Healthy Life Ad
Life Style

အတို့အမြှုပ်အဖြစ်စားသည့် ဟင်းသီးဟင်းရွက်များ ဘေးကင်းစေရန် ဆားရည်ဖြင့် ဆေးကြောသင့်

ဒေါက်တာဒေါ်ဝင်းဝင်းမြင့် အာဟာရအထူးကု ဆရာဝန်ကြီး

မြန်မာလူမျိုးတို့ အတို့အမြှုပ်အဖြစ် စားလေ့ရှိသည့် ရှောက်ရွက်၊ ဆလတ်ရွက်၊ သခွားသီး၊ ခရမ်းကြွပ်သီး စသည့် ဟင်းသီးဟင်းရွက်များကို ဆားရည်ဖြင့် ဆေးကြောသင့်ကြောင်း အာဟာရဆိုင်ရာ အထူးကုဆရာဝန်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ဆိုသည်။

“အဓိကကတော့ အစိမ်းလိုက်စားတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို ဆားရည်နဲ့စိမ်လိုက်တာ ကောင်းပါတယ်။ ဆားရည်နဲ့ ၁၀ မိနစ်လောက် စိမ်ပြီးမှ သေချာရေဆေးပြီး အတို့အမြှုပ်အနေနဲ့ စားသင့်ပါတယ်။ တကယ်လို့ စိတ်ထဲမှာ မသန့်ဘူးထင်ရင် ရေနွေးလေး နည်းနည်းဖျောပြီး စားသင့်တယ်။ ရေနွေးပူပူထဲ အသီးအရွက်ကို ခဏလောက်စိမ်ပြီး ရေခဲစိမ်ထားတဲ့ခွက်ထဲ ခဏထည့်လိုက်ရင် အသီးအရွက်တွေက နည်းနည်းလေးကြွပ်သွားပါတယ်။ အဲဒီလိုမျိုး စားသင့်ပါတယ်။ ရှလကာရည်နဲ့ စိမ်လိုက်ရင် အရသာတစ်မျိုး ပြောင်းသွားပါတယ် . . အခုနောက်ပိုင်း အသီးအရွက်တွေကို စိမ်ပြီးဆေးတဲ့ ဓာတုပစ္စည်းတွေ အများကြီး ဝင်လာပါတယ်။ ဒါပေမဲ့ အဲဒါကို စားလိုက်ရင်လည်း အနံ့ကတစ်မျိုး ဖြစ်သွားပါတယ် . . စားလို့ မကောင်းပါဘူး” ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က ပြောသည်။

လူတို့ ကျန်းမာကြံ့ခိုင် သန်စွမ်းစေရန် နေ့စဉ်စားသောက်သည့် အစားအစာများတွင် ရောဂါ ကာကွယ်နိုင်သည့် ဗီတာမင် သက်စောင့်ဓာတ်များနှင့် သတ္တုဓာတ်များပါဝင်သည့် ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများကို စားသုံးရန် လိုအပ်သည်။ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများစားသုံးရာတွင် သဘာဝအတိုင်းမဟုတ်ဘဲ ပြုပြင်ထားသော ဟင်းသီးဟင်းရွက် သစ်သီးဝလံများ၊ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ စသည့် ဓာတုပစ္စည်းများ ပါဝင်သည့် ဟင်းသီးဟင်းရွက်များကို စားသုံးမိခြင်းကြောင့် လတ်တလောတွင် ဝမ်းပျက်ဝမ်းလျှောခြင်း၊ ဗိုက်ရစ်နာခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက်မူးဝေခြင်းတို့ ဖြစ်ပေါ်လာနိုင်ပြီး နောက်ပိုင်းတွင် ဦးနှောက်နှင့် အာရုံကြောထိခိုက်ခြင်း၊ မျိုးပွားနိုင်စွမ်း လျော့နည်းခြင်း၊ သန္ဓေသား ချို့ယွင်းမှုဖြစ်ခြင်း၊ နှင်းခူရောဂါ ဖြစ်ခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားခြင်း စသည်တို့ ဖြစ်ပွားတတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးနှိုးဆော် ထားသည်။

“အသီးအရွက်တွေကို စိုက်ပျိုးရောင်းချတဲ့ သူတွေကလည်း စားသုံးသူတွေအပေါ် စေတနာ ထားသင့်ပါတယ်။ အသီးအရွက်တွေကို ပိုးသတ်ဆေးများများနဲ့ စိုက်ရင် သူစိုက်တဲ့အသီးအရွက်က ကြီးလာတာမှန်ပေမယ့် စားသုံးသူတွေအပေါ် အန္တရာယ်များပါတယ် . . ဥပမာ ရောဂါတစ်ခုခု ဖြစ်လာလို့ ဆေးအတုနဲ့တိုးရင် ရောဂါပျောက်မှာ မဟုတ်ဘူးလေ . . အဲဒီလိုပဲ သူများအပေါ် ကောင်းကောင်းစားပြီး ကျန်းမာစေချင်တဲ့ စေတနာနဲ့ စိုက်ပျိုးရောင်းချ သင့်ပါတယ်” ဟု ဒေါက်တာဒေါ်ဝင်းဝင်းမြင့်က သတိပေး ပြောကြားခဲ့သည်။

သို့ပါ၍ ဟင်းသီးဟင်းရွက်နှင့် အသီးအနှံများ စားသုံးရာတွင် ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ် ကင်းရှင်းစေရန် ဓာတုဆေးများ အသုံးပြု၍ ဝါဝင်းနေအောင် ပြုလုပ်ထားသော သစ်သီးများကို စားသုံးခြင်းမှ ရှောင်ကြဉ်ခြင်း၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ စိုက်ခင်းများတွင် အသုံးပြုသည့် ပိုးသတ်ဆေးများနှင့် ဓာတုပစ္စည်းများ အစားအသောက်ထဲတွင် မပါဝင်စေရန် ဟင်းသီးဟင်းရွက်များကို မလှီးမဖြတ်မီ ရေသန့်သန့်နှင့် စင်ကြယ်စွာ ဆေးကြောပြီးမှ ချက်ပြုတ်စားသုံးခြင်း၊ အစိမ်းစားမည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများကို ရေသန့်သန့်ဖြင့်အထပ်ထပ်ဆေးပြီးမှ စားသုံးခြင်း၊ သဘာဝအတိုင်း စိုက်ပျိုးရောင်းချသော ဟင်းသီးဟင်းရွက် သစ်သီးဝလံများကို စားသုံးခြင်း စသည့် အချက်များကို လိုက်နာဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

Most Popular

Healthy Life Ad
To Top