Healthy Life Ad
Health Tips

မျက်လုံးထဲ သဲဝင်သလို စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း

———၊ စူး (ဆေးဝါးတက္ကသိုလ်) ၊———

သင့်မျက်လုံးက သဲဝင်သလိုမျိုး အလွန်အမင်းခြောက်သွေ့ပြီး စပ်ဖျဉ်းဖျဉ်းဖြစ်နေပါသလား။ မျက်လုံးက ချောမွေ့အောင် မျက်ရည်ထုတ်ပေးနေပေမယ့် တစ်ခါတလေမှာ မျက်ရည်မထွက်နိုင်လောက်အောင် ခြောက်သွေ့ပြီး ပွန်းတိုက်သလို စပ်ဖျဉ်းဖျဉ်းခံစားနေရတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်စေတဲ့ အခြေအနေတွေကတော့-

ဖုန်မှုန့် ဒါမှမဟုတ် ညစ်ညမ်းတဲ့ လေထုနဲ့ထိတွေ့ခြင်း၊

လေတိုက်ခံရနှုန်း မြင့်မားခြင်း၊

ရေကူးကန် ဒါမှမဟုတ် ဆားရေထဲမှာ ရေကူးခြင်း၊

ကွန်ပျုူတာ ဒါမှမဟုတ် စမတ်ဖုန်း အသုံးများလွန်းခြင်း၊

မျက်ကပ်မှန်တပ်ချိန် ကြာလွန်းခြင်း၊

ဟော်မုန်း မမျှတခြင်း၊

တချို့ဆေးဝါးတွေကို မှီဝဲခြင်းတို့ ဖြစ်ပါတယ်။

မျက်လုံးထဲ သဲဝင်သလို စပ်ဖျဉ်းဖျဉ်းဖြစ်နေရင် မျက်စိက အလွန်အကျွံ ခြောက်သွေ့တာမျိုး ဖြစ်စေနိုင်ပါတယ်။

သဘာဝဆေး (၁) မျက်စိကို ရေသန့်ဖြင့်ဆေးခြင်း

မျက်စိကို ရေသန့်သန့်နဲ့ အားရပါးရ ဆေးလိုက်ပါ။ ပြီးရင် မျက်ဝန်းကို ခဏတာပိတ်ပြီး အနားပေးလိုက်ပါ။ ဒါဆိုရင် မျက်ဝန်းကျိန်းစပ်စပ်ဖြစ်တာ သက်သာသွားပါလိမ့်မယ်။

သဘာဝဆေး (၂) သခွားသီးစိတ်ကပ်ခြင်း

သခွားသီးစိတ်ပါးပါးလှီးပြီး မျက်ဝန်းပေါ်ကပ်ပေးပါ။ သခွားသီးစိတ်ကို ရေခဲသေတ္တာထဲထည့်ပြီး အအေးခံထားလိုက်ရင် မျက်ဝန်းပေါ်ကပ်တဲ့အခါ ပိုပြီး အနားရတဲ့ ခံစားချက်ဖြစ်စေပါတယ်။

သဘာဝဆေး (၃) ရှားစောင်းလက်ပပ်အနှစ်ကပ်ခြင်း

ရှားစောင်းလက်ပပ်အနှစ်ကို မျက်ဝန်းပေါ်ကပ်လိုက်တဲ့အခါ မျက်စိက အလွန်အမင်း ခြောက်သွေ့ကျိန်းစပ်တာကို သက်သာစေပါတယ်။ မိနစ် ၂၀ ကြာတဲ့အခါ ရေနဲ့ဆေးချလိုက်ပါ။

သဘာဝဆေး (၄) လက်ဖက်အိတ်ကပ်ခြင်း

လက်ဖက်အိတ်ကို ရေနွေးပူပူထဲ ထည့်သောက်ပြီးချိန်မှာ လွှင့်မပစ်ဘဲ ရေခဲသေတ္တာထဲ ထည့်ထားပါ။ အေးတဲ့အခါ မျက်ဝန်းတွေပေါ် ကပ်ပေးပါ။ မျက်ဝန်းကျိန်းစပ်နာကျင်မှုကို သက်သာစေပါတယ်။

Most Popular

Healthy Life Ad
To Top