Healthy Life Ad
Health Tips

ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ရုတ်တရက်အနံ့ပျောက်ခြင်းက အရေးကြီးသော အချက်တစ်ခုဖြစ်

———၊ ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်) ၊———

ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ရုတ်တရက်အနံ့ပျောက်ခြင်းက အရေးကြီးသော အချက်တစ်ခုဖြစ်ကြောင်း ဆေးတက္ကသိုလ်(၁) ရန်ကုန်၊ ဆေးပညာဌာန၊ ပါမောက္ခ၊ ဌာနမှူး ပါမောက္ခဒေါက်တာ ဇော်လင်းအောင်က အောက်တိုဘာလ ၁၃ ရက်နေ့ ကိုဗစ်အကြောင်းသိကောင်းစရာ အမေး-အဖြေအစီအစဉ်တွင် ပြောကြားခဲ့သည်။

“ပြည်သူလူထုကြားမှာ အနံ့ပျောက်လာရင် ကိုဗစ်ရောဂါဖြစ်နိုင်တယ်ဆိုတဲ့ အသိရှိလာကြတယ်။ အနံ့ပျောက်ခြင်းဆိုတာမှာ အရေးကြီးတဲ့အချက်ကတော့ လတ်တလော ရုတ်တရက် အနံ့ပျောက်ခြင်း ဖြစ်ပါတယ်။ ရေရှည်အနံ့ပျောက်သူတွေကို မဆိုလိုပါဘူး။ တချို့သောသူတွေက နှာခေါင်းရောဂါ၊ နှာခေါင်းပိုးဝင်ရောဂါတွေရှိတယ်၊ အဲဒီလိုရောဂါတွေရှိရင်တော့ အနံ့ရရှိမှုနည်းနေနိုင်ပါတယ်။ ဒါပေမဲ့ လူတစ်ယောက်က အရင်က အနံ့ကောင်းကောင်းရရှိပြီး လတ်တလော ရုတ်တရက်ပျောက်သွားရင်တော့ ဂရုစိုက်ရမယ့်အနေအထား ရှိပါတယ်”ဟု ပါမောက္ခ ဒေါက်တာဇော်လင်းအောင်က ပြောသည်။

အနံ့ပျောက်ခြင်း လက္ခဏာတစ်ခုတည်း ဖြစ်နိုင်သကဲ့သို့ အနံ့ပျောက်ခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ မောခြင်း စသည့် အခြားလက္ခဏာများနှင့် တွဲဖက်ဖြစ်နိုင်သည့်အတွက် ထို လက္ခဏာများဖြင့် ဆေးရုံလာပြသောအခါ ကိုဗစ်-၁၉ သံသယလူနာအဖြစ် စစ်ဆေးမှုများ ပြုလုပ်ကြရကြောင်း ၄င်းက ပြောသည်။

