Healthy Life Ad
Health Tips

Iodine ပင်လယ်နဲ့မနီး လည်ပင်းကြီး

———၊ ဒေါက်တာတင့်ဆွေ ၊———

အိုင်အိုဒင်းဓာတ်နည်းလို့ လည်ပင်ကြီးရောဂါ ဖြစ်တယ်ဆိုတာ ကြားဖူးပါတယ်။ အိုင်အိုဒင်းဓာတ်များလို့လည်း ၎င်းရောဂါ ဖြစ်တယ်လို့ သိရပါတယ်။ ဆောင်ရန်-ရှောင်ရန်နှင့် ကုသပုံလေးကို အဓိကထားပြီး ပြောပြပေးပါ။

လူတွေလိုအပ်တဲ့ ဓာတ်ဆားတွေထဲမှာ Iodine (အိုင်အိုဒင်း)ဟာ အရေးပါတာတစ်ခုဖြစ်တယ်။ လည်ပင်းကြီးရောဂါနဲ့ ဆက်စပ်နေတာကို အတော်များများသိကြတယ်။ တကမ္ဘာလုံးမှာ(အိုင်အိုဒင်း) နည်းနေသူပေါင်း သန်း ၂၀ဝ၀ ရှိနေတယ်။ Iodized Salt (အိုင်အိုဒင်း)ဆားလည်း အိမ်တိုင်းမှာ စားနေကြပါတယ်။ ကြာကြာဖွင့်ထားရင် လေထဲကအောက်ဆီဂျင်နဲ့ သွားပေါင်းတာမို့ သတ္တိပျယ်စေတယ်။ သံဓာတ်ပါတည့်ထားတဲ့ Double-fortified Salt (DFS) ဆားအမျိုးအစားလည်း ရှိသေးတယ်။

လည်ပင်ကြီးနေသူတွေကိုတွေ့ရင် တစ်ယောက်မက အများကြီး တထိုင်ထဲ တွေ့ရတတ်တယ်။ ပုလဲနယ်မှာ နယ်လှည့်ဆေးကုသွားရင်း တောင်ပေါ်ပိုင်းကြတဲ့ ရွာတချို ့မှာ “ပုဂံက စေတီပုထိုးတွေကို ပြောသလို လက်ညှိုးထိုးမလွဲ”လည်ပင်းကြီးတွေချည်းပဲ တွေ့ရဖူးတယ်။ ဒါကိုကြည့်ရင် နေရာဒေသနဲ့ ဆိုင်နေတာ သေချာသွားတယ်။ နေရာတခုထဲမယ် လူအများကြီးမှာ ဖြစ်နေတာကို Endemic goiter ခေါ်တယ်။

အဲလို နေရာတွေမှာက ဘာကွာလို့လဲ။ ရေထဲ၊ မြေထဲမှာကိုက (အိုင်အိုဒင်း) ဆားတွေ နည်းပါးနေလို့ပါ။ Manganese နဲ့ Cobalt ဓာတ်ဆားတွေ များနေတဲ့ နေရာတွေမှာ Iodine နည်းနေတယ်။ တောနယ်၊ တောင်ပေါ်တွေမှာ သိတဲ့အတိုင်း ဈေးရယ်ဆိုင်ရယ်ရှိတာ မဟုတ်ဘူး။ လိုချင်တာကို ဝယ်ချင်တိုင်း ဝယ်လို့ရတာမဟုတ်တော့ ကိုယ့်မြေမှာ စိုက်တာ-ပျိုးတာကိုသာ စားသုံးကြရတယ်။ ရေသန့်လဲ ဝယ်သောက်ကြတာ မဟုတ်ဘူး။ သူတို့မြေထဲမှာ ဒီဆားမျိုးဟာ နည်းနည်းသာရှိတဲ့အထဲ မိုးတခါရွာလိုက်ရင် တစ်ခါ တောင်စောင်းတလျှောက် အောက်ဖက်ကို စီးဆင်းပါသွားပြန်လို့ နည်းသထက်နည်းရပြန်ရော့။ ဒီတော့ နေတဲ့သူမှန်သမျှ ခံစရာလည်းအတူတူ၊ နာစရာရှိလည်း အတူတူ။

