Healthy Life Ad
Health Tips

အသက်၂၅ နှစ်ကျော်လာချိန်မှာ

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

သင့်အသက် ၂၅ နှစ်ရှိနေပြီလား။ ဒီအချိန်ဟာ ခန္ဓာကိုယ်တွင်းစနစ်တွေအားလုံး အပြည့်အဝဖွံ့ဖြိုးပြီး အမြင့်မားဆုံး စွမ်းဆောင်နိုင်တဲ့ အချိန်ဖြစ်ပါတယ်။ ဒီအချိန်ဟာ သင်ရဲ ့ကျန်းမာရေးကို ကောင်း မွန်အောင်လုပ်ဖို့ အကောင်းဆုံးအချိန် ဖြစ်တာကြောင့် သင့်ကျန်းမာရေးနဲ့ သင့်အနာဂတ်ကို တည်ဆောက်ဖို့ အကောင်းဆုံးအချိန်လည်း ဖြစ်နေပါတယ်။

(၁) မျိုးဆက်ပွားစနစ်

အသက်၂၀ ဝန်းကျင်အရွယ်က မျိုး ဆက်ပွားဖို့အတွက် အဖွံ့ဖြိုးဆုံးအချိန်ပါ။ အမျိုးသမီးအများစုက သူတို့အစစအရာရာ အဆင်ပြေတဲ့အထိ ကလေးယူဖို့အရေးကို နှောင့်နှေးနေတတ်ပါတယ်။ ဒါကြောင့် အိမ်ထောင်ပြုထားတဲ့ စုံတွဲတွေက ပဋိသန္ဓေတားဆေးသောက်ဆေးကို မှီဝဲတတ်ပါတယ်။ အဲဒီဆေးသောက်နေရင် ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီ၁၂ ၊ ဗီတာမင်စီနဲ့ ဇင့်၊ မဂ္ဂနီဆီယမ်တို့လို သတ္တုဓာတ်တွေကို မှီဝဲဖို့ လိုပါတယ်။

ဗီတာမင် ဘီ-၆ ကလည်း ရာသီမလာခင် စိတ်ပိုင်းဆိုင်ရာ ဝေဒနာတချို ့ကို ခံစားရတတ်တဲ့ အမျိုးသမီးတွေအတွက် သင့်တော်ပါတယ်။ ရာသီလာစဉ် နာကျင်မှုနဲ့ ရင်သားတင်းတာတွေကို သက်သာစေဖို့အတွက် EPO(Evening Primose Oil)ကို မှီဝဲပေးနိုင်ပါတယ်။

(၂) မျိုးအောင်ခြင်း

မျိုးဆက်ပွားစနစ်ကျန်းမာရေး ကောင်းနေဖို့အတွက် စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ ခံစားမှုပိုင်းအားလုံး ကျန်းမာနေဖို့ လိုပါတယ်။ အဲဒီလိုကျန်းမာဖို့အတွက် အာဟာရအပေါ်လည်း မူတည်နေပါတယ်။ ကလေးယူမယ်လို့ ကြိုတင်စဉ်းစားထားချိန်မှာ အမျိုးသားရော အမျိုးသမီးကပါ ကျန်းမာကြံ့ခိုင်နေအောင် ကြိုးစားထားသင့်ပါတယ်။ စီးကရက်မီးခိုးမရှူမိအောင်၊ အယ်လ်ကိုဟောနဲ့ ကဖင်းဓာတ်ကို အလွန်အမင်း မသောက်ဖြစ်အောင် သတိထားရပါမယ်။ ကျန်းမာရေးကောင်းတဲ့ သုက်ကောင်ရဖို့ မျှတကောင်းမွန်တဲ့ အာဟာရစားပေးဖို့ လိုပါတယ်။ သွပ်(ဇင့်)ဓာတ်က မျိုးဆက်ပွားကျန်းမာရေးအတွက် အထူးသဖြင့် အမျိုးသားတွေမှာ အရေးပါတဲ့ သတ္တုဓာတ်တစ်မျိုး ဖြစ်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ဖောလစ်အက်စစ်နဲ့ အိုင်အိုဒင်းလို အရေးကြီးအာဟာရတွေ အလုံအလောက် မှီဝဲသင့်ပါတယ်။ စိတ်ဖိစီးမှု၊ အာဟာရချို့တဲ့မှု၊ ကော်ဖီနဲ့ အရက်ကို အလွန်အမင်းသောက်တာ၊ အဝလွန်တာနဲ့ ပိန်လွန်းတာတွေဟာလည်း ကလေးရဖို့ ခက်ခဲတတ်ပါတယ်။

(၃) စွမ်းအင်ထိန်းသိမ်းခြင်း

အာဟာရချို့တဲ့မှုကြောင့် စွမ်းအင်က လျော့နည်းသွားတတ်ပါတယ်။ ဗီတာမင်ဘီအုပ်စုဟာ စွမ်းအင်ရစေသလို သံဓာတ်ဟာလည်း ခန္ဓာကိုယ်တစ်သျှူးတွေ အောက်ဆီဂျင်ရရှိဖို့အတွက် အရေးပါပါတယ်။ လစဉ်ရာသီသွေးဆင်းနေတဲ့ အမျိုးသမီးတွေမှာ သံဓာတ်ချို့တဲ့နေတတ်ပါတယ်။ အိပ်ရေးပျက်တာကလည်း စွမ်းအင်ကျစေသလို အာရုံစူးစိုက်မှုကို လျော့ကျစေပါတယ်။ အိပ်ချိန်နည်းတာက စိတ်ဖိစီးမှုများစေတဲ့ အချက်တစ်ချက်ဖြစ်သလို စိတ်ဖိစီးမှုများတာကြောင့်လည်း အိပ်ရေးပျက်တတ်ပါတယ်။

