———၊ လရိပ်မေ ၊———
လူတိုင်း စိတ်ဖိစီးမှု အနည်းနဲ့အများဆိုသလို ရှိတတ်ပါတယ်။ စိတ်ဖိစီးမှုကို ရေရှည်ခံစားရတဲ့အခါ နာတာရှည် ကျန်းမာရေးပြဿနာကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုက ကျန်းမာရေးကို အောက်ပါအကြောင်းပြချက်သုံးရပ်နဲ့ ထိခိုက်စေနိုင်ပါတယ်။
(၁) မျိုးအောင်နိုင်စွမ်း လျော့နည်းခြင်း
နာတာရှည် စိတ်ဖိစီးမှုကြောင့် မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ လေ့လာမှုအရ စိတ်ဖိစီးမှုဟာ အမျိုးသမီးတွေကို မျိုးအောင်နိုင်စွမ်း ကျဆင်းစေတယ်လို့ သိရပါတယ်။ စိတ်ဖိစီးမှုဟော်မုန်းအဆင့်မြင့်မားတဲ့ အမျိုးသမီးတွေက မမျိုးဥကြွေတဲ့ဖြစ်စဉ် ကမောက်ကမဖြစ်တဲ့အတွက် မျိုးအောင်နိုင်စွမ်း မရှိရတာပါ။
(၂) ကိုယ်ခံစွမ်းအားစနစ် အားနည်းခြင်း
စိတ်ဖိစီးမှုဟာ ကိုယ်ခံစွမ်းအားစနစ်ကို နည်းအမျိုးမျိုးနဲ့ ထိခိုက်စေနိုင်ပါတယ်။ ကိုယ်ခံစွမ်းအားစနစ်ဟာ ကူးစက်ပိုးနဲ့ ရောဂါဝေဒနာတွေ မကျရောက်အောင် ခန္ဓာကိုယ်ကို ကာကွယ်ပေးထားပါတယ်။ ကိုယ်ခံစွမ်းအားစနစ် ထိခိုက်တဲ့အခါ ဖြစ်တတ်တဲ့ ရောဂါဝေဒနာတွေက ရောင်ရမ်းမှုဆိုင်ရာရောဂါနဲ့ ကင်ဆာတို့ပဲ ဖြစ်ပါတယ်။ ကိုယ်ခံစွမ်းအားစနစ် အားနည်းတဲ့အခါ ရောဂါဝင်လွယ်စေသလို နာမကျန်းမှုဖြစ်လာရင် ပြန်လည်ကောင်းမွန်နိုင်ခြေကို လျော့ကျစေပါတယ်။
(၃) အိပ်စက်မှုဆိုင်ရာ ဝေဒနာ
စိတ်ဖိစီးမှုဟာ အိပ်မပျော်တဲ့ ညတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ အိပ်ရာထဲဝင်ပေမယ့် စိတ်ဖိစီးမှုဖြစ်စေတဲ့ အတွေးတွေကို တွေးမိတဲ့အခါ အပန်းမပြေတာနဲ့ အနားမရတာမျိုး ဖြစ်တတ်ပါတယ်။ ပူပင်သောကများတာက အိပ်မပျော်တဲ့ ဝေဒနာဖြစ်စေတဲ့ အဓိကအကြောင်းရင်း တစ်ခုပါ။