Healthy Life Ad
Life Style

မိခင်အစားအသောက်နှင့် နို့ရည် (Breast Milk)

ဒေါက်တာတင့်ဆွေ

မင်္ဂလာပါဆရာရှင့်။ ကျွန်မအသက် ၃၄နှစ်ပါ။ သားဦး မိန်းကလေးမွေးပြီးတာ ၂လ ရှိပါပြီရှင့်။ နို့လည်းထွက်ပါတယ်ရှင့်။ ဒါပေမဲ့ နို့ကကျဲနေပါတယ် ဆရာ။ နို့ပျစ်ခြင်း၊ ကျဲခြင်းက ကလေးအတွက် အာဟာရဖြစ်မှုနဲ့ပက်သက်ပြီး အကျိုးသက်ရောက်မှု ကွာခြားလားဆိုတာလေး သိပါရစေဆရာ။ ရှိတယ်ဆိုရင် ကျဲတာကိုပျစ်အောင် ဘယ်လိုလုပ်ရပါ့မလဲဆရာ။

မကြာမကြာ မေးကြတယ်။ နို့တိုက်မိခင် ဘာအစားအသောက်တွေ စားသင့်သလဲ။ နို့တိုက်မိခင်က အစားမှားလို့ ကလေးနေမကောင်းဖြစ်သလား။ မိခင်ဘာစားစား နို့သာထွက်ပါတယ်။ နို့တိုက်စဉ်မှာ ထူးပြီးစားရတာတွေမရှိပါ။ ထူးပြီးရှောင်စရာတွေလည်း မရှိပါ။ ပုံမှန်စားသောက်နေတာတိုင်းကို စားနိုင်ပါတယ်။ ပုံမှန်အစားအသောက်ဆိုတာ လုံလောက် + မျှတတဲ့ အစားအသောက်တွေဖြစ်တယ်။ ကုန်ကုန်ပြောရရင် ပုံမှန်မိခင်အတွက် အားဆေးခေါ် ဗီတာမင်တွေ + ဓာတ်ဆားတွေ မလိုပါ။ ပုံမှန်မိခင်ဆိုတာ သွေးတိုး-ဆီးချိုမရှိသူတွေ။

၁။ ကလေးနို့တိုက်နေစဉ်မှာ မိခင်က အစားအသောက်အကောင်းဆုံးဖြစ်အောင် ထိန်းရမလား။ မလိုပါ။ မိခင်စားတာ သောက်တာကြောင့် သူကထွက်တဲ့ နို့အပေါ်မှာ သက်ရောက်မှုဟာ မဖြစ်စလောက်သာရှိတယ်။ လူ့ကိုယ်ခန္ဓာ ဇီဝကမ္မဖြစ်စဉ်ကြီးဟာ အလွန်အံ့သြစရာကောင်းလောက်အောင် ကောင်းမွန်ပြည့်စုံတယ်။ ဘယ်လိုပဲ ခေါင်းပါးမှုတွေ၊ ကြွယ်ဝချမ်းသာမှုတွေရှိပါစေ မိခင်နို့မှာ ကလေးအတွက်လိုအပ်တာတွေဖြစ်အောင် စီမံပေးပါတယ်။

၂။ ကလေးနို့တိုက်နေစဉ်မှာ အရက်၊ ကော်ဖီ ရှောင်ခိုင်းတယ်။ အဲဒါမျိုးတောင်မှ ရံဖန်ရံခါသောက်လို့ နို့မှာပါတာကနေ ကလေးကို ဆိုးဆိုးဝါးဝါးမဖြစ်စေပါ။

၃။ ဟိုအရင်က ဆန်နဲ့ အသီးအရွက်လေးနည်းနည်း၊ အသားရှားရှားပါးပါးသာ စားသုံးခဲ့ကြတဲ့ မိခင်ကြီးတွေကနေ သူတို့ကလေးတွေကို ကျန်းကျန်းမာမာဖြစ်အောင် နို့တိုက်ခဲ့ကြပါတယ်။

၄။ ဒါဖြင့်ရင် အစားကောင်းကောင်းမစားပဲနေတာ ကောင်းသလား။ အဲတာတော့ မဟုတ်ပါ။ မိခင်ကိုယ်တိုင်က ကျန်းမာနေမှသာ နေရတာလည်းကောင်း၊ ကိုယ်ရောစိတ်ပါရွှင်လန်းလို့ ကလေးကို ပြုစုစောင့်ရှောက်နိုင်မှာပါ။ ဂျန့်ဖုဒ်ခေါ် ခေတ်ပေါ်၊ ပေါ်ပြူလာ၊ ဆိုင်မှာအလွယ်ရတဲ့ အစားအသောက်တွေကတော့ မသင့်ပါ။ အဲဒါလည်း မိခင်အတွက် ပြောတာဖြစ်ပါတယ်။

