Healthy Life Ad
International

မိခင်နို့ချိုတိုက်ကျွေးနေသူများ အပူအစပ်စာ စားသင့်

မိခင်နို့ချိုတိုက်ကျွေးနေစဉ် အမျိုးသမီးတွေက အပူအစပ်အစာကို စားသင့်တယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။ မိခင်နို့ချိုတိုက်ကျွေးနေချိန်မှာ မိခင်တွေက အပူအစပ်စာတွေကို ရှောင်ကြဉ်ကြပါတယ်။ အကြောင်းကတော့ မိခင်အပူအစပ်စားရင် မွေးကင်းစကလေးမှာ လေထတာနဲ့ ကသိကအောက်ဖြစ်တာတို့ ဖြစ်စေနိုင်တယ်ဆိုတဲ့ ထင်မြင်ချက် ရှိနေကြလို့ပါပဲ။ ဒါပေမဲ့ ပြင်းထန်တဲ့ အရသာက ကလေးတွေအပေါ် သက်ရောက်မှုရှိတယ်ဆိုတာ ခိုင်မာတဲ့ သက်သေအထောက်အထား မရှိပါဘူးလို့ ဆရာဝန်တွေက ဆိုပါတယ်။

မိခင်နို့ချိုတိုက်ကျွေးချိန်မှာ မိခင်တွေက ပူစပ်တဲ့ အစာအပါအဝင် အရသာအမျိုးမျိုး စားသင့်တယ်၊ ဒါမှသာ မွေးကင်းစကလေးရဲ့ လျှာအရသာခံအဖုတွေကို အားကောင်းစေတဲ့အတွက် ကလေးတွေကို နောက်ပိုင်းမှာ အစာကျွေးရလွယ်ကူစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

“မိခင်နို့က မိခင်ရဲ့သွေးကနေ ဖြစ်လာတာဖြစ်ပြီး မိခင်ရဲ့ အစာခြေလမ်းကြောင်းကနေ တိုက်ရိုက်ထုတ်လုပ်တာမဟုတ်ပါဘူး။ ဒါကြောင့် မိခင်နို့ချိုတိုက်ကျွေးနေတဲ့ မိခင်တွေက ပန်းဂေါ်ဖီပွင့်၊ ဂေါ်ဖီစိမ်းတို့လို ဟင်းသီးဟင်းရွက်တွေကို စားသင့်ပါတယ်။ ဒီအာဟာရတွေကသာ မိခင်နို့ထဲရောက်ရှိတာဖြစ်ပြီး လေထစေတဲ့ကိစ္စက ကလေးဆီကို သက်ရောက်မှုမရှိပါဘူး”လို့ အမျိုးသမီးကျန်းမာရေး သုတေသနအကြံပြု ဒေါက်တာဂျနီဖာက ဆိုပါတယ်။

မိခင် အစာစားပြီး မိခင်နို့ချိုဖြစ်ဖို့ အစာချက်ချိန်က ယေဘုယျအားဖြင့် ၄-၆ နာရီကြာပေမယ့် ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်၊ ဓာတ်သဘာဝလို အချက်တွေပေါ်မူတည်ပြီး တစ်နာရီလောက်ပဲကြာနိုင်သလို ၂၄ နာရီအထိလည်း ကြာချင်ကြာသွားနိုင်ပါတယ်။ နို့တိုက်စဉ် မိခင်တွေစားတဲ့ အစားအသောက်တွေက ပရိုတင်း၊ အဆီ၊ ကာဗိုဟိုက်ဒရိတ်၊ သတ္တုဓာတ်နဲ့ရေတွေကို သွေးကြောထဲသို့စုပ်ယူနိုင်လောက်တဲ့အစိတ် အပိုင်းတွေအထိချေဖျက်သွားတယ်လို့ အမျိုးသားဆီးချိုနှင့် အစာခြေစနစ်ဆိုင်ရာ အဖွဲ့အစည်းကဆိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top