော်လွန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု စရိတ်ပေးထားပါတယ်။

(၅) မက္ကဆီကိုနိုင်ငံ

အမေရိကန် ပြည်ထောင်စုဟာ ဆရာဝန် ညွှန်ကြားချက်နဲ့ သုံးရတဲ့ ဆေးဝါး ကုန်ကျစရိတ် အလွန် မြင့်ပါတယ်။ မက္ကဆီကို နိုင်ငံမှာတော့ ကျန်းမာရေး အာမခံအတွက် တစ်နှစ်မှာ ဒေါ်လာ ၃၀ဝ လောက်ပဲ အကြမ်းဖျဉ်း ကုန်ကျတာကြောင့် အမေရိကန် အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ စာရင် ကျန်းမာရေး အာမခံအတွက် ကုန်ကျစရိတ် အတော်လေး နည်းပါတယ်။
လတ်တလော စစ်တမ်းတွေအရ ကမ္ဘာပေါ်မှာ အဝလွန်သူဦးရေ အများဆုံး တိုင်းပြည် ဖြစ်ပေမယ့် အမျိုးသမီးတွေရဲ့ ဘဝသက်တမ်းက အမေရိကန် လူမျိုးတွေထက် ပိုရှည်ပါတယ်။ ဒါ့အပြင် ဆေးရုံ တက်ရရင်လည်း တစ်ညတာအတွက် ၃၅ ဒေါ်လာပဲ ပေးရတာကြောင့် ဆေးရုံ တစ်ညတာအတွက် ဒေါ်လာ ၁၇၀ဝ ကုန်ကျတဲ့ အမေရိကန်နဲ့ ယှဉ်ရင် သိသိ သာသာ လျော့နည်းနေပါတယ်။

Most Popular

Healthy Life Ad
To Top