(၄) စိတ်ဖိစီးမှု ထိန်းချုပ်ခြင်း

စိတ်ဖိစီးမှုက လူတိုင်းအပေါ် သက်ရောက်မှုရှိပေမယ့် တစ်ဦးနဲ့တစ်ဦး တုံ့ပြန်မှုချင်းတော့ မတူပါဘူး။ ဖိအားများတဲ့ အခြေအနေမှာ အာဟာရကို များများမှီဝဲပေးသင့်ပါတယ်။ အထူးသဖြင့် ဗီတာမင်ဘီအုပ်စုပါတဲ့ အစာတွေကို စားပေးရင် စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းထွက်တာကို လျော့ကျစေပါတယ်။ စိတ်ဖိစီးမှုကို မထိန်းချုပ်နိုင်ရင် ကြွက်သားတွေ ကိုက်ခဲနာကျင်တာ၊ စိတ်ကသိကအောက်ဖြစ်တာနဲ့ သွေးပေါင်တက်တာတွေကို ဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို အရက်နဲ့တော့ မဖြေ ရှင်းပါနဲ့။ လူအများစုက စိတ်ဖိစီးမှုကို အရက်နဲ့ဖြေရှင်းတတ်ပြီး ၃၅ ရာခိုင်နှုန်းက အရက်ကြောင့် အန္တရာယ်ဖြစ်တတ်ပါတယ်။

(၅) အရိုးများ

အရိုးသိပ်သည်းဆ အကောင်းဆုံးအရွယ်ဖြစ်တဲ့ အသက်၂၅ နှစ်မှာ နောင်ကာလတစ်လျှောက်လုံး သန်စွမ်းမှုရှိစေဖို့ ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးရပါမယ်။ ပြေးတာ၊ လမ်းလျှောက်တာ၊ ယောဂကျင့်တာ၊ ထိုက်ချိကစားတာလို လေ့ကျင့်ခန်းတွေက အရိုးပါးရောဂါဖြစ်နိုင်တဲ့ အန္တရာယ်ကို လျော့ကျစေပါတယ်။ အသက် ၂၅ နှစ်ကျော်ချိန်မှာ အမျိုးသမီးတွေအားလုံးကို ကယ်လ်စီယမ်နဲ့ ဗီတာမင် D3 မှီဝဲဖို့ ဆရာဝန်တွေက ညွှန်ကြားတတ်ပါတယ်။

(၆) အသားအရေ

အသက် ၂၀ အရွယ်မှာတော့ အသားအရေက သိသိသာသာ ထိခိုက်ပျက်စီးမှု မရှိသေးပါဘူး။ နေရောင်ခြည်ဒဏ်ကို အလွန်အမင်းခံရရင်တော့ (နေရောင်ကာခရင်မ်ကို မလိမ်းရင်၊ နေကာမျက်မှန်မတပ်ရင်) အသားအရေက အရွယ်မတိုင်ခင် ထိခိုက်ပျက်စီးမှု ဖြစ်နိုင်ပါတယ်။ အကောင်းဆုံးကာကွယ်မှုကတော့ နံနက် ၁၀ နာရီနဲ့ နေ့လယ်၂ နာရီအချိန်အတော့အတွင်းမှာ အပြင်မထွက်ဖို့ပဲ ဖြစ်ပါတယ်။ ဗီတာမင်အီးကလည်း နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အရေပြားနီမြန်းမှုကို လျော့ကျစေပါတယ်။ အင်တီအောက်ဆီးဒင့်တွေဖြစ်တဲ့ ကိုအင်ဇိုင်းကျူ ၁၀၊ ဗီတာမင် အေ၊ စီ၊ အီး၊ ဆီလီနီယမ်နဲ့ စပျစ်စေ့တွေဟာလည်း ခရမ်းလွန်ရောင်ခြည်နဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် အရေပြားထိခိုက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။

(၇) လေ့ကျင့်ခန်းလုပ်ခြင်း

အလုပ်များနေတာကြောင့် ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုးအောင် စနစ်တကျ လေ့ကျင့်ခန်းမလုပ်ဖြစ်ရင်တောင် လမ်းလျှောက်ပေးပါ။ ပုံမှန်လမ်းလျှောက်ပေးတာက ကိုယ်နဲ့စိတ်ကို ကျန်းမာစေပါတယ်။ ဒါ့အပြင် အရိုးသိပ်သည်းဆကို ကောင်းစေတာ၊ နှလုံးသွေးကြောစနစ် ကျန်းမာစေတာ၊ ကိုယ်အလေးချိန်ထိန်းနိုင်တာ၊ အိပ်ရေးဝဝအိပ်ပျော်တာနဲ့ ပူပင်သောကကို လျှော့ချနိုင်တာ စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

Most Popular

Healthy Life Ad
To Top