လူတိုင်းမှာ Thyroid ခေါ်တဲ့ လည်ပင်းအကျိတ်ကိုယ်စီ ရှိကြတယ်။ မကြီးရင် စမ်းလို့မရဘူး။ သူကနေ (အိုင်အိုဒင်း) ဆားသုံးပြီး၊ ဟော်မုန်း ၂ မျိုးထုတ်ပေးတယ်။ Thyroxine (T4) နဲ့ Triiodothy-ronine (T3) တွေ ဖြစ်တယ်။ ဒီဟော်မုန်းတွေက (ဆဲလ်)မှန်သမျှအပေါ် သက်ရောက်ပြီး ဇီဝဖြစ်စဉ်တွေကို ထိန်းညှိပေးတယ်။ အရိုးရှည်အမျိုးအစားတွေ ကြီးထွားဖို့မှာလိုတယ်။ နည်းနေသူ လူပုနေမယ်။ လိုအပ်ချက်ပြည့်မီအောင် ထုတ်နိုင်ဘို့ စက်ကို အတင်းအလည်ခိုင်းတော့ စက်ပန်းကျလာသလိုမျိုး သောက်တဲ့ရေ၊ စားတဲ့အစာမှာ ဆားနည်းနေရင် စက်နဲ့တူတဲ့လည်ပင်းက ကြီးကြီးလာတော့တယ်။ Iodine deficiency ခေါ်တဲ့ ဒီဆားနည်းနေတာဖြစ်ရင် လည်ပင်းကြီးရုံ၊ အရပ်ပုရုံသာမကဉာဏ် ရည်လည်းနိမ့်စေတယ်။ ရင်သားကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ မျိုးဥအိမ်ကင်ဆာတွေနဲ့ပါ ဆက်စပ်နေတာ တွေ့ရတယ်။ လည်ပင်ကြီးကင်ဆာ မဖြစ်ဖူးလည်း မပြောနိုင်ပါ။ သိပ်များသွားတဲ့အခါ နည်းတာနဲ့ဆင်တာ ဖြစ်တတ်ပါတယ်။

ဒီဆားနည်းရင် အမျိုးသမီးတွေမှာ မျိုးဥအိမ်ကနေ တလတလုံးထွက်ရမယ့် မျိုးဥမထွက်ဘဲ အိမ်ထောင်ကျရင် ကလေးမရဖြစ်နိုင်တယ်။ ကိုယ်ဝန်ဆောင်တွေမှာဖြစ်ရင် မအေရော ကလေးအတွက်ပါ ဆိုးတယ်။ သွေးတိုးနိုင်တယ်။ မွေးမယ့်ကလေး ဦးနှောက်ချို့ယွင်းနိုင်တယ်။ အရပ်ပုလို့ အိုင်အိုဒင်းဆား တအားစားမယ်မကြံနဲ့။ သူများရင်လဲ လည်ပင်းအကြိတ်အလုပ်ကို ထိခိုက်စေနိုင်တယ်။ ဒါ့ကြောင့် အများဆုံးပေးနိုင်တဲ့ အကန့်အသတ်ကို သတ်မှတ်ပေးထားတယ်။ တစ်နေ့မှာအများဆုံး 200 mcg က ၁-၃ နှစ်၊ 300 mcg က ၄-၈ နှစ်၊ 600 mcg က ၉-၁၃ နှစ်၊ 900 mcg က လူရွယ်တွေအတွက် သတ်မှတ်ပေးတယ်။ လူကြီး 1100 mcg ထက် မကျော်စေရပါ။ များသွားရင် လူက ဆားနံ့ရလာမယ်၊ သွား-သွားဖုံးနာမယ်၊ ပါးစပ်-လည်ချောင်းပူမယ်၊ တံတွေးများမယ်၊ လည်ချောင်းရောင်၊ အစာမကြေ၊ ဝမ်းပျက်၊ လူပိန်၊ စိတ်ပိန်တာတွေပါဖြစ်လာမယ်။ အမေရိကန် FDA ကနေ တစ်နေ့မှာ ကျားရောမပါ 150 mcg အနည်းဆုံးလိုတယ်လို့ သတ်မှတ်ပေးထားတယ်။

