Healthy Life Ad
Health Tips

ခြေကျင်းဝတ်ကျိုးခြင်းအကြောင်း သိကောင်းစရာ

———၊ ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်) ၊———

ခြေချင်းဝတ်ကျိုးတာဟာ အဖြစ်များပါတယ်။ ခြေထောက်တစ်ဖက်စီမှာ အရိုးနှစ်ဒါဇင်ကျော်ရှိပြီး ခြေချင်းဝတ်အဆစ်တွေမှာ အရိုးသုံးချောင်းရှိပါတယ်။ သင့်အနေနဲ့ လမ်းလျှောက်လိုက်တဲ့အခါတိုင်း၊ ဘတ်စ်ကားပေါ် ပြေးတက်လိုက်တဲ့အခါတိုင်းနဲ့ လေ့ကျင့်ခန်းလုပ်တဲ့အခါတိုင်းမှာ ဒီအရိုးတွေပေါ်ကို ဖိအားသက်ရောက်စေပါတယ်။ ခြေချင်းဝတ်ကျိုးခြင်းရဲ ့ပြင်းထန်မှုက အခြေအနေအမျိုးမျိုးရှိပါတယ်။ ကုသမှုဟာလည်း အရိုးကျိုးတဲ့ ပြင်းထန်မှုနဲ့ ကျိုးတဲ့နေရာပေါ်မူတည်ပြီး ပြောင်းလဲနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခြေချင်းဝတ်ကျိုးပြီဆိုရင် အနာကျက်ပြီး ပုံမှန်အနေအထားမျိုး ပြန်ရအောင် ဆေးကုသဖို့ လိုအပ်ပါတယ်။

ခြေချင်းဝတ်ကျိုးသော လက္ခဏာများ

• ခြေချင်းဝတ်ကျိုးနေရင် အောက်ပါလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

• ရုတ်တရက်ဆိုသလို စူးရှတဲ့ နာကျင်ကိုက်ခဲမှုကို ခံစားရခြင်း၊

• လှုပ်ရှားလိုက်တိုင်း နာကျင်မှုကို ခံစားရကာ အနားယူလိုက်တိုင်း နာကျင်မှု လျော့ပါးသွားခြင်း၊

• ခြေချင်းဝတ်ရောင်ရမ်းနေခြင်း၊

• ခြေချင်းဝတ်မှာ ပွန်းပဲ့ဒဏ်ရာရခြင်း၊

• ခြေချင်းဝတ် တင်းနေခြင်း၊

• ပုံပျက်နေခြင်း၊

• လမ်းမလျှောက်နိုင်ခြင်း ဒါမှမဟုတ် ကိုယ်အလေးချိန်ကို ထိန်းမထားနိုင်ခြင်း၊

• အရိုးကျိုးခြင်းကြောင့် ပေါက်ပြဲနေခြင်း၊ အနာတွေဖြစ်နေခြင်းနဲ့ အရိုးငေါထွက်နေခြင်း။

• တချို့လူတွေဟာ ထိခိုက်ဒဏ်ရာရတဲ့အချိန်မှာ ဂျွတ်ခနဲအသံမြည်သံကို ကြားလိုက်ရတာကြောင့် အရိုးအက်သွားတယ်လို့ ထင်တတ်ကြပါတယ်။ အဲဒီလို မြည်သံကြားတိုင်း အရိုးကျိုးတဲ့ လက္ခဏာလို့တော့ အမြဲတမ်း မဆိုနိုင်ပါ။

အရိုးကျိုးစေနိုင်သည့် အကြောင်းရင်းများ

ကားမတော်တဆတိုက်မှု – ကားမတော်တဆ ထိခိုက်မှုတွေကြောင့် အဖြစ်များတဲ့ ခြေချင်းဝတ်ကျိုးခြင်း အများစုဟာ ခွဲစိတ်ကုသမှုခံယူဖို လိုအပ်လေ့ရှိပါတယ်။

လဲကျခြင်း – ချော်ကျခြင်းနဲ့ လဲကျခြင်းတွေကြောင့်လည်း ခြေချင်းဝတ်နဲ့ ခြေထောက်မှာရှိတဲ့ အရိုးတွေကို ကျိုးစေနိုင်ပါတယ်။ အမြင့်တစ်နေရာကနေ အောက်ကိုခုန်ချတာကြောင့်လည်း ခြေချင်းဝတ်နဲ့ ခြေထောက်ကျိုးတတ်ပါတယ်။

