Healthy Life Ad
Health Tips

“ကလေးသူငယ် စိတ်ကျရောဂါဆိုတာရှိသလား”

———၊ ဒေါက်တာအုန်းကျော် (စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး) ၊———

ကျောင်းကျန်းမာရေး ပညာပေးဟောပြောပွဲတစ်ခုမှာ ကလေးသူငယ် စိတ်ကျရောဂါအကြောင်းကို စာရေးသူ တင်ပြဆွေးနွေးဖြစ်တယ်။

“ကလေးဆိုတာ ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားလာတတ်တဲ့ အရွယ်ပါ။ ကလေးသူငယ် စိတ်ကျရောဂါ ခံစားရတာ ရှိလို့လား”လို့ ကျောင်းဆရာမတစ်ယောက်က မေးမြန်းပါတယ်။

“ရှိတတ်ပါတယ်။ သတိမထားမိလို့ မရှိဘူးလို့ ထင်မြင်ယူဆနေကြတာပါ။ မူကြိုကျောင်းသားအရွယ် ကလေးတွေထဲမှာတော့ စိတ်ကျရောဂါ ဖြစ်ပွားမှုနှုန်းက နည်းပါတယ်။ ကလေးတစ်ထောင်မှာ တစ်ယောက်နှုန်းလောက်ပဲ ရှိပါတယ်။ အသိဉာဏ်တိုးပွားလာတဲ့ အသက် ၅ နှစ်မှ ၁၂ နှစ်အရွယ် ကလေးတွေထဲမှာ စိတ်ကျရောဂါဖြစ်ပွားနှုန်း က ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းရှိတယ်။ ဆယ်ကျော်သက် မြီးကောင်ပေါက်အရွယ် ကလေးသူငယ်တွေထဲမှာတော့ ၄ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းအထိ စိတ်ကျရောဂါ ဖြစ်ပွားမှုနှုန်း ရှိလာပါတယ်”

“ကလေးသူငယ် စိတ်ကျရောဂါ ခံစားရရင် ရောဂါလက္ခဏာ ထုတ်ဖော်ပြသပုံက လူကြီးတွေနဲ့ ကွဲပြားမှုရှိနိုင်ပါတယ်။ ဒါကြောင့် ဒိီနေ့ဟောပြောပွဲမှာ ကလေးစိတ်ကျရောဂါရှိရင် တွေ့ရှိရတဲ့ လက္ခဏာတွေကို စတင်ဆွေးနွေးချင်ပါတယ်”

“ရှင်းပြပါဒေါက်တာ”

စာရေးသူက ကလေးသူငယ် စိတ်ကျရောဂါလက္ခဏာကို တစ်ခုချင်း ရှင်းလင်းပြောပြတယ်။

စိတ်ညစ်ညူးခြင်း – ကလေးသူငယ်စိတ်ညစ်ရင် “ကျွန်တော်စိတ်ညစ်တယ်။ နေရတာမပျော်ရွှင်ဘူး” စသဖြင့် ဖွင့်ဟပြောမှာမဟုတ်ဘူး။ အရင်ကနဲ့မတူဘဲ စိတ်တိုတတ်လာတာ၊ ပြောရဆိုရခက်ခဲလာတာ၊ ဒေါသပေါက်ကွဲတာ၊ အငိုလွယ်လာတာ၊ အကြောင်းမဲ့ စိုးရိမ်စိတ် ကြောက်စိတ်များပြားလာတာ၊ မကြာခဏ တွေဝေငေးငိုင်နေတတ်တာ . . . စတဲ့ စိတ်ခံစားတုံ့ပြန်မှု ပြောင်းလဲလာတာကိုသာ ဖော်ပြတာရှိမယ်။

စိတ်ဝင်စားမှုကျဆင်းခြင်း – ကလေးသူငယ် စိတ်ကျရောဂါရှိရင် “ကျွန်တော်လုပ်ချင်ကိုင်ချင်စိတ် မရှိဘူး”၊ “ငြီးငွေ့နေတယ်”စသဖြင့် ဖော်ထုတ်ပြောမှာမဟုတ်ဘူး။ သူငယ်ချင်းတွေနဲ့ ပေါင်းသင်းဆက်ဆံတာ၊ အတူတကွ ကစားတာကိုသာ မတွေ့ရှိရတော့ဘူး၊ လုပ်ကိုင်နေကျ ကိစ္စတွေကို မလုပ်ကိုင်ချင်တော့ဘဲ ပျင်းရိပျင်းတွဲ ရှိလာတာကို တွေ့ရမယ်။

