Healthy Life Ad
Health Tips

သုတေသနလေ့လာမှုများက သက်သေပြထားသည့် လူအများကို စိတ်ပျော်ရွှင်စေသော ရနံ့ရှစ်မျိုး

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

သင်စိတ်ညစ်နေပါသလား . . မလန်းမဆန်းဖြစ်နေပါသလား . . နွမ်းနယ်နေပါသလား . . .

သင့်နှာခေါင်းထဲကို အောက်ပါရနံ့တွေ တိုးဝင်လာတဲ့အခါ သင်ဟာ ပျော်ရွှင်မှုသုခကို ရရှိသွားမှာပါလို့ လေ့လာသူတွေက ဆိုထားပါတယ်။

(၁) ထင်းရှူးနံ့

ဆောင်းရာသီအားလပ်ရက်မှာ ရနေကျ ထင်းရှူးနံ့ဟာ စိတ်ဖိစီးမှုကို ပြေလျော့စေတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ဂျပန်ကျိုတိုတက္ကသိုလ်က ပြုလုပ်တဲ့ လေ့လာမှုအရ ထင်းရှူးတောထဲကို လမ်းလျှောက်သွားလာလေ့ရှိတဲ့ ဂျပန်လူမျိုးတွေရဲ့ အလေ့အထကြောင့် စိတ်ဓာတ်ကျတာနဲ့ ပူပင်သောကများတာကို သိသိသာသာ လျော့ကျစေတယ်လို့ တွေ့ရှိရပါတယ်။

(၂) သံပရာနံ့

ပျော်ရွှင်ဖို့ လိုအပ်နေရင် ချဉ်တဲ့ရနံ့အနည်းငယ် ရှူလိုက်ပါ။ ဗီတာမင်စီပါတဲ့ သံပရာ၊ ရှောက် စတဲ့ အနံ့တွေက စွမ်းအင်တိုးစေပြီး လန်းဆန်းတက်ကြွစေပါတယ်။ လေ့လာမှုတွေအရ သံပရာရနံ့ဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး အကောင်းမြင်တဲ့ စိတ်ခံစားချက်ဖြစ်စေတယ်လို့ သိရပါတယ်။ သံပရာ၊ ရှောက်နံ့ပါတဲ့ အိမ်သုံးဆပ်ပြာကို သုံးတာကြောင့် အိမ်သူအိမ်သားတွေကို စိတ်ကြည်နူးစေတယ်လို့ နှစ် ၅၀ ကျော်လေ့လာမှုအရ သိရပါတယ်။

(၃) နေကာခရင်မ်အနံ့

နေကာခရင်မ်အနံ့က ကမ်းခြေမှာ ပျော်ရွှင်စွာ သွားလာရတဲ့ နေ့ရက်တွေကို ပိုမိုတက်ကြွစေပါတယ်။ နေကာခရင်မ်အနံ့ကြောင့် စိတ်ဖိစီးမှုကင်းတဲ့ အပန်းဖြေချိန်ကို ရရှိစေပြီး ခါတိုင်းထက် ပိုလန်းဆန်း ပျော်ရွှင်စေပါတယ်။

(၄) လတ်လတ်ဆတ်ဆတ် ရိတ်ထားသောမြက်နံ့

သြစတြေးလျလေ့လာမှုတစ်ခုအရ လတ်လတ်ဆတ်ဆတ် ရိတ်ထားတဲ့ မြက်တွေကထွက်တဲ့ ဓာတုပစ္စည်းတစ်မျိုးဟာ လူတွေကို ပိုအပန်းပြေစေပြီး ပျော်ရွှင်မှုကိုတောင် ခံစားရစေတယ်လို့ သိရပါတယ်။ မြက်ရိတ်ထားတဲ့ အနံ့ဟာ အသက်ကြီးသူတွေ စိတ်ဓာတ်မကျအောင် ကာကွယ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

(၅) ပန်းပွင့်ရနံ့

နှင်းဆီပန်းရနံ့ကို မရှူချင်ရင်တောင် လာဗန်ဒါပန်း ဒါမှမဟုတ် စပယ်ပန်းရနံ့ကို ပြောင်းရှူသင့်ပါတယ်။ လာဗန်ဒါပန်းမှာ စိတ်တည်ငြိမ်စေတဲ့ အာနိသင်ရှိတာကြောင့် အိပ်မပျော်တဲ့ဝေဒနာနဲ့ စိတ်ဓာတ်ကျတာကို သက်သာစေပါတယ်။ စပယ်ပန်းရနံ့ကတော့ စိတ်ခွန်အားကို တိုးတက်စေပါတယ်။

(၆) မြေသင်းနံ့

မိုးရွာခါစမှာ ထွက်လာတဲ့ မြေသင်းနံ့ကလည်း ဦးနှောက်အစွမ်းကို မြှင့်တင်ပေးနိုင်ပါတယ်။ လေ့လာမှုတွေအရ မြေသင်းနံ့ရှူတာကြောင့် ကြည်နူးဖွယ်ရာ ကာလတွေကို ပြန်လည်မှတ်မိနိုင်စွမ်းရှိစေပြီး မှတ်ဉာဏ်ကျဆင်းမှုမဖြစ်အောင် ကုသနိုင်တယ်လို့ သိရပါတယ်။

(၇) ပူဒီနာရနံ့

ပူစီနာလို့ခေါ်ကြတဲ့ ပူဒီနာအရွက်ဆီဟာ စိတ်ဓာတ်မြင့်တက်စေပြီး စိတ်နဲ့ခန္ဓာကို လှုံ့ဆော်ပေးနိုင်စွမ်း ရှိစေပါတယ်။ လေ့လာမှုတွေအရ ပူဒီနာအနံ့ရှူတဲ့ အားကစားသမားတွေဟာ သက်လုံကောင်းပြီး အမောခံနိုင်တယ်လို့ သိရပါတယ်။

(၈) ကလေးပေါင်ဒါမှုန့်အနံ့

ကလေးပေါင်ဒါမှုန့်အနံ့ကို သဘောကျတယ်ဆိုရင် စိတ်ပျော်ရွှင်ဖို့ ရှူရှိုက်ပေးပါ။ ကလေးပေါင်ဒါမှုန့်အနံ့ဟာ ကလေးဘဝလိုပဲ သင့်ကို လုံခြုံစိတ်ချဘေးကင်းတဲ့ ခံစားချက်ရရှိစေပြီး ကလေးဘဝကလို ပျော်ရွှင်တဲ့ စိတ်ခံစားမှုကို ဖြစ်ပေါ်စေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုပါတယ်။

Most Popular

Healthy Life Ad
To Top