Healthy Life Ad
Health Tips

သက်သတ်လွတ်စားသင့်သည့် အကောင်းဆုံး အကြောင်းပြချက်များ

၊ ငွေကြယ်စင်ယံ ၊

ဒီနေ့ခေတ်မှာ လူအများစုဟာ သူတို့စားတဲ့ အစာတွေနဲ့ ပတ်သက်ပြီး အလေးထားလာကြပြီဖြစ်ပါတယ်။ အသားစားနှုန်းကိုလျှော့ပြီး သက်သတ်လွတ်စားတာကြောင့် ကိုယ်အလေးချိန် လျော့ကျတာ၊ ကိုလက်စထရော လျော့ကျတာ၊ သွေးတွင်း သကြားဓာတ်ကို ထိန်းပေးတာနဲ့ နှလုံးသွေးကြောရောဂါဖြစ်နှုန်း လျော့ကျတာ စတဲ့ ကောင်းကျိုးတွေ ရရှိလာမှာ ဖြစ်ပါတယ်။

(၁) ဆီးချိုရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်

အသားတွေကိုရှောင်တဲ့သူတွေက အသားပုံမှန် စားသူတွေနဲ့ယှဉ်ရင် သွေးတွင်းသကြားဓာတ်၊ သွေးဖိအားနဲ့ သွေးတွင်းထရိုင်ဂလစ်စရိုက်အဆင့် သိသိသာသာလျော့ကျမှုရှိတယ်လို့ လေ့လာမှုအရသိရပါတယ်။ သက်သတ်လွတ်အစာ စားသူတွေဟာ ဆီးချိုရောဂါနဲ့ဆက်စပ်နေတဲ့ ရောဂါစုဖြစ်နိုင်ခြေကို လျော့ကျစေတယ် လို့ အမေရိကန် ဆီးချိုရောဂါအသင်း လေ့လာမှုအရ သိရပါတယ်။

(၂) နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ပြည့်ဝဆီပါဝင်မှုများတဲ့ အသား၊ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားတာကြောင့် သွေးထဲမှာ ကိုလက်စထရောအဆင့် မြင့်တက်ပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါတယ်။ အသားမပါတဲ့အစာ စားတာကြောင့် ပြည့်ဝဆီကို အလိုအလျောက် လျော့ကျစေပြီး နှလုံးသွေးကြောရောဂါအန္တရာယ်ကို လျော့ပါးစေနိုင်ပါတယ်။

(၃) သွေးတိုးကျစေပါတယ်

ပြည်သူ့ကျန်းမာရေးရဲ့ လေ့လာမှုအရ သက်သတ်လွတ်အစာ စားသူတွေက အသားစားသူတွေထက် သွေးတိုးရောဂါ ဖြစ်နိုင်ခြေလျော့ကျစေတယ်လို့ သိရပါတယ်။ အကြောင်းကတော့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်း ရွက်တွေကို များများစားတာက ကိုယ်အလေးချိန်ကို ယေဘုယျအားဖြင့်လျော့ကျစေလို့ပါ။

(၄) ကိုယ်အလေးချိန် လျော့ကျစေပါတယ်

အဝလွန်ခြင်းဆိုင်ရာ အဖွဲ့အစည်းကပြုလုပ်တဲ့ လေ့လာမှုအရ တူညီတဲ့ ကယ်လိုရီပမာဏကို စားတဲ့ အဖွဲ့နှစ်ခုမှာ သက်သတ်လွတ်စားတဲ့ အဝလွန်သူတွေဟာ အသားစားသူတွေထက် ကိုယ်အလေးချိန် ပိုမို လျော့ကျမှုရှိတာကို တွေ့ရှိခဲ့ရပါတယ်။ အသားမစားသူတွေက အသားစားသူတွေထက် BMI ပိုမို လျော့ကျမှုရှိပြီး သက်သတ်လွတ်စားသူတွေက အသားစားသူတွေထက် အဝလွန်နိုင်ခြေ သိသိသာသာ လျော့ကျကြောင်း အာဟာရဆိုင်ရာ ဂျာနယ်လေ့လာမှုအရ သိရပါတယ်။

(၅) ကင်ဆာဖြစ်နိုင်ခြေ လျော့ပါးစေပါတယ်

၂၀ဝ၂ လိုမာလင်ဒါတက္ကသိုလ်ရဲ့ လေ့လာမှုအရသက်သတ်လွတ်စားတာက ကင်ဆာအမျိုးမျိုး ဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။ သက်သတ်လွတ်စားသူတွေက အူမကြီးကင်ဆာလို အစာအိမ် အူလမ်းကြောင်းကင်ဆာဖြစ်နှုန်းကို လျော့ကျစေပြီး သက်သတ်လွတ်စားသူ အမျိုးသမီးတွေက ရင်သားကင်ဆာလို အမျိုးသမီးတွေမှာဖြစ်တတ်တဲ့ ကင်ဆာဖြစ်နှုန်းကို လျော့ကျစေတယ်လို့ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။

(၆) အသားအရေ ကြည်လင်စေပါတယ်

အသားအရေအတွက် အကောင်းဆုံး အစာတစ်မျိုးက သက်သတ်လွတ်အစာဖြစ်ပါတယ်။ လတ်ဆတ်တဲ့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်နှံတစ်ခုလုံးစာတွေကို များများစားဖြစ်တဲ့အတွက် အင်တီအောက်ဆီးဒင့် ရရှိပြီး ဖရီးရယ်ဒီကယ်လ်တွေကို ချေဖျက်ပေးပါတယ်။ ဖရီးရယ်ဒီကယ်လ်က အရေးကြောင်းထင်တာ၊ အမည်းစက်ထင်တာနဲ့ အိုမင်းမှုလက္ခဏာတွေ ဖြစ်တတ်ပါတယ်။

(၇) စွမ်းအင်အဆင့် တိုးစေပါတယ်

သက်သတ်လွတ်စားတာကြောင့် သွေးပေါင်ကျစေပြီး လေ့ကျင့်ခန်းတွဲလုပ်ပေးရင် သက်လုံကောင်းစေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဟင်းနုနယ်ရွက်၊ ကိုက်လန်၊ ပဲသီးနဲ့ နိုက်ထရိတ်တွေများများပါတဲ့ အစာတွေကို များများစားတာကြောင့် စွမ်းအင်မြင့်တက်စေပါတယ်။ ဒီအစာတွေက သွေးကြောတွေကို ကျယ်စေပြီး အောက်ဆီဂျင်ရောက်ရှိစေကာ စွမ်းအင်တိုးစေပါတယ်။

(Ref;HD)

Most Popular

Healthy Life Ad
To Top