အာရုံစူးစိုက်နိုင်မှု ချို ့ယွင်းအားနည်းခြင်း- ကလေးသူငယ် စိတ်ကျရောဂါရှိရင်၊ “ကျွန်တော်သတိမေ့တတ်တယ်”၊ စာဖတ်ရင် အာရုံမစိုက်နိုင်ဘူး၊ “စိတ်လေလွင့်နေတယ်”စသဖြင့် ညည်းတွားမှာမဟုတ်ဘူး။ စာတော်တဲ့ကလေးက ကျောင်းစာညံ့ဖျင်းလာတာကို တွေ့ရမယ်။ စာရေးစာဖတ်နေရင် အာရုံမစိုက်ဘဲ၊ ဟိုငေးဒီငေး၊ ဟိုရွေ ့ဒီရွေ ့ လုပ်နေတာကို တွေ့ရမယ်။ တစ်ခုခုကို စတင်ပြုလုပ်ရင်၊ ပြီးစီးအောင်မလုပ်ချင်တာ တွေ့ရှိရမယ်။

အားအင်ကုန်ခမ်းခြင်း – စိတ်ကျရောဂါ ခံစားရေရတဲ့ ကလေးက “ကျွန်တော်အလိုလိုနေရင်း မောပန်းနေတယ်” ၊ “ခြေတွေလက်တွေကို မသယ်ချင်သလို ဖြစ်နေတယ်”လို့ ပြောမှာမဟုတ်ဘူး။ သူသွားလာလှုပ်ရှားတာက လေးလံနှေးကွေးလာသလို တွေ့ရမယ်။ ပြေးလွှားကစားခြင်းမရှိဘဲ တစ်နေရာမှာ ထိုင်နေတာကို တွေ့ရှိလာရမယ်။

အစားအသောက် – စိတ်ကျရောဂါရှိတဲ့ကလေးက၊ “ကျွန်တော်အစာစားချင်စိတ် မရှိဘူး”၊ “အာဟာရမရှိဘူး” စသဖြင့် ဝန်ခံပြောမှာ မဟုတ်ဘူး။ အရွယ်နဲ့အမျှ ကိုယ်အလေးချိန်တက်သင့်သလောက် တက်မလာတာကို တွေ့ရမယ်။ အစာစားရင်ကြာလာတယ်။ ပန်းကန်ထဲက အစားအစာကို ကုန်အောင်မစားတာ တွေ့ရှိလာရမယ်။

အိပ်စက်ခြင်း – စိတ်ကျရောဂါ ခံစားရရင် အိပ်ရေးပျက်တာရှိပါတယ်။ ဒါပေမဲ့ ကလေးက“ကျွန်တော်အိပ်မပျော်ဘူး” ၊ “အိပ်ဆေးသောက်ချင်တယ်”စသဖြင့် တောင်းဆိုမှာမဟုတ်ဘူး။ အိပ်နေရင်း မကြာခဏလန့်နိုးတာ၊ အိပ်မက်ဆိုးမြင်မက်တာ များတာကို တွေ့ရှိရမယ်။

ခန္ဓာကိုယ်လက္ခဏာ – လူကြီးစိတ်ကျရောဂါရှိရင်၊ ခေါင်းကိုက်တာ၊ ဗိုက်နာတာ၊ ခြေလက်ကိုက်ခဲတာ စတဲ့ ခန္ဓာကိုယ်လက္ခဏာတွေ ရှိတတ်ပါတယ်။ စိတ်ကျရောဂါရှိတဲ့ ကလေးတွေကလည်း အဲဒီလိုခန္ဓာကိုယ်ရောဂါ လက္ခဏာတွေကို ညည်းတွားတတ်ပါတယ်။
အတွေးအခေါ်မှားခြင်း – စိတ်ကျရောဂါရှိရင်၊ သိပ်ငယ်စိတ်၊ မိမိကိုယ်မိမိ အပြစ်မြင်စိတ်၊ မျှော်လင့်ချက်ကုန်ဆုံးစိတ်နဲ့ မနေချင်စိတ် စတဲ့ အတွေးဆိုးအတွေးမှားတွေ ဖြစ်ပေါ်လာပါတယ်။ ကလေးသူငယ်က အဲလိုအတွေးတွေကို ရေရေလည်လည် ပြောပြတတ်မှာမဟုတ်ဘူး။ “ကျွန်တော်လုပ်သမျှ အမှားချည်းပဲ”၊ “သူငယ်ချင်းတွေက အပေါင်းအသင်းမလုပ်ချင်ကြဘူးလို့သာ ဖော်ထုတ်ပြတတ်ကြတယ်။

