Healthy Life Ad
Q & A

အကြောပြတ်ရာထင်တဲ့အခါ သက်သာအောင် ဘယ်လိုလုပ်နိုင်မလဲ

—–၊ ပါမောက္ခဒေါက်တာမြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး) ၊—–

Q. ကိုယ်ဝန်ဆောင်ကလေးမွေးတာပဲဖြစ်ဖြစ်၊ ဝနေရာကနေ ဝိတ်လျှော့လိုက်တာပဲဖြစ်ဖြစ်၊ လေ့ကျင့်ခန်းအပြင်းအထန် လုပ်လို့ပဲဖြစ်ဖြစ် အကြောပြတ်ရာတွေ ထင်တတ်ပါတယ်။ အဲဒီလို အကြောပြတ်ရာထင်တဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်ရတာကြောင့် သက်သာလျော့ပါးအောင် ဘယ်လိုလုပ်သင့်ပါသလဲ။

A. အကြောပြတ်ရာက ဖုံးထားလို့ရတဲ့ အရေပြားနေရာတွေဆိုရင်တော့ လူတွေက သိပ်ဂရုမစိုက်တတ်ကြပါဘူး။ ဖုံးထားလို့မရတဲ့ အရေပြားနေရာဆိုရင်တော့ အထူးသဖြင့် ပခုံး၊ ပေါင်တွေဆိုရင် အကြောပြတ်တာကို စိတ်အနှောင့်အယှက်ဖြစ်လို့ လာပြလေ့ရှိကြပါတယ်။ အကြောပြတ်ရာဖြစ်ရတာက ဒီလိုကလေးမွေးတာ၊ ဝိတ်လျှော့တာ၊ လေ့ကျင့်ခန်းလုပ်တာတွေအပြင် တခြားအကြောင်းတွေလည်း ရှိပါသေးတယ်။ ဥပမာ-ယားနာပျောက်ဆေးတွေထဲမှာ စတီးရွိုက်ပါတဲ့ ဆေးတွေရှိပါတယ်။ အဲဒါတွေကို ပြည်သူလူထုက အမှတ်မှားပြီး ဆိုင်တွေမှာ သူတို့စိတ်ထဲ ဒါကပွေးဆေး၊ ဝဲဆေးဆိုပြီး လိမ်းကြတယ်။ တချို့ ဆိုရင် နှစ်နဲ့ချီပြီး အယားသက်သာရုံနဲ့ လိမ်းတာမျိုး ရှိကြတယ်။ ရပ်လိုက်ရင်ပိုဆိုးလာတော့ ဆက်တိုက်လိမ်းနေတာမျိုးရှိတယ်။

ဆရာမရဲ့ အတွေ့အကြုံအရ ပခုံး၊ ချိုင်းမှာ ယားနာဖြစ်လို့ ဆေးလိမ်းလိုက်တယ်။ ဆေးမှာ စတီးရွိုက်ပါတော့ ကြာလာတဲ့အခါ အကြောပြတ်ရာတွေ ဖြစ်လာတယ်။ အဲဒီလိုလူနာတွေ တွေ့ဖူးတယ်။ သူတို့က လူကြားထဲ သွားတဲ့အခါ ယုံကြည်မှုမရှိဘူးဆိုပြီး လာတတ်ကြပါတယ်။ အကြောပြတ်ရာထင်ရင် ပေါ့ပေါ့ဆဆ မနေသင့်ပါဘူး။ ဘာလို့လဲဆိုတော့ စောစောသိရင် စောစောကုသပျောက်ကင်းတဲ့ ကော်တီစောဟော်မုန်းများတဲ့ ရောဂါလိုမျိုး ဟော်မုန်းဆိုင်ရာတွေကြောင့်လည်း ဖြစ်တတ်တဲ့အတွက် ဆေးစစ်သင့်ပါတယ်။

အကြောပြတ်ရာဖြစ်စေတဲ့ အကြောင်းတွေ သိပြီဆိုရင် မဖြစ်အောင် ကာကွယ်တဲ့အနေနဲ့ နည်းလမ်းလေးတွေ ပြောချင်ပါတယ်။ အကြောပြတ်ရာရှိချိန်မှာ ကျုံ ့နိုင်ဆံ့နိုင်စွမ်း နည်းသွားတတ်ပါတယ်။ ဒါကြောင့် အကြောပြတ်ရာဖြစ်စေနိုင်တဲ့ အကြောင်းရှိရင် ဥပမာ-ကိုယ်ဝန်ဆောင်ပြီဆိုရင် အရေပြားကျုံ ့နိုင်ဆံ့နိုင်စွမ်းရှိအောင် အဆီလေးတွေ လိမ်းပေးသင့်ပါတယ်။ အထူးသဖြင့် အမြွှာကိုယ်ဝန်ဆောင်ရင် အရေပြားခရင်မ်၊ လိုးရှင်းလေးတွေ လိမ်းသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့သူ၊ အထူးသဖြင့် အလေးမတဲ့သူတွေမှာ အဆီလိမ်းသင့်ပါတယ်။ အကြောစပြတ်ရင် သတိထားရမယ်။ ကိုယ့်အရေပြားကို အမြဲစစ်ဆေးရပါမယ်။ ပျော့ပျောင်းနူးညံ့တဲ့ ဆပ်ပြာသုံးသင့်ပါတယ်။ လေ့ကျင့်ခန်းအနေနဲ့ အေရိုးဗစ်လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ ကိုယ်အလေးချိန် အတက်အကျမမြန်အောင် ထိန်းသင့်ပါတယ်။ အရွယ်ရောက်တာမြန်တဲ့ ကလေးတွေဆိုရင်လည်း အကြောပြတ်တတ်တဲ့အတွက် ဒီအချိန်မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေအစား အေရိုးဗစ်လေ့ကျင့်ခန်းကို အစားထိုးပြီး လုပ်သင့်တယ်လို့ အကြံပေးချင်ပါတယ်။

Most Popular

Healthy Life Ad
To Top