Healthy Life Ad
Health Tips

မေမေတို့ မိခင်နို့ချို ပိုထွက် လိုတယ်ဆိုရင်. .

မီမိုး (ဆေးဝါးတက္ကသိုလ်)

သင်ရဲ့ချစ်စရာကောင်းလှတဲ့ ရင်သွေးလေး အတွက် မိခင်နို့ချို အလုံအလောက် မတိုက်ကျွေးနိုင်မှာကို စိတ်ပူနေပါသလား။ ရင်သွေးငယ်တွေကို မွေးစ ကနေ ခြောက်လအထိ မိခင်နို့ချိုတိုက်ကျွေးတာက အကောင်းဆုံးဖြစ်တာကြောင့် မိခင်နို့ချို အထွက်တိုးစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းကောင်းတွေကို အကြံပြုပါရစေ။

(၁) ရေများများ သောက်ပါ

မိခင်နို့ချိုများများ ထွက်ရှိစေဖို့ အရိုးရှင်းဆုံး နည်းလမ်းကောင်းတစ်ခုက ရေဓာတ် ပြည့်ဝနေဖို့ပဲ ဖြစ်ပါတယ်။ နေ့စဉ် ရေ ၈-၁၂ ဖန်ခွက် သောက်တာကြောင့် ရေဓာတ်ခမ်းခြောက်မှု မဖြစ်အောင် ကူညီနိုင်ပြီး မိခင်နို့ချို အလုံအလောက် ထွက်ရှိစေပါတယ်။

(၂) ရေနွေးအိတ် ကပ်ပါ

သွေးလှည့်ပတ်မှု မကောင်းတာက မိခင်နို့ချို အလုံအလောက် မထွက်စေတဲ့ အကြောင်းရင်းတစ်ခုပါ။ ရင်သားပေါ်မှာ နွေးထွေးတဲ့အဝတ်စ ဒါမှမဟုတ် ရေနွေးအိတ် ကပ်ပေးတာကြောင့် ရင်သားမှာ သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။ တဘက်စကို ရေနွေးထဲ စိမ်ပြီး ရင်သားပေါ် ဖိကာ နှိပ်နယ်ပေးတာကြောင့် သွေးလှည့်ပတ်မှု ကောင်းမွန်စေပါတယ်။

(၃) နွားနို့ပူပူ သောက်ပါ

အိပ်ရာမဝင်ခင် နွားနို့ပူပူ တစ်ခွက် သောက်ပေးတာကလည်း မိခင်နို့ချိုအထွက်တိုးစေပါတယ်။

(၄) သစ်ကြံပိုးခေါက် ခတ်ထားသည့် နွားနို့သောက်ပါ

သစ်ကြံပိုးခေါက်မှုန့်က သင့်ရင်သွေးငယ် အတွက် မိခင်နို့ချို ပိုအထွက်များစေတဲ့ အရာပါ။ နွားနို့ ပူပူတစ်ခွက်ထဲ သစ်ကြံပိုးခေါက်မှုန့် လက်ဖက်စားဇွန်း တစ်ဇွန်းခတ်ကာ သောက်ပေးသင့်ပါတယ်။

(၅) အုတ်ဂျုံကွေကာသောက်ပါ

နံနက်စာစားချိန်နဲ့ သရေစာစားချိန်တိုင်း အုတ်ဂျုံကွေကာ ( Oatmeal Cereal ) သောက်ပေးပါ။ သံဓာတ်ပါဝင်တဲ့အတွက် မိခင်နို့ချို ကောင်းကောင်း ထွက်ရှိစေပါတယ်။ အမျှင်ဓာတ် ပါဝင်တာကြောင့် နှလုံးနဲ့ အစာခြေ လမ်းကြောင်းစနစ်ကို ကျန်းမာစေပါ တယ်။