အပြုအမူပြောင်းလဲခြင်း – ကလေးသူငယ် စိတ်ကျရောဂါရှိရင်၊ အရင်ကနဲ့မတူတဲ့ အပြုအမူတွေကို ပြုလုပ်လာတတ်တယ်။ တဇွတ်ထိုးပြုလုပ်တတ်ခြင်း။ ဂနာမငြိမ်တဲ့ အမူအရာပြခြင်း။ ကျောင်းတက်ဖို့ ငြင်းဆန်ခြင်း၊ လူကြီးမိဘနဲ့ ခွဲခွာနေရမှာကို အလွန်အမင်းကြောက်ရွံ ့ခြင်း၊ အထီးကျန်နေတတ်လာခြင်း စသဖြင့်ပါ။ မြီးကောင်ပေါက်အရွယ် ကလေးလူငယ်က အရက် ဒါမှမဟုတ် မူးယစ်ဆေးကို စတင်သုံးစွဲရင် စိတ်ကျရောဂါကြောင့်လားလို့ သံသယရှိသင့်ပါတယ်။

စာရေးသူက နိဂုံးချုပ်ရှင်းပြတယ်။

“အဲလိုလက္ခဏာတွေကို ကျောင်းမှာဖြစ်ဖြစ်၊ နေအိမ်မှာဖြစ်ဖြစ်၊ ပတ်ဝန်းကျင်အခြေအနေတိုင်းမှာ တွေ့ရှိရရင်၊ တစ်ခါတရံသာမဟုတ်ဘဲ နေ့စဉ်နေတိုင်းလိုလို တွေ့ရှိနေရရင်၊ အချိန်ကြာရှည်စွာ (ရက်သတ္တပတ် ၂ ပတ်ကျော်) တွေ့ရှိနေရရင်၊ အဲလိုလက္ခဏာတွေကြောင့် ကလေးသူငယ်ရဲ ့ ပညာရေး၊ ပေါင်းသင်းဆက်ဆံရေးနဲ့ ကျန်းမာရေးကို ထိခိုက်နစ်နာမှုရှိလာရင် စိတ်ကျရောဂါလို့ ယူဆနိုင်တယ်”

ကျောင်းဆရာမတစ်ယောက်ကမေးမြန်းပါတယ်။

“ကျွန်မအတန်းထဲက ကျောင်းသားတစ်ယောက် စိတ်ကျရောဂါရှိနေသလိုတွေ့ရှိရရင် ဘာလုပ်သင့်သလဲ”

“မိဘနဲ့ တိုင်ပင်သင့်ပါတယ်။ နေအိ်မ်မှာလည်းကျောင်းမှာတွေ့ရှိရသလို စိတ်ကျရောဂါလက္ခဏာတွေ ရှိ၊မရှိ လေ့ လာကြည့်ရမယ်။ လိုအပ်ရင် ဆေးစစ်ဖို့ ဝန်မလေးသင့်ဘူး။ ကလေးစိတ်ကျရောဂါ နုစမှာ၊ ရောဂါဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေကိုလျော့နည်းအောင် လုပ်ဆောင်နိုင်ရင် အကျိုးရှိပါတယ်”

“ကလေးစိတ်ကျရောဂါ ဖြစ်ပွားစေတဲ့ အကြောင်းရင်းတွေက ဘာများလဲဒေါက်တာ”

စာသင်ကျောင်းမှာ စာမလိုက်နိုင်တာ၊ ကျောင်းသားအချင်းချင်းအနိုင်ကျင့်ခံရတာ၊ သူငယ်ချင်းတွေက ပစ်ပယ်ဆက်ဆံခြင်းခံရတာ စတဲ့အတွေ့အကြုံရှိရင် ကလေးစိတ်ဓာတ်ကျစေပါတယ်။ မိသားစုထဲမှာ အကြမ်းဖက်မှုရှိတာ၊ မကြာခဏ အိမ်ထောင်ရေးပဋိပက္ခဖြစ်နေတာကို မြင်တွေ့နေရတာ၊ ညှင်းပန်းနှိပ်စက်မှု ခံနေရတာ . . စတဲ့ ဖိစီးမှုဒဏ်ကြောင့် စိတ်ကျရောဂါ ဖြစ်ပေါ်စေတယ်။

