Healthy Life Ad
Child

ကလေးအရပ်ရှည်အောင် ဘယ်လို အစားအသောက်တွေ ကျွေးသင့်သလဲ

၊ ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာအထူးကုဆရာဝန်ကြီး) ၊
မျိုးရိုးလိုက်ပြီး အရပ်ရှည်တာက ၂၀ ရာခိုင်နှုန်း ရှိပါတယ်။ မိဘတွေအနေနဲ့ ကိုယ့်ကလေးကို အရပ်ရှည်အောင် လုပ်ပေးနိုင်တာက ၈၀ ရာခိုင်နှုန်း ရှိပါတယ်။
ကလေးတွေ အရပ်ရှည်အောင် ဘယ်အချိန်ကစပြီး အရေးကြီးလဲဆိုရင် မွေးစကနေ ရက်တစ်ထောင်အထိက အရေးကြီးဆုံး ဖြစ်ပါတယ်။ မွေးကင်းစ အရွယ်ကနေစပြီး နို့တိုက်ရပါမယ်။ များသောအားဖြင့် မြန်မာကလေးငယ်လေးတွေက အသက် ၂ နှစ်အထိပဲ နို့သောက်ကြတယ်။ ဘာလို့လဲဆိုတော့ အသက် ၂ နှစ်အထိ မိခင်နို့စို့နေတာကိုး။ ပြီးရင် နို့မှုန့်တွေ တိုက်ကြပါတယ်။
အသက် ၅ နှစ်ပြည့်တာနဲ့ တခြားအရည်တွေ၊ ကော်ဖီတွေ သောက်ကြတယ်။ ဒါတွေက မှားနေတယ်။ ဖြစ်သင့်တာက တစ်နေ့မှာနွားနို့ကို မနက်တစ်ခွက်၊ ညတစ်ခွက်ကို အသက် ၁၆ နှစ်အထိ သောက်သင့်တယ်။ ဒီလိုသာ နွားနို့ကို ပုံမှန် သောက်ပေးသွားမယ်ဆိုရင် ကလေးက အရပ်ရှည်မှာ အမှန်ပါပဲ။
မိန်းကလေးတွေမှာဆိုရင်လည်း နွားနို့သောက်ရင် ရင်သားကင်ဆာ ဖြစ်နှုန်းကို သုံးပုံတစ်ပုံ လျှော့ချနိုင်ပါတယ်။ ပြီးတော့ အရိုးအဆစ်ရောင်ရမ်းနာ (Osteoarthritis) ဖြစ်တဲ့နှုန်းကိုလည်း အများကြီး လျှော့ချနိုင်ပါတယ်။ ဒါကြောင့် နို့ကို အသက် ၁၆ နှစ်လောက်အထိ သောက်စေချင်ပါတယ်။
အရပ်ရှည်တယ်ဆိုတာ ကယ်လ်စီယမ်က အရေးပါတယ်။ ကယ်လ်စီယမ်နဲ့ ဖော့စ်ဖိတ်တွေက အရိုးထဲကို ရောက်ဖို့ဆိုရင် ဗီတာမင်ဒီ လိုအပ်ပါတယ်။ ဗီတာမင်ဒီရရှိဖို့ တိုက်ခန်းထဲမှာ နေရတဲ့ ကလေးတွေဆိုရင် နေပူဆာ လှုံပေးသင့်ပါတယ်။ မနက် ခြောက်နာရီခွဲကနေ ရှစ်နာရီခွဲအတွင်း နေပူရှိန်ကို အနည်းဆုံး မိနစ် ၂၀ ထိတွေ့ပေးမယ်ဆိုရင် ဗီတာမင်ဒီ အလုံအလောက် ရပါမယ်။ ဗီတာမင်ဒီရရင် အရိုးထဲကို ကယ်လ်စီယမ်ရောက်ပြီး ကလေးတွေ အရပ်ရှည်လာမှာပါ။ နွားနို့တစ်ခွက်မှာ ကယ်လ်စီယမ် ၃၆၅ မီလီဂရမ် ပါဝင်ပါတယ်။ အစိမ်းရောင်ရှိတဲ့ ဟင်းရွက် ဥပမာ ကညွတ်၊ ဗူးညွှန့်တို့လို အစာတွေဆိုရင် တစ်ခွက်မှာ ကယ်လ်စီယမ် ၁၆၅ မီလီဂရမ် ပါဝင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ငယ်ငယ်လေးကတည်းက အစိမ်းရောင်ရှိတဲ့ အရွက်တွေ ကျွေးမယ်ဆိုရင် အရပ်ရှည်လာပါမယ်။
များသောအားဖြင့် မိန်းကလေးဆိုရင် ၁၀ နှစ်နဲ့ ၁၂ နှစ်ကြားမှာ အရပ်ရှည်လာတတ်တယ်။ ယောကျာ်းလေးဆိုရင် ၁၅ နှစ်ကနေ ၁၈ နှစ်အတွင်းမှာ အရပ်ရှည်ပါတယ်။ ဒီအတောအတွင်းမှာ အရပ်ရှည်တဲ့ လေ့ကျင့်ခန်းတွေကို လုပ်သင့်ပါတယ်။ ဆယ်ကျော်သက် အရွယ်တွေမှာ မိဘတွေကလည်း ကိုယ့်ကလေးကို ဂရုတစိုက်နဲ့ လေ့ကျင့်ခန်းတွေ လုပ်ခိုင်းမယ်၊ ရေကူးခိုင်းမယ်ဆိုရင် အရပ်ရှည်လာမှာပါပဲ။

Most Popular

Healthy Life Ad
To Top