Healthy Life Ad
Health Tips

ခြေကျင်းဝတ် အဆစ်လွဲခြင်းအတွက် ရှေးဦးကုထုံး

၊ စူး (ဆေးဝါးတက္ကသိုလ်) ၊

ခြေကျင်းဝတ် အဆစ်လွဲတာက အဖြစ်များဆုံး ခြေကျင်းဝတ် ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေပဲ ဖြစ်ပါတယ်။ အဲဒီအချိန်မှာ နာကျင်မှုသက်သာပြီး ဝေဒနာအမြန်ဆုံး သက်သာရာရအောင် ရှေးဦးကုသမှု ပေးရပါမယ်။

အရွတ်တစ်ခု ဒါမှမဟုတ် တစ်ခုနဲ့အထက် ပြဲသွားတဲ့အခါ၊ တွန့်လိမ်သွားတဲ့အခါနဲ့ ဒဏ်ရာရသွားတဲ့ အခါတွေမှာ အဆစ်လွဲတတ်ပါတယ်။ အသေးအမွှားဆိုရင် အရွတ်ထဲက အမျှင်တချို့ ပြဲသွားတတ်ပေမယ့် ပြင်းထန်တဲ့ အခြေအနေမှာ အရွတ်တွေ စုတ်သွားနိုင်ပါတယ်။ အသေးအမွှား ပြဿနာကို အိမ်မှာကုလို့ရနိုင်ပေမယ့် ပြင်းထန်တဲ့ ပြဿနာကိုတော့ အလေးထားပြီး ကုသမှု ခံယူရပါမယ်။ နာကျင်လွန်းရင် ဆေးရုံ၊ ဆေးခန်းကို ပို့ဆောင်ဖို့ လိုပါတယ်။

ရှေးဦးကုထုံးအနေနဲ့ သက်သာစေဖို့ RICEကို သုံးပါ။

R = အနားယူပါ၊

I = ရေခဲကပ်ပါ၊

C = ဖိပေးပါ၊

E = မြှင့်ထားပါ။

ဘာကို ကြည့်ရမလဲ

ပြင်းထန်တဲ့ ဒဏ်ရာဖြစ်ရင် လူနာက ခြေကျင်းဝတ်တစ်ခုလုံး နာကျင်ပြီး အဆစ်တွေ ကိုက်ခဲနေတတ်ပါတယ်။ ရောင်ရမ်းတာ၊ ပြည်တည်တာတို့လည်း ဖြစ်တတ်ပါတယ်။

ရှေးဦးကုထုံး

(၁) ခြေထောက်ကို အနားပေးပါ

လူနာက ထိခိုက်ဒဏ်ရာကို ပိုဆိုးစေမယ့် လှုပ်ရှားမှုမှန်သမျှ ရပ်လိုက်သင့်ပါတယ်။ လူနာကို ထိုင်ခိုင်းပြီး ခြေကျင်းဝတ်ကို အနားပေးကာ ခြေကျင်းဝတ်ကို မြှင့်ထားတဲ့ အနေအထားမှာ ထားပါ။

(၂) ရေခဲကပ်ပြီး အေးအောင်ထားပါ

ခြေကျင်းဝတ်ကို အေးမြအောင် ထားတာကြောင့် နာကျင်မှုနဲ့ ရောင်ရမ်းမှု သက်သာ လျော့ပါးစေပါတယ်။ ပိတ်စတစ်စထဲ ရေခဲထည့်ပြီး ခြေကျင်းဝတ်မှာ ကပ်ထားပါ။ အရေပြားပေါ်ကို ရေခဲတိုက်ရိုက် မတင်ပါနဲ့။ အအေးလောင်တဲ့ ဒဏ်ရာ ရနိုင်လို့ပါ။ မိနစ် ၂၀ ကြာ ရေခဲကပ်ပေးပါ။

(၃) ဖိအားပေးပါ

ခြေကျင်းဝတ်ပတ်လည်မှာ ချည်ထည်တစ်ခုကို လိပ်ပြီး ဖိထားပေးပါ။ ပတ်တီး စည်းပေးရင်လည်း ရောင်ရမ်းမှုကို သက်သာစေပါတယ်။

(၄) ခြေကျင်းဝတ်ကို မြှင့်ထားပါ

ခြေကျင်းဝတ်က တင်ပါးထက် ပိုမြင့်နေမှသာ ရောင်ရမ်းမှုမဖြစ်အောင် ကာကွယ်နိုင်မှာပါ။ ခြေကျင်းဝတ်ကို မြှင့်ထားပေးပါ။ တကယ်လို့ ပြင်းထန်တဲ့ဒဏ်ရာ ဖြစ်နေတယ်လို့ထင်ရင် ဆေးရုံပို့ပါ။

(၅) သွေးလှည့်ပတ်မှုကို စစ်ဆေးပါ

ပတ်တီးကို မကျပ်လွန်းပါစေနဲ့။ ခြေသည်းလေးတွေ ဖြူလာတဲ့အထိ ဖိပြီး ပြန်ဖြေလျှော့ကြည့်ပါ။ ခြေသည်းအရောင်က ချက်ချင်း ပုံမှန် ဖြစ်သွားသင့်ပါတယ်။ တကယ်လို့ ပုံမှန်ပြန်မဖြစ်ဘူးဆိုရင် ပတ်တီးက ကျပ်လွန်းနေတာကြောင့် ပတ်တီးကို ပြန်ဖြည်ကာ ထပ်စည်းပေးပါ။ ၁၀ မိနစ်ကြာတိုင်း သွေးလှည့်ပတ်မှု ကောင်း၊မကောင်း ပြန်စစ်ဆေးပါ။

(၆) ၂-၃ နာရီကြာတိုင်း ပတ်တီးပေါ်မှ ရေအေးဝတ် ပြန်ကပ်ပေးပါ

၂-၃နာရီကြာတစ်ခါ ပတ်တီးပေါ်က ရေအေးဝတ်ကို အသစ်လဲပေးပါ။ ညဘက်မှာ ပတ်တီးဖြည်ထားပါ။ ဒဏ်ရာပေါ် ရေခဲဖတ်တင်ပြီး မအိပ်ပါနဲ့။

(Ref;RD)

Most Popular

Healthy Life Ad
To Top