(၆) ကြက်သွန်ဖြူ စားပါ

တစ်နေ့မှာ ကြက်သွန်ဖြူ သုံးမြွှာခန့် စားပေးရင် နှလုံးသွေးကြောရောဂါကို တွန်းလှန်ပေးနိုင်ပါတယ်။ မိခင်နို့ချို တိုက်ကျွေးနေသူ မိခင်တွေအနေနဲ့ ကြက်သွန်ဖြူသုံးမြွှာကို ရေတစ်ခွက်နဲ့ ရောပြုတ်ပါ။ရေတစ်ဝက်လောက် ခမ်းသွားတဲ့အခါ နွားနို့ တစ်ခွက်နဲ့ ထပ်ပြုတ်လိုက်ပါ။ အေးသွားအောင်ထားပြီး စစ်ကာ ပျားရည်တစ်ဇွန်းထည့် စားပေးပါ။ မနက်တိုင်း ပြုလုပ်ပေးရင် မိခင်နို့ချို အထွက်တိုးစေမှာ ဖြစ်ပါတယ်။

(၇) မုန်လာဥနီကို ကြိတ်ဝါးပေးပါ

မုန်လာဥနီကို သရေစာအဖြစ် စားပေးတာကြောင့် မိခင်နို့ချို အထွက်တိုးစေပါတယ်။အကြောင်းကတော့ ဘီတာကယ်ရိုတင်း ပါဝင်လို့ပါ။ အဆီပါဝင်မှုနည်းပြီး အမျှင်ဓာတ် ပါဝင်မှု များတာကြောင့် ကလေးမွေးပြီး ပိုလာတဲ့ ကိုယ်အလေးချိန်ကိုတောင် လျှော့ချနိုင်ပါလိမ့်မယ်။

(၈) သင်စားသင့်သည့် အစာထဲ စမုန်စပါးထည့်စားပါ

စမုန်စပါးက မိခင်နို့ချို အထွက်တိုးစေပါတယ်။ ဟင်းရွက်သုပ်စားတဲ့အခါ၊ ဟင်းသီးဟင်းရွက် ကြော်စားတဲ့အခါ စမုန်စပါး ဖြူးစားရင် မိခင်နို့ချို အထွက်တိုးစေမှာ ဖြစ်ပါတယ်။

(၉) နှမ်းထည့်စားပါ

နှမ်းစေ့က မိခင်နို့ချို အထွက်တိုးစေပါတယ်။ ဒိန်ချဉ်၊ ဟင်းရွက်သုပ် စတာတွေထဲ နှမ်းစေ့ဖြူးပြီး စားပေးရင် မိခင်နို့ချို အလုံအလောက် ထွက်စေပါတယ်။

(၁၀) သရေစာအဖြစ် အခွံမာသီး စားပါ

သီဟိုဠ်စေ့၊ မြေပဲ၊ သစ်ကြားသီး စတဲ့ အခွံမာ အစေ့အဆန်တွေ စားတာကြောင့် မိခင်နို့ချို ထွက်ရှိ စေပါတယ်။ အကြောင်းကတော့ အင်တီအောက်ဆီးဒင့်ပါဝင်လို့ ဖြစ်ပါတယ်။

(၁၁) သင်္ဘောသီးစိမ်း စားပါ

သင်္ဘောသီးမှည့်က ကျန်းမာရေးနဲ့ ညီညွတ်မှန်း လူတိုင်းသိကြမှာပါ။ နို့ချိုတိုက်ကျွေးနေတဲ့ မိခင်တွေအတွက် မမှည့်သေးတဲ့ သင်္ဘောသီးကို ပါးပါးလှီးပြီး ပြုတ်စားတာက မိခင်နို့ချို အထွက်တိုးစေပါတယ်။
(မှတ်ချက် – ကိုယ်ဝန်ရှိချိန်တွင် သင်္ဘောသီးစိမ်း မစားသင့်ပါ)

(၁၂) ကလေးကို အနေအထားမှန်မှန်ဖြင့် နို့တိုက်ပါ

မိခင်နို့ချို အလုံအလောက် မထွက်တဲ့အတွက် ကလေးကို နို့တိုက်ဖို့ မတွန့်ဆုတ်ပါနဲ့။ မိခင်နို့ချိုကို များများ တိုက်လေလေ၊ မိခင်နို့ချို များများ ထွက်လေလေ ဖြစ်မှာပါ။

Most Popular

Healthy Life Ad
To Top