လေးလံသော ပစ္စည်းပိမိခြင်း – ခြေထောက်ပေါ်ကို လေးလံလွန်းတဲ့ ပစ္စည်းတစ်ခုခု ပိမိတာကြောင့်လည်း ခြေချင်းဝတ်အရိုးအက်ခြင်း ဖြစ်နိုင်ပါတယ်။

ခြေချင်းဝတ်ညပ်ခြင်း – တံခါး၊ ဗီရို စတဲ့ ပရိဘောဂတွေနဲ့ ညပ်တာကြောင့် ခြေချင်းဝတ်ကော ခြေချောင်းလေးတွေပါ ကျိုးနိုင်ပါတယ်။

အသုံးလွန်ခြင်း – ကိုယ်အလေးချိန်များကာ အဝလွန်နေသူတွေမှာ ဖိအားကြောင့် ခြေချင်းဝတ်အရိုးအက်တာ ဒါမှမဟုတ် ခြေထောက်ရိုးကျိုးတာတွေကို ဖြစ်စေနိုင်ပါတယ်။ တာဝေးပြေးတာလို ခြေထောက်ကို အသုံးလွန်သူတွေမှာလည်း ခြေချင်းဝတ်အက်တာမျိုး ဖြစ်နိုင်သလို အရိုးပါးရောဂါရှိနေသူတွေမှာလည်း ခြေချင်းဝတ်ကျိုးတတ်ပါတယ်။

ခြေချင်းဝတ်ကျိုးနိုင်ခြေ များသူများ

ကိုယ်အလေးချိန် ပုံမှန်ထက်များသူ- ပုံမှန်ထက်ပိုပြီး ကိုယ်အလေးချိန်ကို သယ်ထားရတာကြောင့် ခြေချင်းဝတ်အပေါ် ဒဏ်သက်ရောက်မှုနဲ့ ခြေထောက်အရိုးတွေအပေါ် ဖိအားများစေပါတယ်။

ထိခိုက်စေသော အားကစားအမျိုးအစား ပြုလုပ်သူ- ဘောလုံးကန်ခြင်း၊ ဟော်ကီကစားခြင်း၊ Gym မှာ ကိရိယာနဲ့ ပြင်းပြင်းထန်ထန်ကစားခြင်း၊ တင်းနစ်ကစားခြင်း စတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်သူတွေအနေနဲ့ ခြေထောက်နဲ့ ခြေချင်းဝတ်ကို ထိခိုက်နိုင်ခြေ များပါတယ်။

အားကစားအသုံးအဆောင်များကို ဂရုမစိုက်သူ – စုတ်ပြတ်လွန်းတဲ့၊ မာကြောလွန်းတဲ့ ရှူးဖိနပ်စီးတာလို မသင့်တော်တဲ့ အားကစားပစ္စည်းတွေကို အသုံးပြုပါက အရိုးအက်ခြင်းနဲ့ လဲကျခြင်းတို့ ဖြစ်နိုင်ခြေများပါတယ်။ သွေးပူလေ့ကျင့်ခန်းမလုပ်ဘဲ လေ့ကျင့်ခန်းလုပ်ရင်လည်း ခြေချင်းဝတ်နဲ့ ခြေထောက်ကို အက်စေနိုင်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်သူ – ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ လုပ်တာဟာ အမြင့်ကနေ ပြုတ်ကျနိုင်ခြေများခြင်းနဲ့ ခြေထောက်ပေါ်ကို ပစ္စည်းတစ်ခုခု ပြုတ်ကျနိုင်ခြေများခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

မှောင်ပြီးရှုပ်ပွေသော အိမ်တွင်နေသူ – မှောင်ပြီးရှုပ်ပွတဲ့ အိမ်ထဲမှာနေတဲ့သူတွေဟာ တိုးတိုက်မိရာက ခြေချင်းဝတ်ကျိုးနိုင်ခြေ များပါတယ်။

နောက်ဆက်တွဲဖြစ်တတ်သော ကျန်းမာရေးပြဿနာများ

ခြေချင်းဝတ်ကျိုးခြင်းကြောင့် ဖြစ်တတ်တဲ့ နောက်ဆက်တွဲပြဿနာတွေက အဖြစ်မများပါဘူး။ ရှားရှားပါးပါးဖြစ်လေ့ရှိတဲ့ ပြဿနာတွေကတော့-

