Healthy Life Ad
Health Tips

ဖောင်ဒေးရှင်းခရင်မ်နဲ့ ပေါင်ဒါလိမ်းပြီး ချောမွေ့ကြည်လင်သော အလှတရား ဖန်တီးရအောင်

၊ ငွေကြယ်စင်ယံ ၊

နေ့စဉ်နေ့တိုင်း ကျောင်းသွား၊ ရုံးတက် အပြင်ထွက်နေရတဲ့ မိန်းကလေးကြီးငယ်မရွေး ဖောင်ဒေးရှင်းခရင်မ်နဲ့ ပေါင်ဒါကို နည်းလမ်းမှန်မှန် လိမ်းဖို့ လိုအပ်ပါတယ်။ လိမ်းခြယ်နည်း မမှန်ရင် ဖောင်ဒေးရှင်း မိတ်ကပ်ပေါ်မှာ ပေါင်ဒါတွေ အခဲလိုက်ကပ်နေပြီး အသားအရေ မညီမညာဖြစ်ကာ မလှမပ ဖြစ်တတ်လို့ပါ။ ဖောင်ဒေးရှင်းခရင်မ်နဲ့ ပေါင်ဒါကို စနစ်တကျ လိမ်းခြယ်ထားရင် ပုံမှန် အသားအရေအတိုင်း တစ်သားတည်း ကျသွားပြီး မျက်နှာဖုံးစွပ်ထားသလို မဖြစ်ဘဲ ကြည်လင်လှပ နေမှာပါ။

(၁) သင့်တော်တဲ့ ဖောင်ဒေးရှင်းခရင်မ် ရွေးချယ်ပါ
အရင်ဆုံး သင့်အတွက် လိုအပ်တဲ့ ဖောင်ဒေးရှင်းခရင်မ်ကို ရွေးချယ်ပါ။ သင့် အသားအရေထက် အနည်းငယ်သာ ပိုလင်းတဲ့ ဖောင်ဒေးရှင်းခရင်မ်ကို ရွေးပါ။ ဒါမှလိမ်းလိုက်တဲ့အခါ ပင်ကိုအသားအရေကို ပိုဝင်းပပြီး သဘာဝကျကျ လှပနေမှာပါ။

(၂) သင့်တော်သော ပေါင်ဒါမှုန့်ကို ရွေးချယ်ပါ
အနံ့မွှေးလွန်းတဲ့ ပေါင်ဒါကို မရွေးပါနဲ့။ ပေါင်ဒါမှုန့်က သင်ရွေးချယ်တဲ့ ဖောင်ဒေးရှင်း ခရင်မ်ထက် တစ်ဆင့်လောက်ပဲ ပိုလင်းသင့်ပါတယ်။ ဒါမှသာ သင့်မျက်နှာအသားအရေက ပိုတောက်ပနေမှာပါ။ အဆီပြန်တဲ့ အသားအရေဆိုရင် ပေါင်ဒါခဲသုံးပြီး ခြောက်သွေ့တဲ့ အသားအရေဆိုရင် ပေါင်ဒါမှုန့် သုံးပါ။

(၃) မျက်နှာကို သေချာသန့်စင်ပါ
မျက်နှာကို အရည်အသွေးမြင့် မျက်နှာသစ်ဆေးနဲ့ သေချာကြေးချွတ် သန့်စင်ပြီး ခြောက်သွေ့အောင် သုတ်ပါ။

(၄) ဖောင်ဒေးရှင်းမိတ်ကပ် အရင်လိမ်းပါ
သင့်မျက်နှာကို နေကာခရင်မ် လိမ်းပြီးတဲ့အခါ ဖောင်ဒေးရှင်းခရင်မ်ကို ပါးပြင်၊ မေးစေ့၊ နှာခေါင်းနဲ့ နဖူးတွေမှာ အစက်ချပေးပါ။ ပြီးရင် သင့်လက်ကို သုံးပြီး မျက်နှာနဲ့ လည်ပင်းအနှံ့ ညင်ညင်သာသာ သုတ်လိမ်းပေးပါ။

(၅) အနည်းဆုံး ငါးမိနစ် စောင့်ပါ
ဖောင်ဒေးရှင်းခရင်မ် လိမ်းပြီး မျက်နှာပေါ်မှာ ခြောက်သွေ့သွားအောင် ငါးမိနစ် စောင့်လိုက်ပါ။ ဒါမှသာ မျက်နှာပေါ်မှာ စွဲမြဲနေမှာ ဖြစ်ပါတယ်။ ပြီးမှ ပေါင်ဒါမှုန့် ဒါမှမဟုတ် ပေါင်ဒါခဲကို တို့ဖတ်ပဝါနဲ့ ရိုက်ပေးပါ။

(၆) လည်ပင်းကိုလည်း မမေ့ပါနဲ့
မျက်နှာတစ်ခုတည်း လိမ်းပြီး လည်ပင်းမလိမ်းရင် လည်ပင်းအသားအရေ ညိုညစ် နေပါလိမ့်မယ်။ ဒါကြောင့် လည်ပင်းကိုလည်း လိမ်းဖို့ မမေ့သင့်ပါဘူး။

Most Popular

Healthy Life Ad
To Top