(အိုင်အိုဒင်း) ပါတဲ့ဆေးတွေကို Cutaneous sporotrichosis အရေပြားမှိုရောဂါ၊ Fibrocystic အမျိုးသမီး ရင်သားရောဂါ၊ ရင်သားကင်ဆာ၊ မျက်စိရောဂါ၊ ဆီးချို၊ နှလုံးရောဂါတွေကို ကုသရာမှာ သုံးနိုင်တယ်။ Potassium iodide ဆေးကို ဓာတ်ရောင်ခြည်သင့်သူတွေကို အရေးပေါ်ကုပေးရာမှာသုံးပါတယ်။

“လူဦးရေရဲ့ ၃ ရာခိုင်နှုန်းမှာ Hypothyroidism ဟော်မုန်းနည်းရောဂါရှိတယ်။ ကလေးဖွားပြီး တစ်နှစ်အတွင်းမှာ ၅% အမေတွေ ဖြစ်တတ်ကြတယ်။ လူက ထိုင်း-လေးနေမယ်။ အေးတာမခံနိုင်ဘူး၊ ချွေးများတယ်။ ဝမ်းချုပ်တယ်၊ လူကဝလာမယ်။ စိတ်ဓာတ်ကျတယ်။”

(အိုင်အိုဒင်း)ကို တခြားနေရာတွေမှာပါ သုံးသေးတယ်။

၁။ Tincture of iodine 2-7% ဆိုတာ Potassium iodide or Sodium iodide + Ethanol ကို ရေနဲ့ဖျော်ထားတာကို အနာတွေမှာသုံးတယ်။ ရှေးဦးသူနာပြုအိတ်တွေမှာပါမယ်။ သောက်ရေ ၁ လီတာထဲကို 2% Tincture ၅ စက်ထည့်ရင် ပိုးသန့်စေတယ်။

၂။ Lugol’s iodine ဆိုတာက 5 g Iodine နဲ့ 10 g Potassium iodide ကို ရေနဲ့ဖျော်တာကို ဓာတ်ခွဲခန်းမှာ ဆိုးဆေးအဖြစ်သုံးတယ်။

၃။ Betadine, Povidone iodine 9-12% ရောဂါပိုးသန့်ဖို့ အများဆုံးသုံးနေပါတယ်။ ဆေးဆိုင်တွေမှာ အလွယ်ဝယ်ရတဲ့ 10% Povidone-iodine in water က အနာအဆာထည့်ဖို့၊ အနာမခွဲခင် အရေပြားသန့်ဖို့ သုံးနိုင်တယ်။

၄။ Diluted iodophor ဆိုတာကို ဝိုင်-အရက်ချက်သူတွေ၊ နို့လုပ်ငန်းသမားတွေက ပုလင်းတွေ၊ ကိရိယာတွေ သန့်စေအာင်သုံးတယ်။

(အိုင်အိုဒင်း)ဆား အများဆုံးရှိတာက ပင်လယ်ထဲမှာပါ။ ဒီဆားများများပါတဲ့ အစာတွေဟာ ပင်လယ်စာလို့ ပြောနိုင်သလို သူဌေးစာပြောလဲ ဟုတ်နေသေးတယ်။ Iodized Salt (100 grams) ဆားတထုပ်မှာ 3000 mcg ပါတာနဲ့ ယှဉ်သိအောင် ပြောပါမယ်။

