Healthy Life Ad
Health Tips

ပင်လယ်ကမ်းခြေ သွားရာတွင် ကျန်းမာပြီး ဘေးကင်းလုံခြုံစေမည့် နည်းလမ်းကောင်းများ

စူး (ဆေးဝါးတက္ကသိုလ်)

ပင်လယ်ကမ်းခြေ သွားတဲ့အခါ ပင်လယ်ရေကူးတာ၊ နေပူဆာလှုံတာ၊ ခြေချောင်းလေးတွေကြား သဲ ဝင်တာ စတဲ့ သဘာဝဆန်ဆန် အပြုအမူလေးတွေကြောင့် စိတ်အပန်းပြေရတာ အမှန်ပါ။ ဒါပေမဲ့ ပင်လယ်ရေနဲ့ နေဒဏ်ကြောင့် အရေပြား နေလောင် ဒဏ်ရာရတာ၊ ရေကူးရင်း မတော်တဆ ရေနစ်တာ စတဲ့ ဝေဒနာတွေ ရတတ်သလို ပင်လယ်စာတွေကို မြည်းစမ်းစားကြည့်ရာက အစာအဆိပ်သင့်တာနဲ့ ဓာတ်မတည့်တာတွေလည်း ဖြစ်တတ်ပါတယ်။

(၁) ပင်လယ်ပြင်ထဲ လက်ပစ်ကူးရာမှာ ရေကူးကျွမ်းကျင် နေရင်တောင် မတော်တဆ ရေနစ်တာမျိုး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် လူငယ်လူရွယ်တွေ ရေကူး ပြိုင်ကြတဲ့အခါ ရေနက်တယ်ဆိုတဲ့ သတိပေး ဆိုင်းဘုတ်ကို အလေးမထားဘဲ သူ့ထက်ငါ အလုအယက် ကူးရင်း ဖြစ်တတ်ပါတယ်။ နောက်တစ်ခုက အရက်သေစာ သောက်စားပြီး ရေဆင်းကူးရာက ရေနစ်တတ်ပါတယ်။ ဒါကြောင့် ပင်လယ်ရေကူးတဲ့အခါ လှိုင်းလုံးကြီးနေတဲ့အချိန်၊ လူသူနည်းပါးတဲ့ အချိန်တို့မှာ ဆင်ခြင်သင့်သလို ရေနက်တဲ့ နေရာတွေမှာလည်း မကူးသင့်ပါဘူး။

(၂) ကလေးတွေ ရေကူးတဲ့အခါ ကလေးကို ကောင်းစွာ ကိုင်တွယ်နိုင်တဲ့ အုပ်ထိန်းသူက အတူပါရှိဖို့ လိုပါတယ်။ ကလေးက ဘယ်လောက်ပဲ ရေကူးကျွမ်းကျင် နေပါစေ၊ လူကြီးမိဘတစ်ဦးက စောင့်ကြည့်နေ သင့်ပါတယ်။

(၃) မိုးလေဝသ ခန့်မှန်းချက်ကို သတိပြုပါ။ ပင်လယ်ကမ်းခြေ မသွားခင် မိုးလေဝသ ခန့်မှန်းချက်ကို အမြဲ နားထောင်ပါ။ တကယ်လို့ မုန်တိုင်းရှိတဲ့အခါ ပင်လယ်ကမ်းခြေကို မသွားသင့်ပါဘူး။

(၄) ရေနစ်တာက ကမ္ဘာပေါ်မှာ သေဆုံးနှုန်းအများဆုံး မတော်တဆဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ ဘယ်သူမဆို ရေအနက် နှစ်လက်မလောက်အတွင်း ရေနစ်နိုင်ပါတယ်။ ဒါကြောင့် ပင်လယ်ရေကို ဘယ်တော့မှ လျှော့မတွက် ပါနဲ့။

(၅) ကမ်းခြေမှာ လမ်းလျှောက်တဲ့အခါ နေရောင်အောက် နှစ်နာရီလောက် နေရင်တောင် ရေဓာတ် ခမ်းခြောက်တာ၊ အရေပြား နေလောင်တာနဲ့ အပူဒဏ်ကြောင့် နွမ်းနယ်တာတို့ ဖြစ်တတ်ပါတယ်။ ရေ များများသောက်ဖို့ မမေ့ပါနဲ့။ ကမ်းခြေမှာ လမ်းမလျှောက်ခင် နေကာခရင်မ်လိမ်းပါ။ ပြန်လာရင် အနားယူပါ။ ပင်လယ်ရေထဲ မဆင်းခင်မှာ ဖြစ်နိုင်ရင် သင့်တစ်ကိုယ်လုံးက အရေပြားကို နေကာနိုင်တဲ့ လိုးရှင်းလိမ်းပေးပါ။

Most Popular

Healthy Life Ad
To Top