အရိုးအဆစ်ရောင်ရမ်းခြင်း – ခြေချင်းဝတ်ဟာ ကျိုးပြီး အချိန်ကြာမှ စတင်နာကျင်လာရင် ဆရာဝန်နဲ့ ပြသင့်ပါတယ်။

အရိုးတွင်း ကူးစက်ပိုးဝင်ခြင်း – အရိုးပေါက်ပြဲပြီး ကျိုးတာဆိုရင် ဘက်တီးရီးယားပိုးတွေနဲ့ ထိတွေ့ပြီး ကူးစက်ပိုးဝင်နိုင်ခြေ များပါတယ်။

နာဗ့်ကြော သို့မဟုတ် သွေးကြောထိခိုက်ခြင်း – ခြေချင်းဝတ် ထိခိုက်ဒဏ်ရာရတာဟာ ကပ်ရပ်မှာရှိတဲ့ နာ့ဗ်ကြောနဲ့ သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်။ သင့်အနေနဲ့ ခြေချင်းဝတ်ထုံနေရင်၊ သွေးမရောက်သလို ခံစားရရင် ဆရာဝန်နဲ့ ချက်ချင်းပြသင့်ပါတယ်။

စစ်ဆေးမှုနှင့် ရောဂါရှာဖွေနည်းများ

ခြေချင်းဝတ်ကျိုးတာ ဟုတ်၊ မဟုတ် သိနိုင်အောင် သင့်ဆရာဝန်က အောက်ပါနည်းလမ်း တစ်မျိုးမဟုတ်တစ်မျိုးသုံးပြီး ရောဂါရှာဖွေပါလိမ့်မယ်။

(၁) ဓာတ်မှန်ရိုက်ခြင်း

(၂) အရိုးစကင်ဖတ်ခြင်း

(၃) ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း

ကုသမှု

ခြေချင်းဝတ်ဟာ နာကျင်နေရင် ပါရာစီတမော၊ အိုင်ဗျူပရိုဖန်စတဲ့ အကိုက်အခဲပျောက်ဆေးတွေကို ဆရာဝန်က ပေးပါလိမ့်မယ်။ ခြေချင်းဝတ်ကျိုးတဲ့ ပြင်းထန်မှုအတိုင်းအတာပေါ် မူတည်ပြီး ကျပ်စည်းခြင်း၊ ခွဲစိတ်ကုသခြင်း၊ မလှုပ်ရှားဘဲ ငြိမ်ငြိမ်လေးနေခိုင်းခြင်း စတဲ့ နည်းလမ်းတွေနဲ့ ကုသမှုပေးပါလိမ့်မယ်။

ခြေချင်းဝတ်ကျိုးခြင်း မဖြစ်စေရန်

ခြေချင်းဝတ်မကျိုးအောင် လိုက်နာသင့်တဲ့ နည်းလမ်းတွေဟာ ခြေထောက်မကျိုးအောင်ပါ ကာကွယ်ပေးပါလိမ့်မယ်။

သင့်တော်သော ရှူးဖိနပ်ကို စီးပါ

ကိုယ့်လှုပ်ရှားမှု အတိုင်းအတာပေါ်မူတည်ပြီး အားကစားဖိနပ်၊ ရှူးဖိနပ်စီးခြင်း စတဲ့ ဖိနပ်တွေကိုစီးတာက ခြေချင်းဝတ် မတော်တဆဖြစ်မှုကို ကာကွယ်ပေးပါတယ်။

ဖြေးဖြေးနဲ့ ပုံမှန်စပါ

အားကစားအစီအစဉ်တွေကို စတင်ပြုလုပ်ရာမှာ ဖြေးဖြေးချည်းသာ စပေးပါ။

အရိုးသန်စွမ်းအောင် စားသောက်နေထိုင်ပါ

နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ စတဲ့ နို့နဲ့ နို့ထွက်ပစ္စည်းတွေလို ကယ်လ်စီယမ်ပါဝင်မှုများတဲ့ အစားသောက်တွေဟာ အရိုးကို သန်စွမ်းစေပါတယ်။

ညဘက်မှာ မီးရောင်ထွန်းထားပါ

ညဘက်မီးမှိန်တာကြောင့် မတော်တဆထိခိုက်မှုဖြစ်ရာကနေ ခြေချင်းဝတ် ထိခိုက်ဒဏ်ရာရနိုင်ခြေ များပါတယ်။

Most Popular

Healthy Life Ad
To Top