Healthy Life Ad
Health Tips

သည်းခြေကျောက်မဖြစ်အောင် ကာကွယ်ဖို့

———၊ မီမိုးမေ (ဆေးဝါးတက္ကသိုလ်) ၊———

သည်းခြေအိတ်ဆိုတာ အသည်းရဲ့အောက်ခြေမှာ တွယ်ကပ်နေတဲ့ သည်းခြေ(Bile)ကို ပုံမှန်ထိန်းသိမ်းပေးရတဲ့ အင်္ဂါအစိတ်အပိုင်းပါ။ သူ့ရဲ့ လုပ်ငန်းဆောင်တာက အစာချေဖို့လိုအပ်တဲ့အချိန်မှာ အူသိမ်ဦး (Duodenum)အတွင်း ညှစ်ထုတ်ပေးရပါတယ်။ အဲဒီသည်းခြေအိတ်မှာ ကျောက်တည်တာကို သည်းခြေအိတ်ကျောက်တည်တယ်လို့ ခေါ်ပါတယ်။ သည်းခြေအိတ်အတွင်းမှာ ကျောက်အမှုန်အမွှား ဖြစ်တာကနေ ကြီးမားတဲ့အရွယ်အစားအထိ ဖြစ်နိုင်ပါတယ်။ ဒါကို သည်းခြေကျောက်တည်တယ်လို့ ခေါ်ပါတယ်။

သည်းခြေကျောက်တည်တာက အသက် ၄၀ နဲ့ ၆၀ ကြားအရွယ်မှာ အဖြစ်များပါတယ်။ အသက်ကြီးချိန်မှာဖြစ်တတ်ပြီး အမျိုးသားရော အမျိုးသမီးပါ ဖြစ်တတ်ပေမယ့် အမျိုးသမီးတွေမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။ သည်းခြေကျောက်တည်တာက အသက် ၂၀ ကျော်အရွယ်မှာ ဖြစ်တတ်ပေမယ့် ရှားပါတယ်။ အသက် ၃၀ ကျော်လောက်မှာ စအဖြစ်များလာတာကို တွေ့ရပါတယ်။

သည်းခြေကျောက်တည်တဲ့အခါ ဖြစ်တတ်တဲ့ လက္ခဏာတွေကတော့ အစာစားပြီးတဲ့အခါ ဝမ်းဗိုက်အပေါ်ပိုင်း မအီမလည်ဖြစ်တာ၊ ရင်ခေါင်းမအီမလည်ဖြစ်တာ၊ ပန်ကရိယနေရာဖြစ်တဲ့ ဝမ်းဗိုက်ရဲ ့ညာဘက်အပေါ်ပိုင်း အောင့်တာတွေ ဖြစ်တတ်ပါတယ်။ အဆီအအိမ့်စာတွေစားပြီးရင် ပိုဖြစ်တတ်ပါတယ်။ များသောအားဖြင့် နာရီဝက်-တစ်နာရီလောက်နေရင် ပြန်ကောင်းသွားတတ်ပါတယ်။ ဒါက ရောဂါရဲ့ ပထမအဆင့်မှာ တွေ့ရတဲ့လက္ခဏာတွေပါ။

ဒါကြောင့် သည်းခြေကျောက်မဖြစ်စေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းတွေကို မျှဝေပေးလိုက်ပါတယ်။
ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်း ရှိအောင်ထိန်းပါ

အဝလွန်တာ၊ ကိုယ်အလေးချိန်များတာတွေက သည်းခြေကျောက်ဖြစ်နိုင်တဲ့ အချက်တစ်ခုပါ။ ဒါကြောင့် ကိုယ်အလေးချိန်ပေါင်အပိုကို လျှော့ချပေးသင့်ပါတယ်။ ဒါပေမဲ့ ကိုယ်အလေးချိန်ကို အမြန်လျှော့ချစရာ မလိုပါဘူး။ တစ်ပတ်မှာ တစ်ပေါင်-နှစ်ပေါင်လောက်ကျရင် အဆင်ပြေပါတယ်။

ပုံမှန်လေ့ကျင့်ခန်း လုပ်ဆောင်ပါ

ကိုယ်အလေးချိန်များနေလို့ လျှော့ချရာမှာ လုပ်သင့်တဲ့နည်းတစ်ခုက လေ့ကျင့်ခန်းလုပ်တာပါ။ လေ့ကျင့်ခန်းလုပ်တာက သွေးတွင်းကိုလက်စထရောအဆင့်ကိုလည်း လျော့ကျစေပါတယ်။

ကိုယ်စားသမျှ စောင့်ကြည့်ပါ

အမျှင်ဓာတ်ပါဝင်မှုများတဲ့ အစားအသောက်ကို စားပေးတာက သည်းခြေကျောက်ဖြစ်ပေါ်မှုကို ဟန့်တားပေးပါတယ်။ သစ်သီးဝလံ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်၊ ကောက်နှံတစ်ခုလုံးအစာ၊ အခွံမာအစေ့အဆန်တွေကို များများစားပေးပါ။ ပြည့်ဝဆီ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အဆီ (ဥပမာ-တိရစ္ဆာန်ထွက်ဆီ)တို့ကို တတ်နိုင်သမျှ ဆင်ခြင်ပါ။ ဖြစ်နိုင်ရင် သံလွင်ဆီလို ကျန်းမာရေးနဲ့ညီညွတ်တဲ့ဆီ စားပေးသင့်ပါတယ်။

Most Popular

Healthy Life Ad
To Top