Healthy Life Ad
International

လည်ပင်းရှိ အကျိတ်ကြီးကို နှစ်၂၀ကျော်ကြာ မကုဘဲထားခဲ့သူ

၊ ကိုထက် ၊

အသက် ၅၅ နှစ်အရွယ် အိန္ဒိယနိုင်ငံသား လယ်သမားဖြစ်သူ ဆိုမိုင်ရဲ့ လည်ပင်းမှာ နှစ်ပေါင်းများစွာအကျိတ်ကြီးရှိနေခဲ့ပါတယ်။ ဆိုမိုင်ဟာ ဒီအကျိတ်ကို သာမန်လည်ချောင်းရောင်တယ်လို့ထင်ပြီး ဆေးကုသမှုမပြုလုပ်ဘဲ နေခဲ့တယ်လို့ သိရပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်း ၂၀ ခန့်ကြာချိန်မှာတော့ အကျိတ်ကြီးဟာ ကြီးမားလာပြီး သူရဲ့ ဦးခေါင်းအရွယ်လောက်ဖြစ်လာခဲ့ကာ အလေးချိန် ၃ ပေါင်ခန့် အရွယ်ဖြစ်လာပါတော့တယ်။ လှုပ်ရှားရတာလည်း မသက်မသာနဲ့ နာကျင်လာတဲ့အတွက် ဆရာဝန်ကို ပြခဲ့တာဖြစ်ပါတယ်။

စစ်ဆေးချက်တွေအရ အကျိတ်ကြီးဟာ ကင်ဆာမဟုတ်တဲ့ အကျိတ်ဖြစ်ပြီး တံတွေးဂလင်းနေရာမှ စတင်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ကြပါတယ်။ ဒီလောက်ကြီးမားတဲ့ အကျိတ်တွေဟာ အလွန်ကိုတွေ့ရခဲပြီး ရှားပါးပါတယ်လို့လည်း ဆရာဝန်တွေက ပြောပြခဲ့ပါတယ်။ ဆရာဝန်တွေဟာ ဒီအကျိတ်ကြီးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၃ ရက်နေ့က ခက်ခက်ခဲခဲဖယ်ထုတ်ပေးခဲ့ရပါတယ်။ ခွဲစိတ်မှုဟာ ရာနှုန်းပြည့်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

အခုဆိုရင် ဆိုမိုင်ဟာ သူရဲ့ဦးခေါင်းကို နာကျင်မှုတွေမရှိတော့ဘဲ ကောင်းကောင်းမွန်မွန် ပြန်လည်လှုပ်ရှားမှုတွေ ပြုလုပ်နိုင်နေပြီဖြစ်လို့မကြာခင်မှာ ဆေးရုံဆင်းပြီး အိမ်ပြန်နိုင်တော့မယ်လို့လည်း သိရပါတယ်။ “ဆေးရုံပြင်ပလူနာဌာနမှာ ဒီလူကို တွေ့လိုက်ရကတည်းက ခက်ခဲတာတွေ ရင်ဆိုင်ရတော့မယ်ဆိုတာ တန်းပြီးသိနေပါပြီ၊ စစ်ဆေးမှုတွေလုပ်ပြီးတော့ ခွဲစိတ်လို့ရတဲ့အခြေအနေဖြစ်တဲ့အတွက် အချိန်ဆွဲမနေတော့ဘဲ တခြားစစ်ဆေးစရာတွေပြုလုပ်ပြီး နောက်နေ့မှာပဲ ခွဲစိတ်ပေးခဲ့ကြပါတယ်၊ အချိန်ကတော့ ၃ နာရီ ကျော်ကြာသွားပါတယ်”လို့ ခွဲစိတ်ဆရာဝန်ခေါင်းဆောင်ဖြစ်သူ ဒေါက်တာ အွန်ကာဗီဒက်က ပြောပြခဲ့ပါတယ်။

တံတွေးဂလင်းနေရာနဲ့ အနားတစ်ဝိုက်မှာဖြစ်တတ်တဲ့ အကျိတ်တွေက ကင်ဆာမဟုတ်တဲ့အကျိတ်တွေ အဖြစ်များတယ်လို့ဆိုပြီး ခက်ခဲတဲ့အပိုင်းကတော့ လည်ပင်းနေရာကျဉ်းတာကြောင့် ဦးနှောက်နဲ့ မျက်နှာကို သွေးထောက်ပံ့တဲ့ သွေးကြောကြီးတွေနဲ့ အလွန်နီးကပ်တဲ့အတွက် အကျိတ်တွေခွဲထုတ်ရတာ သတိထားရတယ်လို့သိရပါတယ်။ လည်ပင်းအကျိတ်အများစုတော့ လျှာအောက်နဲ့ မေးရိုးအောက်နားတွေမှာ စတင်ဖြစ်ပွားတတ်ပြီး အများအားဖြင့် အကျိတ်တွေဟာ သေးတဲ့အတွက် ခွဲရလွယ်ကူတယ်လို့ သိရပါတယ်။ ဆိုမိုင်ရဲ့အကျိတ်ကတော့ ၃ ပေါင် ခန့်အလေးချိန်ရှိတယ်လို့ သိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top