Healthy Life Ad
Child

စိုနေတဲ့ ဘောင်းဘီ

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊
ရှေ့ဆုံးက ကျောင်းစာသင်ခုံမှာ ၉ နှစ်အရွယ် ကလေးလေး ထိုင်နေတယ် . . သူ့ခြေထောက်နဲ့ ဘောင်းဘီဟာ သေးတွေနဲ့ စိုနေခဲ့တယ်။ ဘယ်လိုဖြစ်ပြီး သေးတွေထွက်သွားမှန်း သူမသိလိုက်ဘူး၊ သူ့ခြေထောက်နဲ့ ဘောင်းဘီကနေ စီးကျတဲ့သေးတွေက အတန်းရှေ့မှာ အိုင်ထွန်းလို့ . . သူဘာလုပ်ရမလဲ မသိဘူး၊ သူ့မှာ ရှက်ကြောက်တဲ့စိတ်ပဲ ကြီးစိုးနေခဲ့တယ် . .
ဒါမျိုး တစ်ခါမှမဖြစ်ဖူးလို့ သူ့နှလုံးတွေ ရပ်သွားမလားတောင် ထင်ရလောက်အောင် သူတုန်ယင်နေခဲ့တယ်။ ဒီလိုသေးတွေနဲ့ ညစ်ပေနေတဲ့အတွက် သူ့ကိုယ်သူ ဘာလုပ်လို့ လုပ်ရမှန်းလည်း မသိခဲ့ဘူး၊ သူအရှက်ကြီး ရှက်ပြီး အကြောက်ကြီး ကြောက်နေခဲ့တယ်။ အတန်းဖော်တွေက သူ့ကိုကြည့်နေတယ်လို့ ခံစားနေရတယ် . . ဘယ်သူမှတော့ သူ့ကို စကားလာမပြောကြဘူး။
စာသင်ခုံမှာ နေရာမရွေ့ဘဲထိုင်ရင်း သူ့ခေါင်းကိုငုံ့ပြီး သူဆုတောင်းလိုက်တယ်။
“ဘုရားသခင် . . ဒါက အရေးပေါ်ကိစ္စပါ၊ အခု အကူအညီ လိုအပ်နေပါတယ်။ ဆရာမဝင်လာရင် ကျွန်တော်အရှက်ရပြီး သေသွားနိုင်ပါတယ်၊ ငါးမိနစ်အတွင်း ကူညီပါဦး”
သူဆုတောင်းပြီး ခေါင်းကိုမော့လိုက်တော့ ဆရာမက အတန်းထဲကို ဦးတည်လာနေတာ ပြတင်းပေါက်ကနေ လှမ်းမြင်လိုက်ရတယ်။ ဆရာမရှေ့မှာ ဆူဇီဆိုတဲ့ အတန်းဖော်ကောင်မလေးက ရွှေငါးထည့်ထားတဲ့ ရေခွက်တစ်ခွက်သယ်လာတာ သူလှမ်းမြင်လိုက်ရတယ်။
ဆူဇီက ဆရာမရှေ့ကနေ ခပ်မြန်မြန်လျှောက်လာရင်း သူ့နားအရောက်မှာ ရေခွက်မှောက်သွားပါတော့တယ်။ ဖြစ်ချင်တော့ ရေခွက်က သူ့ပေါင်ပေါ်ကို တည့်တည်မှောက်သွားခဲ့တာပါ . .
သူလည်း စိတ်ဆိုးချင်ယောင် ဆောင်လိုက်ပေမယ့် စိတ်ထဲမှာတော့ “ကျေးဇူးတင်ပါတယ်”ဆိုတဲ့စကားကို ထပ်ချည်းတလဲလဲ ပြောနေခဲ့တော့တယ်။
ဆရာမက သူ့ကို အားကစားခန်းထဲက အားကစားဘောင်းဘီ ဝတ်ထားဖို့နဲ့ သူ့ဘောင်းဘီကို လှန်းထားဖို့ ပြောခဲ့တယ်။

တခြားကလေးတွေက သူ့စာသင်ခုံနားက ရေတွေကို လှည်းကျင်း သန့်ရှင်းပေးခဲ့ကြတယ်။
ရုတ်တရက်ဆိုသလို ကောင်လေးဟာ သူငယ်ချင်းကောင်းတွေရဲ့ စာနာနားလည်မှုကို ခံစားလိုက်ရတယ်။

အဲဒီနေ့ ကျောင်းဆင်းတော့ ကျောင်းကားစောင့်ရင်း ကောင်လေးက ဆူဇီဆီသွားပြီး –
“နင် တမင်လုပ်ပေးခဲ့တာမဟုတ်လား”လို့ တိုးတိုးလေးမေးလိုက်တော့ ဆူဇီက ခပ်တိုးတိုး ဖြေခဲ့ပါတယ်။
“ငါလည်း တစ်ခါတုန်းက ငါ့ဘောင်းဘီ စိုခဲ့ဖူးတယ်လေ”
စာစုက ပေးချင်သော သင်ခန်းစာ
ဘဝခရီးမှာ အကောင်းကော အဆိုးပါ ကြုံတွေ့နေရတာပါ။ ကိုယ့်မျက်စိရှေ့မှာ တခြားသူတစ်ဦး ဒုက္ခရောက်နေရင် ကိုယ်အခက်တွေ့ခဲ့စဉ်က ဘယ်လိုခံစားခဲ့ရသလဲဆိုတာ ကိုယ်ချင်းစာ နားလည်ပြီး တတ်နိုင်သမျှ အကူအညီပေးသင့်ကြောင်း ဒီစာစုက မျှဝေပေးတယ်လို့ ခံစားရပါတယ်။

Most Popular

Healthy Life Ad
To Top