၅။ မိခင်ရဲ့ ရေသောက်တာကနေတော့ နို့ထွက်တာကို သက်ရောက်တယ်။ နည်းတာမကောင်းပါ။ တခြားအရည်တွေကို ပိုသောက်ဖို့မတိုက်တွန်းပါ။

၆။ ကယ်လိုရီခေါ် အားအင်ဖြစ်စေတဲ့ တိုင်းတာမှုပြည့်မီရပါမယ်။ အဲဒါက အစားအစာတိုင်းကနေရတယ်။

၇။ မိခင်ဟာ အစားအစာ လုံလောက် + မျှတအောင် စားနေနိုင်ရင် ဖြည့်စွက်ဗီတာမင်တွေလည်း မလိုပါ။

၈။ အဆီဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဆီနဲ့ အဆီကိုသာ စားသုံးသင့်တယ်။

၉။ ဘယ်အစာတွေ ရှောင်ရမလဲ။ ထူးရှောင်စရာ မလိုပါ။ မာကျူရီများများပါတဲ့ ငါးတွေတော့ရှောင်ပါလေ။

၁၀။ ကေဖင်းဓါတ်ပါတာ ရှောင်ပါလေ။

၁၁။ အယ်လ်ကိုဟောခေါ် အရက်ပါတာ ရှောင်ပါလေ။

၁၂။ မိခင်စားတဲ့ ပရိုတင်းတချို့ဟာ မိခင်နို့ထဲရောက်တယ်။ နွားနို့၊ မြေပဲ။ မိသားစုထဲမှာ အစားအစာအလာဂျီ ရာဇဝင်ရှိရင် သတိထားပါလေ။

ဆေးသုတေသနတွေအရ မိခင်က ဘာစားစားထွက်တဲ့ နို့အပေါ်သက်ရောက်မှုဆိုတာ နည်းနည်းလေးသာရှိတယ်။ သဘာဝဖြစ်စဉ်ကြီးက အလွန်မတန် ဆန်းကြယ်တယ်။ အလိုလိုပြီးပြည့်စုံအောင် ဖြစ်နေတယ်။ အပိုအဆာတွေ မပါလေကောင်းလေ။

ဆင်းရဲတဲ့မိခင်ကနေလည်း သူ့ကလေးအတွက် လုံလောက်တဲ့နို့ရည်ထွက်ပါတယ်။ ထမင်း + ဟင်းသီးဟင်းရွက်နဲ့ တခါတလေမှာသာ သားငါးစားနိုင်တဲ့ မိခင်ကနေလည်း ပုံမှန်လောက်ကောင်းတဲ့ နို့ရည်ထွက်တယ်။

ကစီဓာတ်ခေါ် ဆန်-ဂျုံ-ပြောင်းတခုခု + ပရိုတင်းဓာတ်ရတဲ့ သား-ငါး-ဥနဲ့ ပဲတမျိုးမျိုး + ဗီတာမင်နဲ့ ဓာတ်ဆားတွေရစေမယ့် ဟင်းသီးဟင်းရွက်နဲ့ အသီးတွေစုံအောင်စားသင့်တယ်။ ဆီနည်းနည်းလည်း လိုတယ်။ ဆီကတော့သန့်တာကောင်းတယ်။ ရေ + အရည် လုံလောက်ရမယ်။

အာဟာရ ဂရုမစိုက်ရတော့ဘူးလားတော့ မဟုတ်ပါ။ ကစီဓာတ်ခေါ် ဆန်-ဂျုံ-ပြောင်းတခုခု + ပရိုတင်းဓာတ်ရတဲ့ သား-ငါး-ဥနဲ့ ပဲတမျိုးမျိုး + ဗီတာမင်နဲ့ ဓာတ်ဆားတွေရစေမယ့် ဟင်းသီးဟင်းရွက်နဲ့ အသီးတွေစုံအောင် စားသင့်တယ်။ ဆီနည်းနည်းလည်းလိုတယ်။ ဆီကတော့ သန့်တာကောင်းတယ်။ ရေ + အရည် လုံလောက်ရမယ်။

တရားလမ်းညွှန်တခုရှိတယ်။ ငါဆာတဲ့အခါ စားလိုက်၏။ ငါအိပ်ချင်လာချိန်မှာ အိပ်၏။ ကလေးမိခင် အစာဆာတဲ့အခါ စားပါလေ။ ရေသောက်ချင်လာရင် သောက်ပါလေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top