• Kelp ပင်လယ်ရေညှိ (0.25 cup) = 415 mcg

• Haddock ပင်လယ်ငါး (100 grams) = 300 mcg

• Cod ငါးကြီး (100 grams) = 90 mcg

• Low Fat Yogurt အဆီနည်း (ရောဂတ်) (1 cup) = 87 mcg

• Cow Milk (2%) နွားနို့(1cup) = 58-59mcg

• Jaffa cakes ကိတ်မုံ့ (100 grams) = 32 mcg

• Bread ပေါင်မုံ့ (100 grams) = 29-30 mcg

• Meat အသား (100 grams) = 26-27 mcg

• Boiled Egg ကြက်ဥပြုတ် (1 egg) = 23.76 mcg

• Raw Oyster မုတ်ကောင် (13-14 grams) = 21-22 mcg

• Cheese ဒိန်ခဲ (40 grams) = 13.6 mcg

• Ice Cream အိုက်စ်-ခရင်မ် (45-50 grams) = 9.6-9.7 mcg

• Fruits သစ်သီး (100 grams) = 4-5 mcg

အသီးအရွက် (100 grams) ထဲမှာ Iodine 32-33 mcg ပါပေမဲ့ လည်ပင်းကြီးနေသူတွေနဲ့ မတည့်တဲ့တာတွေလဲ ရှိတယ်။ ကညွတ်၊ မုံလာထုပ်၊ မုံလာပွင့်စိမ်း၊ မုံညင်းစိမ်း၊ သစ်တော့သီးတွေ ဖြစ်တယ်။ Cassava ပီလောပီနံက လည်ပင်းကြီးဖြစ်စေတဲ့ သတ္တိရှိတယ်။

လည်ပင်းကြီးနေတာမမြင်ရဘဲ ဟော်မုန်းများနေတာလဲ ရှိတယ်။ Hyperthyroidism ခေါ်တယ်။ Toxic Goitre လို့လဲခေါ်တယ်။ Hypothyroidism ဆိုတာက ဟော်မုန်းနည်းရောဂါဖြစ်တယ်။ နောက် Cancer ကင်ဆာနဲ့ တခြားအကြောင်းတွေကြောင့် ကြီးနေတာဆိုပြီး ရှိတယ်။ ဖြစ်တာမတူကြလို့ ကုရတာလည်း တခြားဆီ။

လည်ပင်းကြီးနေမှတော့ ဆားပေးကုပေမဲ့ ကြီးပြီးသားက ပြန်မငယ်နိုင်တော့ပါ။ ဆက်မတိုးတာနဲ့ ဟော်မုန်းနည်းလို့ ဖြစ်ရတာတွေကိုသာ ကာကွယ်ပါမယ်။ လည်ပင်းကြီးနေတော့ အကြည့်ရဆိုးတဲ့ ပြဿနာသာ ရှိပါတယ်။ မျိုလို့လည်းမခက်၊ အသက်လည်း ကောင်းကောင်းရှူနိုင်တယ်။ Hyperthyroid ကို Carbimazole,Methimazole, Propylthiou­racil ဆေးပေးနည်း၊ Iodine-131 Radioactive isotope အနုမြူဆေးပေးနည်း၊ Thyroidectomy ခွဲစိတ်နည်းဆိုပြီးရှိတယ်။ (မေဂျာ-အော်ပရေးရှင်း) ဖြစ်ပါတယ်။ တော်တော့ ဆရာဝန်မခွဲချင်ပါ။

Hyperthyroidism ထဲမှာ အများဆုံးဖြစ်တဲ့ Graves disease ဆိုတာက Autoimmune disease အမျိုးအစားဖြစ်တယ်။ ဘာလို့လဲဆိုတော့ ရောဂါပြီးစနစ် ကမောက်မဖြစ်လို့ ဟော်မုန်းတွေ လိုတာထက် ပိုထုတ်ပေးနေလို့ပါ။ အမျိုးသမီးတွေက ပိုဖြစ်ကြတယ်။ ၂၅-၃၀% မှာ Exophthalmos ဆိုတဲ့ မျက်လုံးပြူးလာတာ ဖြစ်ကြတယ်။ ခြေသလုံးရှေ ့ပိုင်း ရောင်နေမယ်။ သွေးတိုး (အထက်သွေး) များမယ်။ ဘာဖြစ်ဖြစ် တုံ့ပြန်တာမြန်ဆန်တယ်။ ဘာဘဲလုပ်လုပ် သွက်လက်တက်ကြွနေမယ်။ အားယုတ်တယ်လို့ ခံစားရမယ်။ အိပ်မပျော်ဘူး။ လက်တုန်နေမယ်။ ပိန်လာမယ်။ စားချင်စိတ်ပိုနေမယ်။ ဒါ့ကြောင့် တချို့က လာမယ်။ အပူမခံနိုင်ဘူး။ မအိုက်လှတာတောင် ရောဂါသည်ဇနီးက ပန်ကာဖွင့်အိပ်ချင်နေမယ်။ ချွေးထွက်များနေမယ်။ ဆံပင်ပါးမယ်။ လက်သည်းခြေသည်းကြွပ်တယ်။ (ဆိုင်းနပ်) ရောဂါဝင်လာမယ်။ ဝမ်းပျက်မယ်။ ယောကျာ်းမှာ ရင်သားထွက်လာမယ်။