အိမ်သားတစ်ဦး ဒါမှမဟုတ် ခင်မင်ရင်းနှီးတဲ့ ဆွေမျိုးမိတ်ဆွေတစ်ဦးသေဆုံးမှုရှိရင် ကလေးက ပူဆွေးတမ်းတတဲ့ အပြုအမူတွေကိုမဖော်ပြဘဲ အတွင်းလှိုက်ပြီး စိတ်ကျရောဂါ ရရှိလာနိုင်ပါတယ်။ မသန်စွမ်းရောဂါနဲ့ နာတာရှည်ရောဂါရှိတဲ့ ကလေးတွေထဲမှာ စိတ်ကျရောဂါဖြစ်ပွားမှု ပိုမိုများပြားပါတယ်။ မိဘနဲ့ ဆွေမျိုးရင်းချာတွေထဲမှာ စိတ်ကျရောဂါရှိရင် ကလေးသူငယ်စိတ်ကျရောဂါ ဖြစ်ပွားနိုင်ခြေ များပြားလာနိုင်တယ်”

ကျောင်းအုပ်ဆရာမကြီးက ပါဝင်ဆွေးနွေးတယ်။

“ကျွန်မက ကျောင်းဆရာလည်းဖြစ်၊ မိခင်တစ်ယောက်လည်း ဖြစ်ပါတယ်။ စိတ်ဓာတ်ကျနေတဲ့ ကလေးကို ဘယ်လိုကိုင်တွယ် ဆက်ဆံသင့်သလဲ ဒေါက်တာ”

“စိတ်ကျရောဂါခံစားနေရတဲ့ ကလေးကို ကူညီပံ့ပိုးပေးနိုင်တဲ့ နည်းပရိယာယ်တွေ ရှိပါတယ်။ ကလေးပြောချင်တာကို ဖွင့်ဟပြောဆိုလာအောင် အခွင့်အရေးပေးရမယ်။ သီးသန့်အချိန်ပေးနိုင်ရင် ကောင်းတယ်။ ကလေးနဲ့အတူ တစ်ခုလှုပ်ရှား လုပ်ကိုင်နေတုန်း စကားစရင်း၊ ကလေးက သူရဲ ့ခံစားချက်ကို ဖွင့်ဟပြောဆိုဖို့ ပိုမိုလွယ်ကူပါတယ်။ ဥပမာ – အပန်းပြေလမ်းလျှောက်ထွက်နေရင်း စတင်မေးမြန်းတာ၊ အတူတကွ ဂိမ်းကစားတုန်း စကားစတာမျိုးပါ။ ကလေးရဲ ့ခံစားချက်နဲ့ အခက်အခဲကို သူပြောတတ်သလို ပြောခိုင်းပါ။ သူ့သဘောထားကို မေးပါ။ အခက်အခဲ ပြဿနာကို အတူတကွ အဖြေရှာပါ။” စိတ်ညစ်စရာတွေတွေးပြီး အချိန်ကုန်မနေစေနဲ့။ နေ့စဉ်လုပ်ကိုင်စရာ ကိစ္စကိုသာ အာရုံစိုက်ပြီး လုပ်ကိုင်ဆောင်ရွက်အောင် ကူညီအားပေးပါ။ ကလေးက ကလေးလိုဆော့ကစားအောင် တိုက်တွန်းပေးရမယ်။

အထီးကျန်စွာ နေတတ်လာတာကို အားမပေးနဲ့။ ခင်မင်တဲ့သူငယ်ချင်းတွေနဲ့ ပြန်လည်ဆက်သွယ် ပေါင်းသင်းလာအောင် အားပေးတိုက်တွန်းရမယ်။ သူအချစ်ဆုံးသူငယ်ချင်း တစ်ယောက်-နှစ်ယောက်ကို အိမ်လည်ဖိတ်ပြီး အစပျိုးပေးနိုင်တယ်။ အဲလိုနည်းပရိယာယ်တွေကို အသုံးပြုပြီး ကူညီအားပေးရင် ကလေးစိတ်ကျရောဂါက ပျောက်ကင်းလွယ်ပါတယ်။ ဒါပေမဲ့ ကိုင်တွယ်ရတာခက်ခဲလာရင်၊ အခြေအနေ ပိုမိုဆိုးရွားလာရင် ဆေးစစ်ဖို့ စီစဉ်သင့်ပါတယ်”

Most Popular

Healthy Life Ad
To Top