“ကိုဗစ်-၁၉ မှာ ဘယ်လောက်ရာခိုင်နှုန်းက အနံ့ပျောက်နိုင်သလဲဆိုရင် အမြဲတမ်းအပြောင်းအလဲရှိပါတယ်။ နိုင်ငံတကာ စစ်ဆေးမှုတွေအရ ပျမ်းမျှအားဖြင့် ၅၀ ရာခိုင်နှုန်းလောက်က အနံ့ပျောက်နိုင်တယ်လို့ ဆိုထားပါတယ်။ တချို့နေရာတွေမှာ ၃၀ ရာခိုင်နှုန်း၊ တချို့တွေမှာ ၇၀ ရာခိုင်နှုန်းလို့ ဆိုကြပါတယ်။ အကြမ်းအားဖြင့် ၅၀ ရာခိုင်နှုန်းလို့ ဆိုလို့ရပါ တယ်။ ရုတ်တရက် အနံ့ပျောက်တဲ့အခါ ကိုဗစ်ဖြစ်နိုင်ခြေ ရှိသလားဆိုပြီး နီးစပ်ရာ ဆေးရုံ/ဆေးခန်းကို လာပြလို့ရပါတယ်။ ဆေးရုံ/ဆေးခန်းရောက်လာတဲ့အခါ စစ်ဆေးမှုတွေ ပြုပါတယ်။ မကြာသေးခင်က ရရှိတဲ့ အမြန်စစ်ဆေးနည်း Rapid Antigen Test နဲ့ စစ်တဲ့အခါ ကန့်သတ်ချက်လေးတွေရှိပါတယ်။ ရောဂါစတင်မပေါ်ခင် ၂ ရက်ကနေပြီး ရောဂါပေါ်တဲ့နေ့ကနေ ၆ ရက်ဆိုတော့ အဲဒီရှစ်ရက်အတွင်းမှာပဲ ဒီအမြန်စစ်ဆေးနည်းက မှီတယ်။ မဟုတ်ရင် တချို့ အနံ့ပျောက်နေသူတွေက ရှစ်ရက်အတွင်း မဟုတ်ရင် Negative ပြနိုင်ပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် Rapid Antigen Test နဲ့ စစ်တဲ့အခါ ကန့်သတ်ချက်လေးတွေရှိနိုင်တယ်ဆိုတာ သိထားဖို့လိုပါတယ်။ အနံ့ပျောက်တဲ့သူတချို့က အိမ်မှာနေကြတယ်။ အဲလိုနေရင်းနဲ့ ၁၁ ရက်ရှိသွားတဲ့အခါ ကိုယ့်ရောဂါပိုးက သူများကို မကူးစက်နိုင်တော့တဲ့အတွက် အိမ်မှာဆက်နေလည်း ရပါတယ်။ တချို ့နိုင်ငံကြီးတွေမှာ ရောဂါလက္ခဏာ မဆိုးရွားတဲ့သူတွေကို အိမ်မှာသီးသန့်နေခိုင်းတယ်၊ အိမ်ရဲ့ အနေအထားတော့ လိုပါတယ်။ အိမ်မှာ သီးသန့်ခန်းရှိရမယ်၊ မိသားစုဝင်အချင်းချင်း ခွာနေရမယ်၊ လိုအပ်ရင် နှာခေါင်းစည်းတပ်ရမယ်၊ လက်မကြာခဏ ဆေးရမယ်ဆိုတဲ့ ဒီအချက်တွေကို လိုက်နာရင်း ကျော်ဖြတ်လို့ရပါတယ်။ အနံ့ပျောက်တဲ့သူတွေအနေနဲ့ သီးသန့်ဆေးမရှိပါဘူး။ ၂ ပတ်-၃ ပတ်လောက်အကြာမှာ အနံ့ပြန်ရတတ်ပါတယ်။ ဆေးရုံတွေမှာဆိုရင် ရက်ပိုင်း-၁၀ ရက်လောက်နဲ့ အနံ့ပြန်ရတာ အများကြီးပါ။ စောစောကပြောတဲ့ လိုက်နာသင့်တာတွေ လိုက်နာမယ်၊ အိပ်ရေးဝအောင်အိပ်မယ်၊ အစားကောင်းကောင်းစားမယ်၊ တချို့ဗီတာမင်လေးတွေ စားမယ်ဆိုရင် စိုးရိမ်စရာမလိုဘူးလို့ ပြောချင်ပါတယ်”ဟု ပါမောက္ခ ဒေါက်တာဇော်လင်းအောင်က ပြောသည်။

လက်ရှိမြန်မာနိုင်ငံတွင် အောက်တိုဘာ ၁၄ ရက် ည(၈)နာရီအထိ ကိုဗစ်-၁၉ ဖြစ်ပွားသူ စုစုပေါင်း ၃၁၃၂၅ ဦး၊ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၁၃၈၆၆ ဦးနှင့် သေဆုံးသူစုစုပေါင်း ၇၃၂ ဦးတို့ရှိကြကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

Most Popular

Healthy Life Ad
To Top