ဖြစ်နေလည်း စိတ်အားမငယ်ပါနဲ့။ မြောက်ကိုရီးယားခေါင်းဆောင် Kim Il-Sung မှာရော အမေရိကန်သမ္မတ George H. W. Bush နဲ့ သူ့ဇနီး Barbara Bush တို့မှာ ဒီရောဂါရှိကြတယ်။ သားတွေကို ခေါင်းဆောင်ဖြစ်အောင် လုပ်ပေးနိုင်ကြသူတွေပါ။ လူဦးရေရဲ့ ၃ ရာခိုင်နှုန်းမှာ Hypothyroidism ဟော်မုန်းနည်းရောဂါရှိတယ်။ ကလေးဖွားပြီး တနှစ်အတွင်းမှာ ၅% အမေတွေ ဖြစ်တတ်ကြတယ်။ လူက ထိုင်း-လေးနေမယ်။ အေးတာမခံနိုင်ဘူး၊ ချွေးများတယ်။ ဝမ်းချုပ်တယ်၊ လူကဝလာမယ်။ စိတ်ဓာတ်ကျတယ်။ ခြေသည်း-လက်သည်းတွေ ကြွပ်ဆတ်နေမယ်။ ဆံပင်ကြမ်းမယ်။ နှလုံးခုန်နှေးနေမယ်။ ကြာလာရင် စကားအပြောအဆိုပါ နှေး-လေးလာမယ်။ အသားအရေလည်း ခြောက်နေမယ်။ မျက်ခုံးမွှေးက ဘေးဘက်မှာပါးလာမယ်။ ရာသီမမှန်ဖြစ်မယ်။

Levothyroxine ဆေးပေးကုတယ်။ အရွယ်အစားလည်း လျှော့စေတယ်၊ ကင်ဆာနဲ့ ကင်ဆာမဟုတ် အကျိတ်ဖြစ်တာလဲ နည်းစေတယ်။ ဟော်မုန်းများလို့ ခွဲတဲ့အခါ တချို ့မှာ ဟော်မုန်းဆက်ထုတ်ဖို့တောင် မကျန်တော့ရင် ဟော်မုန်းနည်းရောဂါ ဖြစ်လာပြန်လို့ တသက်လုံး ဆေးသောက်နေရမယ်။ မြန်မာပြည်မှာ မုန်းတိုင်းတွေနှိပ်စက်နေတယ်။ နှစ်သစ်အတွက် Thyroid Storm လည်ပင်းကြီးမုန်တိုင်းဆိုတာပါ ထည့်ရေးလိုက်မယ်။ Graves’ disease ဖြစ်နေရင်းကနေ မုန်တိုင်းဝင်လာသလို အရေးပေါ်ဌာန ရောက်လာကြတဲ့ အခြေအနေပါ။ စမ်းကြည့်တော့ ကိုယ်ပူ၊ လူကရင်တုံ၊ စိတ်ကပုံမှန်မဟုတ် ဖြစ်နေမယ်။ ချက်ချင်းပဲ အောက်ဆီဂျင်ပေး၊ သွေးပြန်ကြောထဲဆေးသွင်း၊ Dexamethasone ထိုး၊ Propranolol ဆေး IV ၁၀ မိနစ်တခါ ထိုးပေးရတယ်။ Reserpine နဲ့ Guanethidine ဆေးတွေအပြင် Propylthiouracil, Methimazole တွေကိုလည်း ပေးတယ်။

လည်ပင်းမကြီးအောင် ဓာတ်ဆားဆောင်။

Most Popular

Healthy Life Ad
To Top